“ ပြည်သူများ ယုံကြည်ကိုးစားအားထားပြီး ဖြောင့်မတ်မှန်ကန် မျှတသည့် တရားစီရင်ရေး ဖြစ်ထွးန်စေရန် တရားသူကြီး၊ အမှုသည်နှင့် သက်သေများ ကျမ်းသစ္စာကျိန်ဆိုရေး ” အဆို တင်သွင်းခြင်း

ဦးဝင်းမြင့်(ပုသိမ်မဲဆန္ဒနယ်)။           ။ လေးစားအပ်တဲ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော် ကိုယ်စားလှယ်များအားလုံး၊ ကြွရောက်လာတဲ့ လူကြီးမင်းများအားလုံး မင်္ဂလာပါလို့ ဦးစွာပထမ နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ဧရာဝတီတိုင်းဒေသကြီးပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်

ကိုယ်စားလှယ် ဦးဝင်းမြင့်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြည်သူများ ယုံကြည် ကိုးစားအားထားပြီး ဖြောင့်မတ်မှန်ကန်မျှတတဲ့ တရားစီရင်ရေးဖြစ်ထွန်းစေရန် တရားသူကြီး အမှုသည်များနဲ့ သက်သေများ ကျမ်းသစ္စာကျိန်ဆိုရေးအဆိုကို တင်သွင်းသွားမှာဖြစ်ပါတယ်။ လေးစားအပ်တဲ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ။ တရားစီရင်ရေးကို ထုံးမှန်နည်းကျ အထောက်အကူ ဖြစ်စေရန် တရားရုံးများလက်စွဲဆိုတာ ပြဋ္ဌာန်းထားပါတယ်။ ယင်းတရားရုံးများလက်စွဲမှာ လမ်းညွှန်ချက်များကို တရားရုံးအသီးသီးက ကောင်းစွာလိုက်နာကျင့်သုံးကြရပါတယ်။ ယင်းတရား ရုံးများရဲ့ လက်စွဲ အပိုဒ် ၇၅ မှာ ကျမ်းသစ္စာအက်ဥပဒေပုဒ်မ ၇ အရ ကျမ်းသစ္စာကျိမ်ဆိုရန်နှင့် ကတိသစ္စာ ဆိုရန်များ ကို ပြဋ္ဌာန်းထားပါတယ်။ ခရစ်ယာန်ဘာသာဝန်၊ ဖာရစီဘာသာဝင်၊ ဗုဒ္ဓဘာသာနှင့် တရုတ်လူမျိုး သက်သေများအတွက် စကားပြန်များအတွက် ဂျူရီလူကြီးများအတွက် ကျမ်းသစ္စာကိုကိုင်၍ ကျိမ်ဆိုခြင်း၊ ကျမ်းသစ္စာ ကို ကျိမ်ဆိုရန်သဘောမတူသော မည်သည့်ဘာသာ ဝင်မဆိုဖြစ်တဲ့  သက်သေများအတွက် စကားပြန်များ အတွက် ဂျူရီလူကြီးများအတွက် ကတိသစ္စာ ဆိုခြင်းတို့ကို လမ်းညွှန်မှုပြုထားပါတယ်။ ကျိန်ဆိုမြဲကျမ်းသစ္စာတွင် ပါရှိတဲ့ အနှစ်သာရအကျဉ်းချုပ်ကို တင်ပြရပါလျှင် မဟုတ်မမှန် ထွက်ဆိုပါက သာသနာတော်စောင့် နတ်၊ လောကပါလနတ်၊ ပြည်စောင့်နတ်၊ မြို့စောင့်နတ်၊ ရွာစောင့်နတ် တို့ရဲ့ ဘေးသင့်ပြီးသေစေခြင်း၊ ရေဝယ် သွားလည်း ရေနေအပေါင်း မိချောင်း လင်းပိုင်တို့ရဲ့ ဘေးသင့်ပြီးသေစေခြင်း၊ ကြည်းဝယ်သွားလည်း သစ်ကြား ဆင်ရဲ၊ မြွေပွေး၊ မြွေဟောက်တို့ရဲ့ ဘေးသင့်ပြီးသေစေခြင်း၊ သွေးခဲ၊ သွေးနက် ပွက်ပွက်ထွက်၍ သေစေခြင်း၊ သား‌ွမေးဥစ္စာကုန်အောင်မကြွင်း ပျက်စီးခြင်း၊ သေတုံငြားလည်း ငရဲကြီးရှစ်ထပ် အပယ်လေးပါးလားစေခြင်း၊ ဟုတ်မှတ်စွာထွက်ဆိုပါက နတ်ကောင်းနတ်မြတ် နတ်အပေါင်းတို့က ကောင်းသော ကြည့်ခြင်းဖြင့်ကြည့်မြင်ကြလျှက် စောင့်ရှောက်တော်မူကြပြီး ကာယသုခ၊ စိတ္တသုခ၊ ချမ်းသာဖြစ်စေသတည်း။ ကြမ္မာအပေါင်း၊ ဘေးအပေါင်း၊ ပြစ်ရန်ဟူသမျှ ရောဂါအနာမျိုးတို့သည် မထိမရောက်မကပ်မညိ ချမ်းသာသည့်ပြီးပြည့်စုံသတည်း။ သားမြေးဥစ္စာ ရတနာမျိုးတိုးတက် ချမ်းသာ မင်္ဂလာအပေါင်း ကောင်းမြတ်သော ကျက်သရေ၊ တက်နေအဆင်း ဆန်းလမြင့်သို့ ဖြစ်စေ သတည်း။ ထိုမှတပါး သေတုံသော်လည်း အပယ်လေးပါး ကပ်သုံးပါး ရပ်ပြစ်ရှစ်ပါး ရန်သူမျိုး ငါးပါး တို့ မလားမကပ် မရောက်သည်ဖြစ်၍ လူ့ပြည်နတ်ရွာ နိဗ္ဗာန်ချမ်းသာကြီး သုံးပါးကို ရစေ သတည်းဆိုပြီး ပါရှိပါတယ်။ ဒါဟာ မှန်ကန်စွာထွက်ဆိုပါက ရရှိမည့်အကျိုးနဲ့ မမှန်မကန် ထွက်ဆိုပါက ရရှိမယ်‌့အဆိုးများ ဖြစ်ပါတယ်။ တရားစီရင်ရေး တော်သင့်မှန်ကန်စေဖို့ ရည်ရွယ် ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် တရားရုံးများလက်စွဲမှာ ပါရှိတဲ့ ဟိန္ဒူဘာသာဝင်၊ မဟာမေဒင်ဘာသာဝင်နှင့် ကျမ်းသစ္စာကျိန်ဆိုရန် သဘောမတူတဲ့ မည်သည့်ဘာသာဝင်မဆိုများ နှင့် ပတ်သတ်ပြီး သက်သေများအတွက်  စကားပြန်များအတွက် ဂျူရီလူကြီးများအတွက် ကတိ သစ္စာဆိုခြင်းတို့ကိုလည်း လမ်းညွှန်ထားရှိပါတယ်။

          ကျမ်းသစ္စာကျိန်ဆိုရန် သဘောမတူတဲ့ မည်သည့်ဘာသာဝင်မဆိုလို့ ပါရှိတဲ့အတွက် ဒီအခွင့်အရေးကိုယူပြီး အမှုသည်များ၊ သက်သေများ၊ အထူးသဖြင့် အစိုးရဝန်ထမ်းများနဲ့ ရဲအရာရှိ သက်သေများဟာ ကျမ်းကျိန်ဆိုခြင်းမရှိပဲ ကတိသစ္စာကိုပဲ ပြုကြတာ တွေ့ရပါတယ်။ ကတိသစ္စာ ပြုချက်ဟာ မှန်ကန်တဲ့ ထွက်ဆိုချက်ရဖို့ အမှုမှန်ပေါ်ပေါက်ဖို့ အလွန်ပဲ အားနည်းလှပါတယ်။ တရားဥပဒေစိုးမိုးရေးအတွက် ပိုဆိုးတာက အမှုတစ်ခုကို အဆုံးအဖြတ်ပြုမယ့် တရားသူကြီးများ ဟာ တရားခွင်မှာ တရားစီရင်တဲ့အခါ ကျမ်းသစ္စာကျိန်ဆိုခြင်းလည်း မရှိ၊ ကတိသစ္စာပြုခြင်းလည်း မရှိကြတာပဲ ဖြစ်ပါတယ်။ ဒါဟာမှန်ကန်မျှတတဲ့ တရားစီရင်ရေးဖြစ်ဖို့ အထိန်းအကွပ် မရှိသလို ဖြစ်နေပါတယ်။ တရားခွင်တက်တိုင်း၊ အမှုစစ်ဆေးတိုင်း ကျမ်းသစ္စာကျိန်ဆိုရန် မလိုအပ် သော်လည်း အမှုသစ်တစ်ခု စတင်စစ်ဆေးတဲ့အချိန်မှာ ကျမ်းသစ္စာကျိန်ဆိုရန် လိုအပ်ပါတယ်။ ဒီလို ကျိန်ဆိုနိုင်ရန် တရားရုံးများလက်စွဲတွင်လည်း ထပ်မံဖြည့်သွင်းပေးဖို့လိုအပ်ပါတယ်။ အမှုသည် များ၊ သက်သေများ၊စကားပြန်များက ကျမ်းကျိန်ဆိုကြရပြီး တရားသူကြီးများ အစိုးရ ဝန်ထမ်းများနဲ့ ရဲအရာရှိသက်သေများက ကျမ်းကျိန်ဆိုခြင်းမရှိကြတဲ့ အခါကျတော့ တရားစီရင်ရေး မဏ္ဍိုင် ယိမ်းယိုင်နေရတာ ဒီပုဂ္ဂိုလ်ကြောင့်လို့ ပြည်သူများက စွပ်စွဲပြစ်တင်မှုလည်း ခံရသလို ယုံကြည်မှု ကင်းမဲ့မှုများကိုလည်း ကြားနေရပါတယ်။ အမှုတစ်ခုကို ဥပဒေပြဌာန်းချက် များနှင့်အညီ ဟုတ်တိုင်းမှန်စွာ ဆုံးဖြတ်နိုင်ဖို့ ပြည်သူများယုံကြည်မှု ရရှိစေဖို့ တရားသူကြီးများ အနေနဲ့လည်း ခုနကပြောသလို ကျမ်းသစ္စာကျိန်ဆိုရန် BCM မှာပြဋ္ဌာန်းပြီးတော့ အ‌ွခေအနေ၊ အချိန်အခါအရ အမှန်တကယ်လို အပ်နေတာကို တွေ့ရှိရပါတယ်။ အများပြည်သူယုံကြည်ကိုးစား အားထားပြီး ဖြောင့်မတ်မှန်ကန် တရားမျှတတဲ့ တရားစီရင်ရေး ဖြစ်ထွန်းစေရန် ကျမ်းသစ္စာအက်ဥပဒေပုဒ်မ ၆ အရ ကျမ်းသစ္စာကျိန်ဆိုခြင်းမပြုရသော ဟိန္ဒူဘာသာဝင်နှင့် မဟာမေဒင်ဘာသာဝင် သက်သေ များ၊ ဂျူရီလူကြီးများ၊ စကားပြန်များမှအပ ကျန်ဘာသာဝင်တရားသူကြီးများ၊ အမှုသည်များ၊ သက်သေများ၊ စကားပြန်များအားလုံးဟာ အမှုသစ်တစ်ခုကို စတင်စစ်ဆေးစီရင်တဲ့အခါ တရားခွင် ရှေ့မှာ အမှုသည်သက်သေနှင့် ပြည်သူလူထုကို မဏ္ဍိုင်ပြု၍ ကတိသစ္စာကိုမပြုကြပဲ ကျမ်းသစ္စာ ကိုကိုင်ပြီး မဖြစ်မနေကျိန်ဆိုရေးအဆိုကို တင်သွင်းရခြင်း ဖြစ်ပါတယ်ခင်ဗျာ။ အားလုံးကိ ကျေးဇူး တင်ပါတယ်။

ဥက္ကဋ္ဌ။           ။ ထောက်ခံမည့်သူအား ဖိတ်ခေါ်ပါတယ်။

ဒေါ်ခင်ဌေးကြွယ်(မော်လမြိုင်မဲဆန္ဒနယ်)။           ။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် တကွ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်။ ကျွန်မကတော့ မွန်ပြည်နယ် မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ် ဖြစ်ပါတယ်။ ကျွန်မက ပုသိမ် မဲဆန္ဒနယ်မှ ဦးဝင်းမြင့် တင်သွင်းသောအဆိုကို ထောက်ခံသွားမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးရှင် ယနေ့ ကျွန်မတို့နိုင်ငံမှာ ကောင်းမွန်သောအစိုးရ၊ သန့်ရှင်းသောအစိုးရ ဖြစ်အောင် ကြိုးစားဆောင် ရွက်ချိန်မှာ တရားဥပဒေစိုးမိုးရေးအတွက် တရားစီရင်ရေးကဏ္ဍသည် အထူးအရေးပါသော ကဏ္ဍတစ်ခုအဖြစ် အစိုးရရဲ့ ယန္တရားလည်ပတ်မှု အားကောင်းအောင် ပံ့ပိုးကူညီပေးရမှာ ဖြစ်ပါတယ်။ အဲလိုကူညီရာမှာ အများပြည်သူထင်သာမြင်သာ ရှိစေမယ့် အချက်ကတော့ တရား စီရင်ရာမှာ တရားသူကြီးအပါအဝင် အမှုသည်များ၊ သက်သေများက တရားရုံးမှာ မှန်ကန်စွာ ထွက်ဆိုပါမည်ဟူသော ဆောင်ရွက်ချက်ပဲ ဖြစ်ပါတယ်။ တရားသူကြီးများ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်မှုသည် အရေးပါသော အချက်ဖြစ်ပါတယ်။ ကျွန်မတို့တတွေဟာ တရားသူကြီးများ တရားခွင်မတက်ခင် ကျမ်းသစ္စာကျိန်ဆိုမှုကို တစ်ကြိမ်တစ်ခါမှ တွေ့မြင်ခဲ့ရခြင်း၊ သိရှိခဲ့ရခြင်း မရှိခဲ့ပါ။ အမှုသည်များ သက်သေများမှလည်း ကျမ်းသစ္စာမဆိုပဲ ကတိသစ္စာ ပြုနေတာကို တွေ့ရပါတယ်။ တရားရုံးများလက်စွဲ၌ ကျမ်းသစ္စာကျိန်ဆိုရန် ပြဋ္ဌာန်းထား သော်လည်း အပြည့်အဝလိုက်နာမှု မရှိသည်ကို တွေ့မြင်နေရပါတယ်။ ဒါ့ကြောင့်မို့လို့ ပုသိမ်မဲ ဆန္ဒနယ်ဦးဝင်းမြင့်မှ တင်သွင်းသော ပြည်သူများ ယုံကြည်ကိုးစားအားထားသော ဖြောင့်မတ် မှန်ကန်မျှတသည့် တရားစီရင်ရေး ဖြစ်ထွန်းစေရန် တရားသူကြီး၊ အမှုသည်နှင့် သက်သေများ ကျမ်းသစ္စာကျိန်ဆိုရေးအဆိုကို အပြည့်အဝထောက်ခံပါကြောင်း တင်ပြအပ်ပါတယ်။ ကျေးဇူးတင် ပါတယ်။ (သြဘာသံများ)

Standard (Image)