ဦးစိုးရယ်(အဖွဲ့ဝင်၊ဥပဒေကြမ်းကော်မတီ)။ ။လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး နှင့် လွှတ်တော် ကိုယ်စားလှယ်များ အားလုံး မင်္ဂလာပါလို့ ဂါရဝပြု နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကယားပြည်နယ်၊ ဒီမောဆိုးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဥပဒေကြမ်း ကော်မတီဝင် ဦးစိုးရယ် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဥပဒေကြမ်း ကော်မတီရဲ့ ကိုယ်စား မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီရဲ့ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။
၁။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှပေးပို့လာသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၈၀ နည်းဥပဒေခွဲ(က)အရ ပြည်သူ့လွှတ်တော်တွင် စတင် ဆွေးနွေးရန်အတွက် ပြည်ထောင်စုလွှတ်တော်မှ အထက်ရည်ညွှန်းပါစာဖြင့် ပေးပို့ လာပါသည်။
၂။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေကြမ်းအား ငွေကြေးနှင့်ငွေရေးကြေးရေးစနစ် တည်ငြိမ် ရေးကို တိုးမြှင့်ရန်၊ ထိရောက်သော ငွေပေးချေးမှုနှင့် စာရင်းရှင်းလင်းမှုစနစ်များ၊ ငွေကြေးလွယ်ကူမှု၊ ကြွေးမြီပေးဆပ်နိုင်မှု၊ ငွေရေးကြေးရေးစနစ်၏ ခိုင်မာမှုကို တိုးတက်ကောင်းမွန်အောင် ဖော်ဆောင် ရန်နှင့် အစီအစဉ်တကျ ဟန်ချက်ညီညီနှင့်ရှင်သန်သော စီးပွားရေးဖွံ့ဖြိုးမှုကိုဖြစ်ထွန်းစေမည့် ငွေကြေး၊ ချေးငွေနှင့် ငွေရေးကြေးရေး အခြေအနေများကို အားပေးဖော်ဆောင်ရန် ရည်ရွယ်၍ ရေးဆွဲ တင်ပြထားသည်ကို တွေ့ရှိရပါသည်။
၃။ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေကြမ်းတွင် အခန်း ၁၇ ခန်းနှင့် ပုဒ်မပေါင်း ၁၁၆ ခု ပါရှိပါသည်။ ယင်းဥပဒေကြမ်းကို လေ့လာစိစစ်ရန် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်နှင့် ပြည်ထောင်စုဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဗဟိုဘဏ် တို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ၈-၁-၂၀၁၃၊ ၁၂-၁-၂၀၁၃၊ ၁၉-၁-၂၀၁၃ နှင့် ၂၈-၁-၂၀၁၃ ရက်နေ့များတွင် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပါသည်။
၄။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေကြမ်းအား အခြေခံရမည့်မူ ၁၂ ချက်နှင့်အညီ စိစစ်ခဲ့ပြီး တွေ့ရှိချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(၁) ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ လေ့လာစိစစ်ချက်များအရ မူလ ဥပဒေကြမ်းအား ရေးထုံးများနှင့်ညီညွတ်စေရန်သော်လည်းကောင်း၊ ဥပဒေကြမ်းတွင် ပါဝင်သည့် အကြောင်းအရာများနှင့် အခန်း၊ ခေါင်းစီးများ ကိုက်ညီမှုရှိစေရန် လည်းကောင်း ဥပဒေကြမ်း၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီစေရန်သော်လည်းကောင်း အောက်ဖော်ပြပါ အတိုင်း အခန်း၊ ခေါင်းစီး၊ ပုဒ်မများအားပြင်ဆင်ခဲ့ပါသည်။ ပြင်ဆင်ပြီး သည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေကြမ်း၏ အခန်း ၁၈ ခန်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(က) အခန်း(၁) အမည်နှင့် အဓိပ္ပာယ် ဖော်ပြချက်၊
(ခ) အခန်း(၂) တည်ထောင်ခြင်းနှင့် ရည်မှန်းချက်နှင့် ရည်ရွယ်ချက်၊
(ဂ) အခန်း(၃) ဒါရိုက်တာအဖွဲ့ ဖွဲ့စည်းခြင်း၊
(ဃ) အခန်း(၄) မတည်ငွေရင်းနှင့် အမြတ်ငွေခွဲဝေမှု၊
(င) အခန်း(၅) တာဝန်ခံမှုနှင့် သတင်းအချက်အလက်ထုတ်ပြန်မှု၊
(စ) အခန်း(၆) ဗဟိုဘဏ်၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များ၊
(ဆ) အခန်း(၇) ငွေကြေးတည်ငြိမ်ရေးဆိုင်ရာ လုပ်ငန်းတာဝန်များနှင့်လုပ်ပိုင်ခွင့်များ၊
(ဇ) အခန်း(၈) နိုင်ငံခြားသုံးငွေနှင့် နိုင်ငံခြားသုံးသီးသန့်ငွေ စီမံခန့်ခွဲမှု၊
(ဈ) အခန်း(၉) သုံးစွဲငွေ ထုတ်ဝေခြင်း၊
(ည) အခန်း(၁၀) ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေးဆိုင်ရာ လုပ်ငန်းတာဝန်များနှင့် လုပ်ပိုင်ခွင့်များ၊
(ဋ) အခန်း(၁၁) ငွေကြေးဈေးကွက်နှင့် နိုင်ငံခြားငွေဈေးကွက်ကို ကြီးကြပ် ထိန်းကျောင်းခြင်း၊
(ဌ) အခန်း(၁၂) ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်ကို ကြီးကြပ်ထိန်းကျောင်း ခြင်း၊
(ဍ) အခန်း(၁၃) ဘဏ်များ၏ နောက်ဆုံးအားထားရာ ကာလတိုချေးငွေထုတ်ချေးသူ အဖြစ် ဆောင်ရွက်ခြင်း၊
(ဎ) အခန်း(၁၄) အစိုးရအဖွဲ့၏ ငွေရေးကြေးရေးကိစ္စရပ်များဆောင်ရွက်ခြင်း၊
(ဏ) အခန်း(၁၅) စီမံခန့်ခွဲရေးဆိုင်ရာအရေးယူခြင်း၊
(တ) အခန်း(၁၆) တားမြစ်ချက်များ၊
(ထ) အခန်း(၁၇) ပြစ်မှုနှင့် ပြစ်ဒဏ်၊
(ဒ) အခန်း(၁၈) အထွေထွေတို့ ဖြစ်ပါတယ်။
(၂) မူလ အခန်း(၁) ခေါင်းစဉ်အား စကားရပ်ပြင်ဆင်ပြီး၊ မူလပုဒ်မ ၁ ပုဒ်မခွဲ (ခ) အား ပယ်ဖျက်၍ ပုဒ်မ ၁ ပုဒ်မခွဲ (က) အား ပုဒ်မ ၁ အဖြစ် လည်းကောင်း၊ ပုဒ်မ ၂ ပုဒ်မခွဲ (ခ)၊ (င)၊ (စ)နှင့် ပုဒ်မခွဲ(ဌ) ပုဒ်မခွဲငယ် (၁)၊ (၂)၊ (၃) တို့အား စကားရပ် များပြင်ဆင်၍ လည်းကောင်း၊ ပုဒ်မ ၂ ပုဒ်မခွဲ (ဆ)၊ (ဇ)၊ (ဈ) တို့အား ပယ်ဖျက်ပြီး ပုဒ်မခွဲ (ဌ)၊ (ဍ)၊ (ဎ)၊ (ဏ) တို့အား အသစ်ထပ်မံ ဖြည့်စွက်ခဲ့ပါသည်။
(၃) မူလ အခန်း(၂) ပုဒ်မ ၄၊ ပုဒ်မ ၅နှင့် ပုဒ်မ ၆ ပုဒ်မခွဲ (က)၊ (ခ)၊ (ဂ)၊ (ဃ) နှင့် ပုဒ်မ ၇ တို့အား စကားရပ်များပြင်ဆင်ထားပါသည်။
(၄) မူလ အခန်း(၃)အား အခန်း (၆) အဖြစ် ပြင်ဆင်ပြီး၊ မူလပုဒ်မ ၈ ပုဒ်မခွဲ (ခ)၊ (ဂ)၊ (ည)၊ (ဋ)၊ (ဌ)၊ (ဏ)တို့အား စကားရပ်များ ပြင်ဆင်ဖြည့်စွက်၍ ပုဒ်မခွဲ (တ)အား အသစ် ဖြည့်စွက်ခဲ့ပါသည်။ ပုဒ်မ ၉ ပုဒ်မခွဲ (ခ)၊ (စ)တို့အား စကားရပ်များ ပြင်ဆင်ဖြည့်စွက်၍ ပုဒ်မခွဲ (ဈ)အား ပယ်ဖျက်ခဲ့ပါသည်။ မူလပုဒ်မ ၁၂ နှင့် ပုဒ်မခွဲ (က)၊ (ခ) တို့အား စကားရပ်များ ပြင်ဆင်ပါသည်။
(၅) မူလ အခန်း(၄)ခေါင်းစဉ်အား အခန်း (၇) ခေါင်းစဉ်အဖြစ် ပြင်ဆင်၍ မူလ ပုဒ်မ ၁၃ နှင့် ပုဒ်မခွဲ (ခ)၊ (ဃ)၊ မူလ ပုဒ်မ ၁၅ ပုဒ်မခွဲ (ခ)၊ မူလပုဒ်မ ၁၆ ၊ ၁၇ ၊ ၁၈၊ ၁၉၊ ၂၀ နှင့် ၂၂ တို့အား စကားရပ်များ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်းတို့ ပြုလုပ်ပါသည်။ မူလပုဒ်မ ၂၁ အား အခန်းခေါင်းစဉ်နှင့် ဆီလျော်မှုရှိစေရန် အခန်း(၁၅) စီမံခန့်ခွဲရေးဆိုင်ရာ အရေးယူခြင်းသို့ ပြောင်းရွှေ့ ပြင်ဆင်ပါသည်။
(၆) မူလ အခန်း(၅) အား အခန်း (၈) အဖြစ် ပြင်ဆင်၍ မူလပုဒ်မ ၂၃၊ ၂၄၊ ပုဒ်မ ၂၅ ပုဒ်မခွဲ (ခ)၊ (ဂ)၊ (ဃ)၊ (င)၊ (စ)၊ ပုဒ်မ ၂၆၊ ပုဒ်မ ၂၇ နှင့် ပုဒ်မခွဲ (ဂ)၊ (ဃ)၊ ပုဒ်မ ၂၈ ပုဒ်မခွဲ (က)၊ (ခ)၊ (ဂ) နှင့် ပုဒ်မ ၂၉ တို့အား စကားရပ်များ ပြင်ဆင်ခြင်း ဖြည့်စွက်ခြင်းများပြုလုပ်၍ မူလပုဒ်မ ၃၀ အား ပယ်ဖျက်ပါသည်။
(၇) မူလ အခန်း(၆)အား အခန်း (၉) အဖြစ် ပြင်ဆင်ပြီး မူလပုဒ်မ ၃၁၊ ၃၂၊ ၃၆၊ ၃၇နှင့် မူလပုဒ်မ ၃၈ ပုဒ်မခွဲ (က)၊ (ခ)၊ (ဂ) တို့အား စကားရပ်များ ပြင်ဆင်ခြင်း၊ ဖြည့်စွက် ခြင်းပြုလုပ်၍ မူလပုဒ်မ ၃၄ အား ပယ်ဖျက်ပါသည်။
(၈) မူလ အခန်း(၇) အား အခန်း (၁၀)အဖြစ် ပြောင်းလဲ၍ ခေါင်းစဉ်အား စကားရပ်ပြင်ဆင် ပါသည်။ မူလပုဒ်မ ၃၉၊ ၄၀၊ ပုဒ်မ ၄၁ ပုဒ်မခွဲ (က) တို့အား စကားရပ်များ ပြင်ဆင် ဖြည့်စွက်၍ မူလပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)အား ပုဒ်မတစ်ခုအဖြစ် ပြောင်းလဲပြင်ဆင်ပါသည်။ မူလ ပုဒ်မ ၄၂၊ ၄၃၊ ၄၇ တို့အား စကားရပ်များ ပြင်ဆင်၍ပြီး မူလပုဒ်မ ၄၅၊ ၄၆ တို့အား အခန်းခေါင်းစဉ်နှင့် ဆီလျော်မှုရှိစေရန် အခန်း(၁၅) စီမံခန့်ခွဲရေးဆိုင်ရာ အရေးယူခြင်း သို့ ပြောင်းရွှေ့ ပြင်ဆင်ပါသည်။
(၉) မူလ အခန်း(၈)အား အခန်း(၁၁)အဖြစ် ပြင်ဆင်၍ ၊ မူလ ပုဒ်မ ၄၈ အား ပယ်ဖျက်၍ မူလပုဒ်မ ၄၉ ပုဒ်မခွဲ (က)အား စကားရပ်များ ပြင်ဆင်ဖြည့်စွက်၍ မူလပုဒ်မ ၅၀ ပုဒ်မခွဲ (ခ) တို့အား ပုဒ်မ တစ်ခုအဖြစ် ပြောင်းလဲ ပြင်ဆင်ပါသည်။
(၁၀) မူလ အခန်း(၉)အား အခန်း(၁၂) အဖြစ် ပြောင်းလဲ၍ ခေါင်းစဉ်အား စကားရပ် ပြင်ဆင် ပါသည်။ မူလပုဒ် ၅၁၊ ၅၂၊ ပုဒ်မ ၅၄ ပုဒ်မခွဲ (က) တို့အား စကားရပ်များ ပြင်ဆင် ဖြည့်စွက်ပါသည်။ မူလပုဒ်မ ၅၅ ပုဒ်မခွဲ (က)(ခ)တို့အား ပုဒ်မတစ်ခုစီအဖြစ် ပြောင်းလဲပြီး စကားရပ်များ ပြင်ဆင်ဖြည့်စွက်ခဲ့ပါသည်။
(၁၁) မူလ အခန်း(၁၀)အား အခန်း(၁၃) အဖြစ် ပြောင်းလဲ၍ ခေါင်းစဉ်အား စကားရပ် ပြင်ဆင်ပါသည်။ မူလပုဒ်မ ၅၆ ပုဒ်မခွဲ (ဂ)၊ ပုဒ်မ ၅၇၊ ၅၈၊ ၅၉၊ ၆၀ တို့အား စကားရပ်များ ပြင်ဆင်၍သော်လည်းကောင်း၊ မူလပုဒ်မ ၅၆၊ ၅၇၊ ၅၈၊ ၅၉၊ ၆၀ တို့အား စကားရပ်များ ပြင်ဆင်ဖြည့်စွက်ခြင်းများ ပြုလုပ်ပါသည်။
(၁၂) မူလအခန်း(၁၁)အား အခန်း(၁၄) အဖြစ် ပြောင်းလဲ၍ ခေါင်းစဉ်အား စကားရပ် ပြင်ဆင်ပါသည်။ မူလပုဒ်မ ၆၁၊ ၆၂ နှင့် ၆၄၊ ၆၅၊ ၆၆ တို့အား စကားရပ်များ ပြင်ဆင် ဖြည့်စွက်ခြင်းများ ပြုလုပ်ပါသည်။
(၁၃) မူလ အခန်း(၁၂)အား အခန်း(၅) အဖြစ် ပြောင်းလဲ၍ ခေါင်းစဉ်အားစကားရပ် ပြင်ဆင် ပါသည်။ မူလပုဒ်မ ၆၇၊ ၆၈၊ ၆၉ တို့အား စကားရပ်များ ပြင်ဆင်ပြီး အခန်းအမှတ်စဉ် ပြောင်းလဲမှုကြောင့် ပုဒ်မများ ပြောင်းလဲသွားမည် ဖြစ်ပါသည်။
(၁၄) မူလအခန်း(၁၃)အား အခန်း(၃) အဖြစ်ပြောင်းလဲ၍ ခေါင်းစဉ်အားစကားရပ် ပြင်ဆင် ပါသည်။ မူလပုဒ်မ ၇၁ ပုဒ်မခွဲ (က)၊ (ခ)တို့အား အရေးအသားပိုမိုကျစ်လစ်စေရန် ပြင်ဆင်ပြီး ပုဒ်မခွဲ (ခ)အား ပယ်ဖျက်ပါသည်။ မူလပုဒ်မ ၇၁ ပုဒ်မခွဲ (ခ)၏ ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ ဖွဲ့စည်းပုံအား ပြင်ဆင်ပြီး ပုဒ်မခွဲ (က) ၏ ပုဒ်မခွဲငယ် (၁)၊ (၂)၊ (၃) အဖြစ် ဥပဒေ၏ ရည်ရွယ်ချက်နှင့် ကိုက်ညီစေရန် ပြင်ဆင်ဖြည့်စွက်ပါသည်။ မူလပုဒ်မ ၇၁ (ဂ)၊ (ဃ)၊ (င) တို့အား ပုဒ်မခွဲ (ခ)၊ (ဂ)၊ (ဃ)၊ (င)တို့အဖြစ် စကားရပ်များ ပြင်ဆင် ဖြည့်စွက်ခဲ့ပါသည်။ မူလပုဒ်မ ၈၅ မှ ဒါရိုက်တာအဖွဲ့ဝင်များအတွက် ကန့်သတ်ချက် များနှင့် သက်ဆိုင်သည့်အတွက် အပိုဒ်ခွဲ (စ) အဖြစ် ပြောင်းလဲပြင်ဆင်ပါသည်။ မူလပုဒ်မ ၇၂၊ ပုဒ်မ ၇၃ ပုဒ်မခွဲ (က)၊ (ခ)တို့အား ပယ်ဖျက်ပါသည်။ မူလပုဒ်မ ၇၃ ပုဒ်မခွဲ (ဂ) သည် ပြောင်းလဲသည့် ပုဒ်မ၏ ပုဒ်မခွဲ(က) ဖြစ်သွားပါသည်။ မူလပုဒ်မ ၇၃ ပုဒ်မခွဲ (င)နှင့် (စ) တို့အား ပြောင်းလဲသည့်ပုဒ်မ၏ ပုဒ်မခွဲ (ဂ)၊ (ဃ)အဖြစ် စကားရပ်များ ပြင်ဆင်ဖြည့်စွက် ခြင်းများ ပြုလုပ်ပါသည်။ မူလပုဒ်မ ၇၄ ပုဒ်မခွဲ (က)နှင့် (ခ)တို့အား ပြင်ဆင်ပြီး ပုဒ်မ ၁၃ အဖြစ် ပြောင်းလဲပြင်ဆင်ပါသည်။ မူလပုဒ်မ ၇၅၊ ၇၆ နှင့် မူလပုဒ်မ ၇၇ ပုဒ်မခွဲ (ခ)၊ (ဃ)၊ (င) တို့အား စကားရပ်များ ပြင်ဆင်ဖြည့်စွက်ပါသည်။ မူလပုဒ်မ၇၈၊ ၇၉၊ ၈၀၊ ၈၁ နှင့် ပုဒ်မ ၈၃ ပုဒ်မခွဲ (ခ)တို့အား စကားရပ်များ ပြင်ဆင်ဖြည့်စွက်ခြင်းများ ပြုလုပ်ပြီး ပုဒ်မခွဲ (က) အား ပယ်ဖျက်ပါသည်။ မူလပုဒ်မ ၈၄ ပုဒ်မခွဲ (က)၊ (ခ)၊ (ဃ)နှင့် မူလပုဒ်မ ၈၅ တို့အား စကားရပ်များ ပြင်ဆင်ဖြည့်စွက်ခြင်းများ ပြုလုပ်ခဲ့ပြီး ပုဒ်မ ၈၄ ပုဒ်မခွဲ (င) အား အသစ်ဖြည့်စွက်ပါသည်။
(၁၅) မူလ အခန်း(၁၄)အားအခန်း(၄) အဖြစ် ပြင်ဆင်ပြီး မူလပုဒ်မ ၈၆၊ ၈၇၊ ၈၈၊ ၈၉၊ ၉၀၊ ၉၁၊ ၉၂၊ ၉၃၊ ၉၄၊ ၉၇ ပုဒ်မခွဲ (ခ)၊ (ဂ) တို့အား စကားရပ်များ ပြင်ဆင်ဖြည့်စွက်ခြင်း၊ မူလပုဒ်မ ၉၈ ပုဒ်မခွဲ (က)အဖြစ် အသစ်ဖြည့်စွက်ပြီး မူလပုဒ်မ ၉၈ အပိုဒ်ခွဲ (ခ)၊ (ဂ)တို့အား (ခ)၊ (ဂ)၊ (ဃ)အဖြစ် ပြင်ဆင်ဖြည့်စွက်ပါသည်။
(၁၆) အခန်း (၁၅) စီမံခန့်ခွဲရေးဆိုင်ရာအရေးယူခြင်းအဖြစ် အသစ်ထပ်မံဖြည့်စွက်၍ မူလပုဒ်မ ၂၁၊ ၄၅၊ ၄၆ တို့အား ခေါင်းစဉ်နှင့် ဆီလျော်မှုရှိစေရန် ပြင်ဆင်ချက် ပုဒ်မ ၉၆၊ ၉၇၊ ၉၈ အဖြစ် ပြောင်းလဲ ပြင်ဆင်ခဲ့ပါသည်။
(၁၇) မူလအခန်း(၁၅)အား အခန်း(၁၆) အဖြစ် ပြင်ဆင်ပြီး မူလ ပုဒ်မ ၉၉ ပုဒ်မခွဲ (ခ) အား ပယ်ဖျက်ပါသည်။ မူလပုဒ်မ ၁၀၀ နှင့် ၁၀၁ အား စကားရပ်များ ပြင်ဆင်ပြီး ပြင်ဆင်ချက် ပုဒ်မ ၁၀၁ အား အသစ်ထပ်မံဖြည့်စွက်ပါသည်။
(၁၈) မူလအခန်း(၁၆)အား အခန်း (၁၇) အဖြစ် ပြင်ဆင်ပြီး၊ မူလပုဒ်မ ၁၀၂၊ ၁၀၃၊ ၁၀၄ တို့အား စကားရပ်များပြင်ဆင်ဖြည့်စွက်ပြီး ပြင်ဆင်ချက် ပုဒ်မ ၁၀၅ အား အသစ်ထပ်မံ ဖြည့်စွက်ပါသည်။
(၁၉) မူလအခန်း(၁၇)အား အခန်း (၁၈) အဖြစ် ပြင်ဆင်ပြီး မူလပုဒ်မ ၁၀၆၊ ၁၀၇၊ ၁၀၉၊ ၁၁၄၊ ၁၁၆ တို့အား စကားရပ်များပြင်ဆင်ဖြည့်စွက်ပြီး ပြင်ဆင်ချက် ပုဒ်မ ၁၁၉ အား အသစ် ထပ်မံဖြည့်စွက်ခဲ့ပါသည်။
၅။ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေကြမ်း၌ အခန်း ၁၇ ခန်း နှင့် ပုဒ်မပေါင်း ၁၁၆ ခုရှိရာ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် သက်ဆိုင်ရာကော်မတီ၊ ကော်မရှင်များနှင့် ဤဥပဒေ အား ကိုယ်တိုင်လက်တွေ့အကောင်အထည်ဖော်မည့် ပြည်ထောင်စုဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဗဟိုဘဏ်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အဆင့်ဆင့် စိစစ်ညှိနှိုင်းဆွေးနွေးခဲ့ကြရာ ပြင်ဆင်ပြီး ဥပဒေကြမ်း တွင် အခန်း ၁၈ ခန်းနှင့် ပုဒ်မပေါင်း ၁၁၉ ခု ရှိခဲ့ပါသည်။
၆။ သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၄ အရ စိစစ်ခဲ့ပြီး နည်းဥပဒေ ၄၅ နှင့်အညီ အတည်ပြုနိုင်ပါရန် လွှတ်တော်သို့ အစီရင်ခံတင်ပြအပ်ပါသည်။ (သြဘာသံများ)
