နေပြည်တော်၊ ဇန်နဝါရီ ၂၉
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းသည် ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုး တိုးတက်မှုဌာနအကြီးအကဲ Mr. Mark Lowcock နှင့် သြစတြေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီအကြီးအကဲ Mr. Peter Baxter တို့ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အတူ ပြည်သူ့လွှတ်တော် ကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် ဦးလှမြင့်ဦးနှင့် ဦးတီခွန်မြတ်၊ အတွင်းရေးမှူးများဖြစ်ကြသည့် ဒေါက်တာစိုးရင်နှင့် ဦးမောင်တိုး၊ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး H.E. Mr.Andrew Hyen နှင့် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံသံအမတ်ကြီး H.E. Ms. Bronte Moules တို့လည်း တက်ရောက်ကြသည်။
ယင်းသို့လက်ခံတွေ့ဆုံရာတွင် ဗြိတိန်နိုင်ငံလွှတ်တော်၊ သြစတြေးလျနိုင်ငံ လွှတ်တော်များ နှင့် မြန်မာနိုင်ငံ လွှတ်တော်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ၊ ဆင်းရဲမှုလျှော့ချရေးနှင့် ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။(သတင်းစဉ်)
