ဦးသိန်းညွန့်၊သင်္ဃန်းကျွန်းမဲဆန္ဒနယ်၏ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား ဝန်ကြီးမှ ပြန်လည်ဖြေကြားချက်။
ဦးသောင်းတင်(ဒုတိယဝန်ကြီး၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီး ဌာန)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါလို့ ဦးစွာဂါရဝပြုနှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျား။ ကျွန်တော်ကတော့ ဆက်သွယ်ရေး နှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းတင် ဖြစ်ပါတယ် ခင်ဗျား။ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း ၍ တင်သွင်းသည့် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ် ကိုယ်စားလှယ် ဦးသိန်းညွန့်၏ ဆွေးနွေးချက်များမှာ ခေတ်စနစ်အရ လိုက်လျော ညီထွေမှုရှိပြီး လျော်ကန်သင့်မြတ်ပါကြောင်း တွေ့ရှိ ရပါတယ်ခင်ဗျား။ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ၂၀၀၄ ခုနှစ်၊ ဧပြီလ ၃၀ ရက် နေ့မှာ ဥပဒေအမှတ် (၅/၂၀၀၄) အဖြစ် ထုတ်ပြန်ခဲ့ပြီး ဥပဒေတွင် အခန်း ၁၃ ခန်း၊ ပုဒ်မ ၅၂ ခုတို့ ပါဝင်ပါတယ်။ အဓိက ရည်ရွယ်ချက်များမှာ အီလက်ထရောနစ်နည်းဖြင့် အင်တာနက်ကို အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ခြင်း၊ e-commerce, e-government, On-line Banking စနစ်များ ဆောင်ရွက်ရာတွင် တစ်ဦးနှင့်တစ်ဦး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ လူချင်းမြင်တွေ့ဆက်ဆံခြင်း မဟုတ်ဘဲ ဆက်သွယ်ရာတွင် ယုံကြည်စိတ်ချရမှုအတွက် ဖြည့်ဆည်းပေးရန် ဖြစ်ပါတယ်ခင်ဗျား။ ဥပဒေတွင် အဓိကအားဖြင့် နည်းပညာပိုင်းပြဋ္ဌာန်းချက်များဖြစ်သည့် အီလက်ထရောနစ်နည်းလမ်းဖြင့် ဆက်သွယ် ဆောင်ရွက်ရာတွင် ယုံကြည်စိတ်ချမှုရှိစေရန်အတွက် သက်သေခံလက်မှတ်ထုတ်ပေးသည့်စနစ် (Certification Authority System) အတွက် ပြဋ္ဌာန်းချက်များနှင့် အီလက်ထရောနစ် ဆက်သွယ်ရေး နည်းပညာကို အသုံးပြု၍ ကျူးလွန်သည့်ပြစ်မှုများနှင့် ပြဋ္ဌာန်းချက်များဟူ၍ နှစ်ပိုင်းပါဝင်ရေးဆွဲထား ပါတယ်။ ဥပဒေ၏ ဒုတိယပိုင်းတွင် ပါရှိသည့် ဖော်ပြပါ ပြစ်မှုနှင့်ပြစ်ဒဏ်များ အခန်း(၁၂)တွင် ပါဝင် သည့် ပြဋ္ဌာန်းချက်များမှာ နိုင်ငံတော်လုံခြုံရေး သတင်းအချက်အလက် နည်းပညာကို အသုံးပြုပြီး ကျူးလွန်သည့်ပြစ်မှုများမှ ကာကွယ်တားဆီးနိုင်ရေးတို့အတွက် အဓိကထားရေးဆွဲခဲ့ခြင်း ဖြစ်သည့် အတွက် ယနေ့ သတင်းအချက်အလက်အား ပိုမို၍ ပွင့်လင်းစွာစီးဆင်းစေခြင်း (Free Flow of Information) နှင့်လွတ်လပ်စွာ ပြောဆိုခွင့် (Freedom of Speech) တို့၏ ရှုထောင့်များမှ ကြည့်ရှုပါ က ပြင်ဆင်ပယ်ဖျက်ရန် လိုအပ်သည့် ပြဋ္ဌာန်းချက်များ ပါဝင်နေပါတယ်။ သို့ရာတွင် ဥပဒေ၏ အခန်း (၄) အီလက်ထရောနစ် ဆက်သွက်ဆောင်ရွက်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ၎င်း၏ လုပ်ငန်းတာဝန် များ၊ အခန်း(၅) အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ကြီးကြပ်မှုအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ၎င်း၏ လုပ်ငန်းတာဝန်များ၊ အခန်း(၆) သက်သေခံလက်မှတ်ထုတ်ပေးပိုင်ခွင့်ရှိသူ၊ အခန်း(၇) ငှားရမ်းသုံးစွဲသူ၊ အခန်း(၈) အီလက်ထရောနစ် မှတ်တမ်း၊ အီလက်ထရောနစ် အချက်အလက်သတင်းလွှာနှင့် အီလက်ထရောနစ် ထိုးမြဲလက်မှတ်များ၊ အခန်း(၉) အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ်သည့် ပဋိညာဉ်တို့သည် အီလက်ထရောနစ်နည်းဖြင့် ဆက်သွယ်ဆောင်ရွက်ရေး အတွက် လုံခြုံမှုနှင့် ယုံကြည် စိတ်ချရမှု တည်ဆောက်ရာတွင် လိုအပ်သည့် သက်သေခံလက်မှတ်ထုတ်ပေးသည့်စနစ် (Certification Authority System) အတွက် မရှိမဖြစ် အရေးပါသည့် နည်းပညာပိုင်းဆိုင်ရာ ပြဋ္ဌာန်းချက်များဖြစ်ပါတယ်။ ပြင်ပတွင် လူတစ်ဦးအား မှတ်ပုံတင်တစ်ခုထုတ်ပေးထားသကဲ့သို့ အင်တာနက်အွန်လိုင်းတွင် မမြင်ရသော သုံးစွဲသူတစ်ဦးအား ယုံကြည်စိတ်ချစွာဆက်ဆံနိုင်ရန် ဒီဂျစ်တယ်မှတ်ပုံတင် ထုတ်ပေးသကဲ့သို့ ဖြစ်ပါတယ်ခင်ဗျား။ သက်သေခံလက်မှတ်ထုတ်ပေးသည့်စနစ် (Certification Authority System) သည် မြန်မာနိုင်ငံတွင်သာမက အာဆီယံနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံ တစ်ဝှမ်းတွင်ပါ တွင်ကျယ်စွာ အသုံးပြုလျက်ရှိပြီး ယင်းပုဒ်မများမှာ နိုင်ငံတကာမှာ Certification Authority များနှင့် ပြည်တွင်းမှ Certification Authority များ အပြန်အလှန် ချိတ်ဆက်ဆောင်ရွက် ခြင်း (Cross Certification) ပြုခြင်း၊ တိုးတက်နေသည့် ဆက်သွယ်ရေးနည်းပညာပိုင်းတွင် တွင်ကျယ် သည့် အီလက်ထရောနစ်နည်းပညာဖြင့် ပြုလုပ်သည့် ပဋိညာဉ်များ (Electronic/ Online Contracting) တို့အား တရားဝင်အသိအမှတ်ပြုခြင်းတို့အတွက် မရှိမဖြစ် လိုအပ်မည့် ပြဋ္ဌာန်းချက် များ ဖြစ်ပါတယ်။ ယခုအခါ ၂၀၀၅ ခုနှစ် အာဆီယံတွင် AEC (ASEAN Economic Community) ကို ကျွန်တော်တို့ ဦးစားပေးဆောင်ရွက်နေတဲ့အခါမှာ Certification Authority စနစ် မရှိခဲ့လို့ရှိရင် ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ အားနည်းပြီး နှောင့်နေးတယ်လို့ ဖြစ်ပေါ်နိုင်မှာ ဖြစ်ပါတယ် ခင်ဗျား။ အကယ်၍ ဥပဒေအား ပယ်ဖျက် ဖျက်သိမ်းခဲ့ပါက ဤဥပဒေကို အခြေခံပြီး ဖွဲ့စည်းခဲ့သော မူလအရင်းအမြစ်သက်သေခံလက်မှတ်ထုတ်နိုင်ခွင့်ရှိသူ (Root Certification Authority) လည်းကောင်း၊ လိုင်စင်ရယူပြီး ဆောင်နေသည့် (Certification Authority) တို့သည် လည်းကောင်း ဥပဒေပိုင်းအရ အထောက်အကူ (Legal Foundation) မရှိတော့သည့်အတွက် ပယ်ဖျက်သွားရမည်ဖြစ်ပြီး နိုင်ငံတကာမှ CA များနှင့် Cross Certification ပြုလုပ်နိုင်မည် မဟုတ်ဘဲ ပြည်တွင်းပြည်ပ e-Commerce, Mobile-Commerce လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြန့်ကြာရပ်တန့်မှုများ ဖြစ်ပေါ်လာနိုင်ပါတယ်။ ထို့အပြင် အာဆီယံနှင့်ဆက်သွယ်ဆောင်ရွက်နေ သော AEC ကိစ္စများတွင် မြန်မာနိုင်ငံ၏ ပါဝင်ဆောင်ရွက်မှုမှာ ကျွန်တော်တို့ နှောင့်နှေးသွားနိုင်ပါ တယ်ခင်ဗျား။ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်၏ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေအား ရုပ်သိမ်းပေးရန် တင်ပြချက်နှင့်စပ်လျဉ်းပြီး ခေတ်စနစ်နှင့် ပိုမို လျော်ညီပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းဆောင်ရွက်နိုင်သည့် e-Commerce ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်သည့် ထူးချွန်ထက်မြက်သော မြန်မာ IT လူငယ်များ၏ တီထွင်မှုစွမ်းအားကို ထုတ်ဖော်နိုင်ရန် အားပေးသည့် ဥပဒေတစ်ရပ်ကို လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းရင်းသားလုပ်ငန်းရှင်များ၊ IT ပညာရှင်များ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင် ပြီး နိုင်ငံတကာမှ ဥပဒေနှင့် IT ပညာရှင်များ၏ အကူအညီကိုရယူကာ အသစ်ရေးဆွဲရန် သင့်လျော် ကြောင်း တွေ့ရှိရပါတယ်ခင်ဗျား။ အဆိုပါ e-Commerce ဥပဒေသစ် မပေါ်ပေါက်မီကာလအတွင်း အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေတွင်ပါဝင်သည့် အခန်း (၁၂) ပြစ်မှုနှင့်ပြစ်ဒဏ် များအပိုင်းတွင် ပါဝင်သည့်ပြဋ္ဌာန်းချက်များကို လိုအပ်ပါက ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ရေးဆွဲခြင်း တို့သာ ပြုလုပ်သင့်သေးပြီး ဥပဒေအသစ် အတည်ပြုပြဋ္ဌာန်းပြီးမှသာ ယခုဥပဒေတစ်ခုလုံးကို ရုပ်သိမ်း ခြင်းပြုသင့်ပါကြောင်း တင်ပြအပ်ပါတယ်ခင်ဗျား။ (သြဘာသံများ)
ဥက္ကဋ္ဌ။ ။ ဦးသိန်းညွန့်ရဲ့ သဘောထားသိလိုပါတယ်။
ဦးသိန်းညွန့်(သင်္ဃန်းကျွန်းမဲဆန္ဒနယ်)။ ။ လေးစားရသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒုတိယဝန်ကြီး တင်ပြတဲ့အချက်များသည် လက်တွေ့အခြေအနေနှင့် ကိုက်ညီပါတယ်။ ဥပဒေအသစ်ဆွဲဖို့ကို ဒုတိယဝန်ကြီး ရှင်းလင်းတင်ပြတာ ကြားရတဲ့အတွက် ကျွန်တော် ကျေနပ်ပါတယ်။ နောက်တစ်ချက်က လက်ရှိ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ အခန်း(၁၂) ပြစ်မှုနှင့်ပြစ်ဒဏ်များဟာ အခုအခြေအနေနှင့် ဘယ်လိုမှမကိုက်ညီ ဘူး။ ပြင်ဆင်သင့်တယ်ဆိုတဲ့ ဒုတိယဝန်ကြီးရဲ့ သဘောထားကလည်း ကျွန်တော်တို့ နိုင်ငံသားတွေ အတွက် အကာအကွယ်ပေးတဲ့အချက်ဖြစ်တဲ့အတွက် ကျွန်တော်ကြိုဆိုပါတယ်။ ဒါကြောင့် ကျွန်တော်ရဲ့ အဆိုကို ပြည်သူ့လွှတ်တော်က မှတ်တမ်းတင်ပေးထားပြီးတော့ ဥပဒေသစ်ထွက်ပေါ်လာတဲ့ကာလမှာ ကျွန်တော်တို့ အခုဆွေးနွေးချက်များကိုပါ ထည့်သွင်းစဉ်းစားသုံးသပ်ပေးဖို့ ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြည်သူ့လွှတ်တော်ကို ကျွန်တော် လေးလေးစားစားတင်ပြအပ်ပါတယ်။ (သြဘာသံများ)
ဥက္ကဋ္ဌ။ ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဦးသိန်းညွန့် တင်သွင်းတဲ့ ဥပဒေကြမ်း အဆိုနှင့်ပတ်သက်ပြီးတော့ သက်ဆိုင်ရာပြည်ထောင်စု ဒုတိယဝန်ကြီးက ရှင်းလင်းဖော်ပြသွားပါတယ်။ ဒီအပေါ်မှာ မူတည်ပြီးတော့ ဦးသိန်းညွန့်အနေနဲ့လည်း ဒုတိယဝန်ကြီးရဲ့ ရှင်းလင်းချက်များဟာ ခေတ်စနစ်နှင့် ကျိုးကြောင်း ညီညွတ်မှုရှိတဲ့အတွက် လက်ခံကြောင်းနှင့် လွှတ်တော်မှာ မှတ်တမ်းတင်ထားရှိဖို့ ပြန်လည်တင်ပြသွားပါတယ်။ ဒါကြောင့် သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဦးသိန်းညွန့်တင်သွင်းတဲ့ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကြမ်းကို လွှတ်တော်မှ လက်ခံဆွေးနွေးရန် မရှိကြောင်းနှင့် လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ဆောင်ရွက်မှုကို စောင့်ကြည့်ကူညီပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြကြေညာပါတယ်။ (သြဘာသံများ)
