ဦးသိန်းညွန့်၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်က အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် အဆိုတင်သွင်းခြင်းနှင့် ကိုယ်စားလှယ်တစ်ဦး က ထောက်ခံခြင်း

ဦးသိန်းညွန့်၊သင်္ဃန်းကျွန်းမဲဆန္ဒနယ်က အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် အဆိုတင်သွင်းခြင်းနှင့် ကိုယ်စားလှယ်တစ်ဦး က ထောက်ခံခြင်း

          ဥက္ကဋ္ဌ။           ။ အစီအစဉ် ၉ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ဥပဒေကြမ်းတစ်ခု ပေးပို့ထား ပါတယ်။ ပြည်သူ့လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၁၅၁ နည်းဥပဒေခွဲ(ခ) အရ တင်ပြလာတဲ့ ဥပဒေကြမ်း အပေါ် ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန်အဆိုတင်သွင်းဖို့ ဦးသိန်းညွန့်အား ဖိတ်ခေါ်ပါတယ်။

          ဦးသိန်းညွန့်(သင်္ဃန်းကျွန်းမဲဆန္ဒနယ်)။         ။ လေးစားရသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ၂၀၀၄ ခုနှစ် အီလက်ထရောနစ်ဆက်သွယ်ရေး ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်းကို လွှတ်တော်ကို ကျွန်တော်တင်သွင်းပါမယ်။ တင်သွင်းရတဲ့ အကြောင်းအရင်းကတော့ ဒီဥပဒေသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ လက်ထက် မှာပြဋ္ဌာန်းခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။ အခုလို လွှတ်တော်မှာ အခြေအတင်ဆွေးနွေးပြီးတော့ ဥပဒေကြမ်းတင်သွင်းခဲ့တဲ့ ဥပဒေကြမ်းဆွေးနွေးပြီးတော့ အတည်ပြုခဲ့တဲ့ ဥပဒေမဟုတ်ပါဘူး။ ဒါကြောင့် အခုကာလအခြေအနေနဲ့ ဒီဥပဒေလက်တွေ့ကျင့်သုံးမှုမှာ အားနည်းချက်တွေရှိလာပါတယ်။ နောက်တစ်ခါ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်တော်တို့ လက်တွေ့ကျင့်သုံးရမယ့်အချိန်မှာ ဒီဥပဒေဟာ အခြေခံဥပဒေနဲ့ မကိုက်ညီတဲ့ အချက်အလက်များကို လည်း ပြဋ္ဌာန်းထားကြောင်း တွေ့ရပါတယ်။ အရင်ဆုံး အခြေခံဥပဒေအရ ပြောရရင်တော့ ပုဒ်မ ၂၁ ပုဒ်မခွဲ (ဃ)အရ နိုင်ငံသားများ၏ လွတ်လပ်ခွင့် လုပ်ပိုင်ခံစားခွင့်နှင့် တာဝန်နှင့် တားမြစ်ချက်များ ထိရောက်ခိုင်မာပြည့်စုံစေရန်ဆိုတဲ့ ပြဋ္ဌာန်းချက်သည် ၂၀၀၄ ခုနှစ် အီလက်ထရောနစ်ဆက်သွယ်ရေး ဥပဒေအရ ဒီအခွင့်အရေးကို ထိပါး စေတဲ့အချက်အလက်များတွေ့ရပါတယ်။ နောက်တစ်ချက်က ဒီဥပဒေသည် ပြဋ္ဌာန်းခဲ့တဲ့ မူလရည်ရွယ် ချက် ပုဒ်မ ၃ မှာပါတဲ့ ရည်ရွယ်ချက်များသည် အင်မတန်မှကောင်းမွန်ပါတယ်။ ဒါပေမယ့် ဒီရည်ရွယ်ချက်ကို ပြဋ္ဌာန်းလိုက်တဲ့ အချက်အလက်များကတော့ ပြဋ္ဌာန်းချက်များကတော့ မူလ ရည်ရွယ်ချက်ကို အထောက်အကူမပြုပါဘူး။ အထောက်အကူမပြုတဲ့အပြင် လူ့အခွင့်အရေးကိုလည်း ထိပါးတဲ့ ပြဋ္ဌာန်း ချက်တွေ တော်တော်များများ ပြဋ္ဌာန်းထားတာ လည်းတွေ့ရပါတယ်။ အရင်ဆုံးတင်ပြ ရရင် ဒါဟာ ဒီဥပဒေမှာပါတဲ့အတိုင်း စီးပွားရေးနှင့်သက်ဆိုင်တဲ့ကိစ္စတွေမှာလည်း ဒီဥပဒေ ပြဋ္ဌာန်း ချက်က အကျုံးဝင်ပါတယ်။ အဲဒီတော့ စီးပွားရေးဆိုင်ရာပြဋ္ဌာန်းချက်ဆိုရင် အခု ကျွန်တော်တို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြီးပြဋ္ဌာန်းတဲ့ အခါမှာလည်းကောင်း သတိပေးမယ်။ ဒဏ်ရိုက်မယ်။ လိုင်စင်ရုပ်မယ်။ အဲဒီလောက်ပဲ ပြစ်ဒဏ်ပေးထား ပါတယ်။ ပြစ်မှုကြောင်းအရ မပေးထားပါဘူး။ ဒီ အီလက်ထရောနစ် ဥပဒေအရဆိုရင် ရာဇဝတ်ကြောင်း၊ ပြစ်မှုကြောင်းနှင့် ပေးထားတယ်ဆိုတာ ဒါ ဥပဒေပြဋ္ဌာန်းချက် မှာ ပေါ်လွင်နေ ပါတယ်။ နောက်တစ်ချက် ကတော့ ဒီဥပဒေမှာပြဋ္ဌာန်းချက်တွေဟာ လိုသလိုချဲ့ထွင်ပြီးတော့ သုံးလိုရတဲ့ အချက်အတွေပါလာပါတယ်။ အထူးသဖြင့် နိုင်ငံရေးရည်မှန်းချက် နဲ့ သုံးလို့ရတဲ့အချက်တွေက အခု ပုဒ်မ ၃၃ မှာ အနည်းဆုံးထောင်ဒဏ် ၇ နှစ်မှ အများဆုံး ထောင်ဒဏ် ၁၅ နှစ်ချမှတ်နိုင်တဲ့ ပုဒ်မ ၃၃ (က)ကိုကြည့်လိုက်ရင် နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်၏ စီးပွားရေး သို့မဟုတ် အမျိုးသားယဉ်ကျေးမှုကို ထိခိုက်သည့် ပြုလုပ်မှုတစ်ရပ်ကို ပြုလုပ်ခြင်း၊ ပုဒ်မ ၃၃ (ခ)မှာကျတော့ နိုင်ငံတော်ျ၏လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်၏စီးပွားရေး သို့မဟုတ် အမျိုးသားယဉ်ကျေးမှုနှင့်စပ်လျဉ်းသည့် နိုင်ငံတော်လျှို့ဝှက်ချက်နှင့်သက်ဆိုင်သော သတင်းအချက်အလက် တစ်ရပ်ကို ရယူခြင်း သို့မဟုတ် ဖြန့်ချီခြင်း နိုင်ငံတော်လုံခြုံရေးနှင့်ပတ်သက်တဲ့ ဥပဒေတွေဟာ အထူးဥပဒေတွေမှာ လည်းပြဋ္ဌာန်းထား ပါတယ်။ ပြစ်မှုဆိုင်ရာဥပဒေမှာလည်း ပြဋ္ဌာန်းထားပါတယ်။ အခု အီလက်ထရစ် ဆက်သွယ်ရေးဥပဒေ မှာလည်း ထပ်မံပြဋ္ဌာန်းပြီးတော့ ကြီးမားတဲ့ပြစ်မှုအဖြစ် သတ်မှတ်တဲ့အခါကျတော့ ဒီဥပဒေနှင့် ပတ်သက်ပြီး ခံခဲ့ရတဲ့လူရဲ့ အနေနဲ့ကတော့ တော်တော်ကို ဒီဥပဒေနှင့်ပတ်သက်ပြီး သူတို့ရဲ့ အသံတွေကို အခုအကျဉ်းထောင်က လွတ်လာတဲ့အခါမှာ ပြန်လည်ပြီးတော့ ဖော်ပြတာရှိပါတယ်။ အဲဒီထဲက Weekly Eleven မှာ ၁၄-၁၁-၂၀၁၂ က ဗရော်ကာ လေးတစ်ယောက်က သူရဲ့ခံစားမှုကို တင်ပြခဲ့ပါတယ်။ ပြုလုပ်မှုတစ်ရပ်ဆိုတာဘာလဲ။ ထိခိုက်ခြင်း၊ မထိခိုက်ခြင်းဆိုတာ ဘယ်သူက သတ်မှတ်မှာလဲ။ ဘယ်သူကဆုံးဖြတ်မှာလဲ။ E-mail Address တစ်ခုရှိရုံနဲ့ အဲဒီပုဒ်မအတတ်ခံရတဲ့ သူတွေရှိတယ်ဆိုပြီးတော့ ထောင်ဒဏ် ၁၅ နှစ်ကျခံခဲ့ရတဲ့ သူရဲ့အနေအထားကနေ ဒီဥပဒေကို မေးခွန်း ထုတ်ခဲ့ပါတယ်။  အဲဒီလိုပဲ ကျွန်တော်ဆီရောက်နေတဲ့ သာယာဝတီထောင်မှာရောက်နေတဲ့ ထောင်ဒဏ် တစ်သက်ကျခံနေရတဲ့ တပ်မတော်အငြိမ်းစား တပ်မတော်မှာစစ်မှုထမ်းကောင်းတံဆိပ်အထိ ရခဲ့တာပါ။ ပညာအရည်အချင်းပြောရရင်လည်း ဘွဲ့တွေ၊  ဒီဂရီတွေ၊ ဒီပလိုမာတွေ အများကြီးရခဲ့တာပါ။ သို့သော် ဒီဥပဒေရဲ့ တိကျရေရာခိုင်မာမှုမရှိတဲ့အချက်နဲ့ ယနေ့ သာယာဝတီထောင်မှာ အကျဉ်းခံနေရတာ ရှိပါ တယ်။ အဲဒီလိုထဲမှာ အရပ်သားတင်မဟုတ်ပါဘူး။ တပ်မတော်သားအရာရှိတွေလည်း အငြိမ်းစားတွေ လည်း ဒီဥပဒေနဲ့ ပြစ်ဒဏ်ပေးခံနေရတာတွေရှိပါတယ်။ အဲဒါကြောင့် ကျွန်တော်က ဒီဥပဒေကို ကျွန်တာ်တို့ လူ့အခွင့်အရေး ရှုထောင့်ကလည်း ကြည့်ဖို့လိုပါတယ်။

          လေးစားရသော ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ဟာ နည်းပညာနဲ့ပတ်သက်ရင် အင်မတန်မှ အားနည်းတဲ့ပုဂ္ဂိုလ်ပါ။ ဒါကြောင့် နည်းပညာဆိုင်ရာမှာ ကျွန်တော်တင်ပြချက်သည် ချို့ယွင်းချက်ပါရင်လည်း ကျွန်တော်ကို ခွင့်ပြုစေချင်ပါတယ်။ သို့သော် အီလက်ထရောနစ်ဥပဒေကို ကျွန်တော် ခုနက အခြေခံဥပဒေထောင့်ကပြောပြီးပြီ။ ဒီဥပဒေရဲ့ ပြင်းထန်တဲ့ ပြဋ္ဌာန်းချက်ကြောင့် ခံရတဲ့လူတွေ အတွက်လည်း ပြောပြီးပြီ။ ကျွန်တော်တို့လိုချင်တာက ဒီနေ့ကာလမှာ ပြည်သူတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေလိုအပ်ပါတယ်။ တစ်ကြိမ်တည်းမှာ အကြမ်းဖက်သမားတွေ နိုင်ငံတကာ ရာဇဝတ်မှုကျူးလွန်နေတဲ့ သူတွေကို အမျိုးသားလုံခြုံရေးအရ ကျွန်တော်တို့ ထိန်းချုပ် ဟန့်တားရပါတယ်။ သို့သော်အဲဒီအချက်အလက်ကို အကြောင်းပြုပြီးတော့ ဒီအခြေခံဥပဒေအရ ပေးထားတဲ့ လူ့အခွင့်အရေးများကို မထိပါးစေချင်ပါဘူး။ ဒါကြောင့် အီလက်ထရောနစ် ဆက်သွယ် ရေးဥပဒေနှင့်ပတ်သက်ရင် ရှင်းလင်းပြတ်သားတဲ့ ဥပဒေဖြစ်စေချင်ပါတယ်။ ဥပဒေကို ပြည်သူလူထုအတွက် ခေတ်မီတဲ့ ဥပဒေတစ်ရပ်ဖြစ်စေချင်ပါတယ်။ ဒီ ဥပဒေကြောင့် ပေါ်ပေါက် လာတဲ့ ပြဿနာတွေကို ဥပဒေအသစ်ပြန်ပြီးတော့ ဆွဲခြင်းဖြင့် ဖြည့်ဆည်းစေခြင်းပါတယ်။ အဲဒီတော့ ကျွန်တော်က တော့ အခုအချိန်မှာ သတင်းစာထဲမှာလည်းပါပြီးဖြစ်ပါတယ်။ ဆက်သွယ်ရေးဝန်ကြီးဌာနက ဆက်သွယ်ရေးဥပဒေကို ပေးပို့လာပါတယ်။ အဲဒီတော့ ပုဒ်မတွေကြည့်လိုက်ရင် အီလက်ထရစ် ဥပဒေ မှာပြဋ္ဌာန်းတဲ့ ပုဒ်မ ၃၃ ခုနက ကျွန်တော်ပြောတဲ့ အင်မတန်မှ ကြီးလေးတဲ့ပြဋ္ဌာန်းချက်ပါ။ ဆက်သွယ် ရေးဥပဒေမှာလည်း ထပ်မံပြဋ္ဌာန်းထားပါတယ်။ အဲဒီတော့ ကျွန်တော်အနေနဲ့ကတော့ ဒါဟာ ဥပဒေ သမားတစ်ယောက်အနေနဲ့ ကျွန်တော်ခံယူတဲ့အချက်ကတော့ ဥပဒေတွေများလွန်းခြင်းသည် မကောင်းပါဘူး။ တူတဲ့ဥပဒေတွေကို တူညီစွာစုစည်းပြီးတော့ ကျစ်ကျစ်လျစ်လျစ်ပြဋ္ဌာန်းခြင်းဟာ နိုင်ငံသား တွေအတွက် ပိုပြီးတော့ အကျိုးရှိပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ဆက်သွယ်ရေးဥပဒေနဲ့ အီလက်ထရောနစ်ဥပဒေကို ဘယ်လိုပေါင်းစပ်လို့ ရမလဲ။ ပေါင်းစပ်လို့ရမယ်ဆိုရင်တော့ ဒီလို ဥပဒေမျိုးတွေကို တတ်နိုင်သမျှ ပေါင်းစပ်ကျင့်သုံးစေချင်ပါတယ်။  သို့သော် ကျွန်တော် ပညာရှင်မဟုတ်တဲ့ အတွက် ဒါ ပညာရှင်တွေရဲ့အမြင်ကို ကျွန်တော်တို့က လေးလေးစားစား နားထောင်ရမှာပါပဲ။ လေးစားရသောဥက္ကဋ္ဌကြီးခင်ဗျား။ အဲဒီတော့ ကျွန်တော်ဒီမှာတင်ပြချင်တဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ဒီဥပဒေကြီး၏ ဥပဒေရဲ့ မူလပြဋ္ဌာန်းတဲ့ရည်ရွယ်ချက်နဲ့ပြဋ္ဌာန်းချက်များကွဲလွဲနေတယ်လို့ ကျွန်တော်ယုံကြည်တယ်။

          နောက်တစ်ချက်က ဒီလိုပြဋ္ဌာန်းချက်ကြောင့်လည်း ကျွန်တော်တို့ အခြေခံဥပဒေတင်မကပါဘူး။ ဒီနေ့ လူ့အခွင့်အရေး၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း ၁၉ ဒါက ကျွန်တော်တို့ နိုင်ငံကိုယ်တိုင် ကုလသမဂ္ဂမှာလက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီတော့ အပိုဒ် ၁၉ မှာ လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာဖွင်‌့ဟဖော်ပြနိုင်ခွင့် အဆိုပါ အခွင့်အရေးများနှင့် အနှောင့်အယှက်မရှိ လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့်ပါဝင်သည့်အပြင် နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တစ်နည်းနည်းဖြင့် လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချီခွင့်တို့ ပါဝင်သည်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီအပိုဒ် ၁၉ ပါပြဋ္ဌာန်းချက်က အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် ဖြစ်တဲ့အတွက် ကျွန်တော်တို့ ပြည်တွင်းဥပဒေကဲ့သို့ စည်းနှောင်မှုဒီဂရီအလျော့အတင်း ရှိချင်ရှိပါမယ်။ သို့သော် ကျွန်တော်တို့ကိုယ်တိုင် သဘောတူတဲ့အတွက် ဒီစည်းနှောင်မှုကိုလည်း တစ်စုံတစ်ရာ စည်းနှောင်မှုမရှိတဲ့အတွက် ကျွန်တော်တို့ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတိုင်း၊ ဥပဒေတိုင်းမှာ အထူးသဖြင့် အခုလို ဆက်သွယ်ရေးဥပဒေ၊ အီလက်ထရောနစ်ဥပဒေတို့မှာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ ရဲ့အပေါ်မှာ လက်မှတ်ထိုးခဲ့တဲ့အနေအထားကိုလည်း ရပ်တည်ချက်ကိုပဲ ကျွန်တော်တို့ အလေး အနက်ထည့်သွင်းစဉ်းစားပြီးတော့ ဥပဒေတိုင်း၊ ဥပဒေတိုင်း ပြဋ္ဌာန်းထားတဲ့အခါတိုင်းမှာ လူ့အခွင့် အရေးနဲ့လည်း ကျွန်တော်တို့ ဆက်စပ်ထားဖို့လိုပါတယ်။ အဲဒီတော့ ချုပ်ပြီးတော့ ကျွန်တော် ဒီအဆိုနဲ့ ပတ်သက်ပြီး တင်ပြရရင် အမျိုးသားလုံခြုံရေးရှုထောင့်ကို ကျွန်တော်တို့ နားလည်ပါတယ်။ လက်ခံ ပါတယ်။ သို့သော် တစ်ကြိမ်တည်းမှာ လူ့အခွင့်အရေးနဲ့ ဥပဒေတစ်ခုအား မိမိမူလရည်ရွယ်ချက်နဲ့ ပြဋ္ဌာန်းချက်များ ကွဲလွဲနေတယ်။ ပြဋ္ဌာန်းချက်များ မသဲကွဲဘူး။ စကားလုံးမတိကျဘူး ဥပဒေကို နိုင်ငံရေးရည်မှန်းချက်နဲ့ အသုံးချနိုင် တဲ့ပြဋ္ဌာန်းချက် မျိုးဖြစ်ရင်တော့ ဥပဒေများကို ပြန်လည်ရုပ်သိမ်း ပြီးတော့ အသစ်ဆွဲသင့်ပါတယ်။ ဒါကြောင့် ၂၀၀၄ ခုနှစ် အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေကို ပြန်လည်ရုပ်သိမ်းပေးဖို့ ဥပဒေကြမ်း အဆိုတင်သွင်း ရခြင်းဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါ တယ်။ (သြဘာသံများ)

Standard (Image)