ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၊ ပြည်သူတို့၏အသံများကို ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းလေ့လာ နားထောင်၍ ပြည်သူတို့၏ လိုအပ်ချက်နှင့် လိုလားချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေး

နေပြည်တော်၊ ဇန်နဝါရီ ၂၇

          ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယနေ့ မွန်းတည့် ၁၂ နာရီတွင် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ဖြူးမြို့နယ် ပရိယတ္တိ သာသနာ့ဗိမာန်တော်၌ ရင်းရင်းနှီးနှီး တွေ့ဆုံသည်။

          အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဉာဏ်ဝင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့ လွှတ်တော် ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဖြူးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ ရွေးချယ်တင်မြှောက်ထားသော ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

          ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမှာစကားပြောကြားရာတွင် မိမိတို့အဖွဲ့ ယခုကဲ့သို့ရောက်ရှိလာကြရခြင်းမှာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း မှီတင်းနေထိုင် ကြသည့် ဒေသခံပြည်သူများ၏ ဆန္ဒများ၊ လိုအပ်ချက်များနှင့် လိုလားချက်များကို မေးမြန်းသိရှိ လို၍ ဖြစ်ကြောင်း၊ ဖြူးမြို့နယ်သည် တောင်ငူခရိုင်၏ တောင်ဘက်အစွန်ဆုံး မြို့နယ်ဖြစ်ပြီး ဆက်စပ်မြို့နယ် သည် ကျောက်ကြီးမြို့ဖြစ်ကြောင်း၊ ထူးခြားချက်အနေဖြင့် ဖြူးမြို့နှင့် ကျောက်ကြီးမြို့တို့သည် တောင်ငူခရိုင် အတွင်းရှိ အခြားမြို့နယ်များနှင့်နှိုင်းယှဉ်ပါက ဖွံ့ဖြိုးမှုနောက်ကျသည်ကို တွေ့ရှိရကြောင်း၊ ပဲခူးတိုင်းဒေသကြီး အတွင်း  ယခင်က လက်နက်ကိုင်ပဋိပက္ခများရှိခဲ့သည့်အတွက် ကျောက်ကြီး မြို့နယ်နှင့် ဖြူးမြို့နယ်တို့မှာ အထူးခံစားခဲ့ရကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိသည့်အတွက် ဖွံ့ဖြိုးမှုနောက်ကျ ခဲ့သည်ဟု ဆိုနိုင်ကြောင်း။

 ယခုအခါ အဆိုပါ မြို့နယ်(၂)မြို့နယ်တွင် နယ်မြေတည်ငြိမ်အေးချမ်းမှု တိုးတက် ကောင်းမွန်လာပြီ ဖြစ်သည့်အတွက် စီးပွားရေးဖွံ့ဖြိုး တိုးတက်လာစေရန် ဆောင်ရွက် နိုင်ကြပြီဖြစ်ကြောင်း၊ ယခုအချိန်၌ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး များကို သက်ဆိုင်ရာနယ်မြေဒေသအလိုက် ရပ်မိရပ်ဖ၊ ပြည်သူများ၏ ဆန္ဒအတိုင်း ရွေးချယ် တင်မြှောက်ခွင့် ရရှိပြီဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးနိုင်ရန်အတွက် ပါတီများစွာလည်း ရှိလာပြီဖြစ်ကြောင်း၊ ပြည်သူက ယုံကြည်၍ ရွေးချယ်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များအနေဖြင့် မိမိဒေသနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြရန် တာဝန်ရှိနေကြောင်း၊   လွှတ်တော်အနေဖြင့် မေးခွန်းများ မေးမြန်းခြင်း၊ အဆိုများ တင်သွင်းခြင်း၊ ဥပဒေများ ပြဋ္ဌာန်းခြင်းများကို လွှတ်တော်ကျင်းပနေစဉ် ကာလ အတွင်း ပြည်သူ့အကျိုး ရှေးရှုကာ ဆောင်ရွက်လျက်ရှိနေသကဲ့သို့ လွှတ်တော်နားနေချိန်များတွင်လည်း ကိုယ်စားလှယ်များ အနေဖြင့် ပြည်သူများအကြား ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်း လေ့လာကာ ပြည်သူနှင့်ထိတွေ့ ဆက်ဆံရန် လိုအပ်ကြောင်း၊ သို့မှသာ ပြည်သူတို့၏ဆန္ဒနှင့် လိုအပ်ချက်များကို သိရှိကြရမည် ဖြစ်ပြီး ပြည်သူ့အကျိုးစီးပွား များဖြစ်ထွန်းစေရန်နှင့် ပြည်သူ့အခွင့်အရေးများ ကာကွယ် စောင့်ရှောက်ပေး နိုင်ကြမည်ဖြစ်ကြောင်း။

          ထို့အပြင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများသည် ပြည်သူနှင့် ထိတွေ့ ဆက်ဆံနေရသည့်အတွက် အလွန်အရေးကြီးပါကြောင်း၊ မတရားမှု၊ မမျှတမှု၊ ခွဲခြားဆက်ဆံမှု များကို ပြည်သူများက မလိုလားသည့်အတွက် အထူးဂရုပြုဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ယခုရွေးချယ်တင်မြှောက်ထားပြီးဖြစ်သည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များ၏ အခန်းကဏ္ဍသည် များမကြာမီကာလတွင် အသက်ဝင်လာတော့ မည်ဖြစ်ကြောင်း၊ ထို့အတွက် အုပ်ချုပ်ရေးမှူးများသည် တရားမျှတစွာ ဥပဒေနှင့်အညီ ရပ်ရွာအကျိုး၊ ဒေသအကျိုးကို ကာကွယ်စောင့်ရှောက် သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း။

          နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများကို ပြည်သူများက လေးစားစွာ လိုက်နာ နေထိုင်ကြရန်လိုအပ်သကဲ့သို့ ဥပဒေပြဋ္ဌာန်းသည့်အဖွဲ့အစည်းများနှင့် ထိန်းသိမ်း စောင့်ရှောက်နေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကလည်း လေးစားစွာ ထိန်းသိမ်း စောင့်ရှောက်သွားကြရန်လိုအပ်ကြောင်း၊ တရားဥပဒေစိုးမိုးရန်ကိစ္စရပ်များမှာ အစိုးရ တစ်ခုတည်းအနေဖြင့် ဆောင်ရွက်၍မရဘဲ ပြည်သူတစ်ရပ်လုံးကပါ သက်ဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ ပြည်သူကို ကိုယ်စားပြုသည့် ပြည်သူ့ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ အစိုးရအဖွဲ့ကိုယ်စား တာဝန်ထမ်းဆောင် ရသည့် ပြည်သူဝန်ထမ်းများအနေဖြင့် ပြည်သူ့ဆန္ဒကို လေးစားကာ ပြည်သူ့လိုအင်ဆန္ဒကို အဓိက ဖြည့်ဆည်းဆောင်ရွက်ပေး သွားကြ ရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

          ယင်းနောက် ဖြူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းအောင်က မြို့နယ်ဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြသည်။

          ထို့နောက် အခမ်းအနားတက်ရောက်လာကြသော ဒေသခံပြည်သူများက ဒေသတွင်း လိုအပ်ချက်များနှင့်ပတ်သက်၍ တင်ပြကြရာ ပြည်ထောင်စုအစိုးရအဖွဲ့ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးကြပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လိုအပ်သည်များ ကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

          ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဉာဏ်ဝင်းက တင်ပြချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအမံများအပေါ် ရှင်းလင်းဆွေးနွေးတင်ပြသည်။

          ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လိုအပ်သည်များ လမ်းညွှန် မှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ဌာနဆိုင်ရာ တာဝန်ရှိသူများက အသေးစိတ်ပြန်လည်ရှင်းလင်းဖြေကြား ပေးသည့်အတွက် မိမိအနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ သို့သော် အချို့သော တင်ပြချက် များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားပေးနိုင်ရန် လိုအပ်နေသည့်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းကာ ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ လွှတ်တော်တွင် ပါတီ(၁၇)ခုမှ လွှတ်တော်ကိုယ်စားလှယ်များ၊ တစ်သီးပုဂ္ဂလနှင့် တပ်မတော်သားကိုယ်စားလှယ်များ ပါရှိပါကြောင်း၊ လွှတ်တော်တွင် ဥပဒေပြုရေးတာဝန်နှင့် အချင်းချင်း အပြန်အလှန်ထိန်းကျောင်းရေး တာဝန်တို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေ များကို ပြဋ္ဌာန်းရန် ဆောင်ရွက်ရာတွင် ပြည်သူလူထုလေ့လာနိုင်စေ ရန်နှင့် ဆွေးနွေးနိုင်စေရန် သတင်းစာများ တွင်ဖော်ပြပေးခဲ့ကြောင်း၊ လွှတ်တော်တစ်ခုတည်းကသာ ဥပဒေပြုခြင်း မဟုတ်ဘဲ သက်ဆိုင်ရာအစိုးရအဖွဲ့၊ ပညာရှင်များနှင့် ပြည်သူလူထုပါ ပါဝင်ပူးပေါင်းရေးဆွဲ ကြခြင်းဖြစ်ကြောင်း၊ လူအများပူးပေါင်းပါဝင်လေ အမြင်စုံလေဖြစ်ကာ ပိုမိုကောင်းမွန်သည့် ဥပဒေများကိုပြဋ္ဌာန်းရေးဆွဲနိုင်မှာဖြစ်ကြောင်း၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်များ အချင်းချင်းအပြန်အလှန်ထိန်းကျောင်း တည့်မတ်ခြင်းသည် ဒီမိုကရေစီစနစ်ပင် ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်ရာတွင် အနည်းနှင့်အများ အခက်အခဲများရှိတတ်ပါကြောင်း၊ ဒီမိုကရေစီသဘောသဘာဝကို အမှန်တကယ်နားလည် ကျင့်သုံးတတ်ရန်လိုကြောင်း၊ ဒီမိုကရေစီ ဘန်းပြပြီး ဒီမိုကရေစီ အနိုင်ကျင်‌့ခြင်း၊ ဒီမိုကရေစီ အကျပ်ကိုင်ခြင်းများမဖြစ်ရန် လိုအပ်ပါကြောင်း၊ ဘဝမမေ့ရန်၊ ဒေသမမေ့ရန်၊ ဌာနမမေ့ရန်နှင့် ကိုယ့်နိုင်ငံကို ကိုယ်မမေ့ရန်လိုအပ်ကြောင်း၊ ထို့အတူ နိုင်ငံတော်ကို ကာကွယ်ရန် တာဝန်ရှိသည်ကို မမေ့လျော့ရန်လိုကြောင်း။

          ဤဒေသသည် စီးပွားရေးဖွံ့ဖြိုးမှု နောက်ကျနေသောကြောင့် ကြိုးစားဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းဖြင့် အကျယ်တဝင့် မှာကြားသည်။

  တွေ့ဆုံပွဲအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် အခမ်းအနားသို့ တက်ရောက် လာကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

Standard (Image)