အမျိုးသားလွှတ်တော်မှ အတည်ပြုချက်ဖြင့်ပေးပို့သော တရားရုံးများမထီမဲ့မြင်ပြုမှု ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုတင်သွင်းထားသည့် တစ်ပိုဒ်ချင်းစီအလိုက်ဆွေးနွေး၍ အတည်ပြု ရန် ပြည်သူ့လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
ဥက္ကဋ္ဌ။ ။ အစီအစဉ် ၉ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အမျိုးသား လွှတ်တော်မှာ စတင်တင်သွင်းပြီး အတည်ပြုချက်ဖြင့် ပေးပို့လာသော တရားရုံးများကို မထီမဲ့မြင်ပြုမှု ဥပဒေကြမ်းကို ၂၁-၈-၂၀၁၁ ရက်နေ့မှာ လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးတင်ပြပြီး ဖြစ်ပါတယ်။ ကော်မတီရဲ့အစီရင်ခံစာကိုလည်း ၂၂-၁၀-၂၀၁၂ ရက်နေ့တွင် တင်သွင်းခဲ့ပြီး ဖြစ်ပါ တယ်။ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ စတင်ဆွေးနွေးပါမယ်။ ဒါကြောင့် ဒီဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီမှ စတင်ဆွေးနွေးတင်ပြဖို့ ဖိတ်ခေါ်ပါတယ်။
ဦးသိန်းထွန်းဦး(အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ)။ ။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး အမရပူရမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီဝင် ဦးသိန်းထွန်းဦးဖြစ်ပါတယ်။ ဥပဒေကြမ်းကော်မတီအနေဖြင့် တရားရုံးများ မထီမဲ့မြင်ပြုမှုဥပဒေကြမ်းနှင့်စပ်လျဉ်း၍ မူလပြဋ္ဌာန်းချက်အမျိုးသားလွှတ်တော်၏ ပြင်ဆင်အတည်ပြုချက်နှင့် ပြည်သူ့လွှတ်တော်၏ ပြင်ဆင်တင်ပြချက် ဇယားအား အတည်ပြုပေးပါရန် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၅၉ အရ တင်ပြမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ တရားရုံးများ မထီမဲ့မြင်ပြုမှု ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုတရား လွှတ်တော်ချုပ်မှ တင်သွင်းလာသည့် မူလဥပဒေကြမ်းကို ၁၅-၈-၂၀၁၂ ရက်နေ့တွင် လက်ခံရရှိခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများထံ ၂၁-၈-၂၀၁၂ ရက်နေ့တွင် ဖြန့်ဝေခဲ့ပါတယ်။ ဥပဒေကြမ်း ကော်မတီ၏ လေ့လာစိစစ်တွေ့ရှိချက်အစီရင်ခံစာကို ၂၂-၁၀-၂၀၁၂ ရက်နေ့၌ လွှတ်တော်တွင် ဖတ်ကြားတင်ပြပြီးဖြစ်ပါတယ်။ ဥပဒေကြမ်းကော်မတီ၏ လေ့လာစိစစ်တွေ့ရှိချက်များအပေါ် ပြင်ဆင်ချက်အဆိုတင်သွင်းလိုတဲ့ လွှတ်တော် ကိုယ်စားလှယ်များရဲ့ အမည်စာရင်းကို တောင်းခံခဲ့ရာမှာ ပြင်ဆင်ချက်အဆိုတင်သွင်းခဲ့ကြတဲ့ ကိုယ်စားလှယ်များ ကတော့ ဦးသိန်းရီ၊ ထန်းတပင်မဲဆန္ဒနယ်နှင့် သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဦးသိန်းညွန့်တို့ဖြစ်ကြပါတယ်။ ဥပဒေကြမ်းကော်မတီ၏ စိစစ်ချက်၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ပြင်ဆင်ချက်များကို ၂၁-၁-၂၀၁၃ ရက်နေ့မှာ ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပြီး ပြည်ထောင်စုလွှတ်တော်မှ လည်း ဥပဒေကြမ်းကော်မတီ ၏ ပြင်ဆင်ချက် များအပေါ်တွင် သဘောတူ လက်ခံခဲ့ပြီးဖြစ်ပါတယ်။
ထိုအပြင် ဒီဥပဒေကြမ်း၏ ပြည်သူ့လွှတ်တော်မှပြင်ဆင်ရန်တင်ပြချက်ဇယားကိုလည်း ယနေ့ ၂၈-၁-၂၀၁၃ ရက်နေ့မှာ ကိုယ်စားလှယ်တော်ကြီးများထံသို့ ဖြန့်ဝေပြီးလည်းဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ဤဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၅၉ အပိုဒ်ခွဲ (က)၊(ခ)၊ (ဂ) နှင့် (ဃ) တို့အရ အပိုင်း ၃ ပိုင်းခွဲပြီး အတည်ပြုပေးနိုင်ပါရန် ဥပဒေကြမ်းကော်မတီကိုယ်စား အောက်ပါအတိုင်း အဆိုပြုတင်ပြအပ်ပါတယ်။ ဤဥပဒေကြမ်းမှာ ပြင်ဆင်ချက် ၁၉ ချက်ရှိသည့်အနက် အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း ဥပဒေကြမ်းကော်မတီမှ သဘောတူထားပြီး လွှတ်တော် ကိုယ်စားလှယ်များမှလည်း ပြင်ဆင်ချက်တင်သွင်းခြင်းမရှိတဲ့ ပုဒ်မများမှာ အောက်ပါအတိုင်း ဖြစ်ပါ တယ်။ အခန်း(၁) အမျိုးသားလွှတ်တော် ပြင်ဆင်ချက် ပုဒ်မနှင့် ပုဒ်မခွဲ(ဂ)၏ ပုဒ်မခွဲငယ်(၂)နှင့် ပုဒ်မခွဲငယ်(၃)၊ အခန်း(၂) အမျိုးသားလွှတ်တော် ပြင်ဆင်ချက် ပုဒ်မ ၃၊ ပုဒ်မ ၄ နှင့် ပုဒ်မ ၆၊ အခန်း (၃) အမျိုးသားလွှတ်တော် ပြင်ဆင်ချက် ပုဒ်မ ၇ နှင့် ပုဒ်မ ၉၊ အခန်း(၄) အမျိုးသားလွှတ်တော် ပြင်ဆင်ချက် ပုဒ်မ ၁၂ တို့ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ဖော်ပြပါ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီမှ သဘောတူထားသည့် အမျိုးသားလွှတ်တော်၏ ပြင်ဆင်အတည်ပြုချက် အချက် ၇ ချက်အား လွှတ်တော်မှ အတည်ပြုပေးနိုင် ပါရန် လေးစားစွာနှင့် အဆိုတင်သွင်း အပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။(သြဘာသံများ)
ဥက္ကဋ္ဌ။ ။ ဥပဒေကြမ်းကော်မတီရဲ့ တင်ပြချက်တွေဟာ လွှတ်တော်ကိုယ်စားလှယ်များ လက်ထဲမှာရောက်ရှိနေတဲ့ ကန့်လန့်ဖြတ်ဇယားမှာကြည့်လို့ရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၅၉ အရ တရားရုံးများကိုမထီမဲ့မြင်ပြုမှု ဥပဒေကြမ်း နှင့်စပ်လျဉ်းပြီး အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက် ၁၈ ချက်ရှိတဲ့အနက် အမျိုးသားလွှတ်တော်ရဲ့ ပြင်ဆင်ချက် ၄ ချက်ကို ဥပဒေကြမ်းကော်မတီမှ သဘောတူထားပါတယ်။ ဥပဒေကြမ်းကော်မတီက သဘောထားတဲ့ ပြင်ဆင်ချက် ၄ ချက်ကို အမျိုးသားလွှတ်တော်ရဲ့ပြင်ဆင်ချက်အတိုင်း အတည်ပြုရန် လွှတ်တော်က သဘောတူပါ သလားခင်ဗျား။
[သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်ကသဘောတူပါသည်။]
ဥက္ကဋ္ဌ။ ။သဘောမတူတဲ့သူရှိပါသလားခင်ဗျား။ သဘောမတူသူမရှိတဲ့အတွက် တရားရုံး များကို မထီမဲ့မြင်ပြုမှုဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ပြင်ဆင်ရန်အချက် ၁၈ ချက်ရှိတဲ့အနက် ဥပဒေကြမ်း ကော်မတီက သဘောတူထားတဲ့ ပြင်ဆင်ချက် ၄ ချက်ကို အမျိုးသားလွှတ်တော်ရဲ့ ပြင်ဆင်ချက် အတိုင်း အတည်ပြုကြောင်းကြေညာ ပါတယ်။(သြဘာသံများ)
ဥက္ကဋ္ဌ။ ။ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၅၉ အရ တရားရုံးများကို မထီမဲ့မြင် ပြုမှုဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ဥပဒေကြမ်းကော်မတီမှပြင်ဆင်ထားတဲ့အချက် ၂ ချက်က ဥပဒေကြမ်း ကော်မတီက လွှတ်တော်သို့ တင်ပြဖို့ဖြစ်ပါတယ်။ ဥပဒေကြမ်းကော်မတီအား ဖိတ်ခေါ်ပါတယ်။
ဦးသိန်းထွန်းဦး(အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ)။ ။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ဤဥပဒေကြမ်း၌ပါရှိတဲ့ အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်း မဟုတ်ဘဲ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီမှ မူလပြဋ္ဌာန်းချက်အတိုင်း သဘောတူထားပြီး ပြင်ဆင်ချက်အဆိုတင်သွင်းထားခြင်း မရှိတဲ့ပုဒ်မများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ အခန်း(၂) မူလပုဒ်မ ၅ နှင့် အခန်း(၅) မူလပုဒ်မ ၁၂ တို့ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ဖော်ပြပါပြည်သူ့ လွှတ်တော်ဥပဒေကြမ်းကော်မတီမှ သဘောတူထားသည့် မူလပြဋ္ဌာန်းချက်များအတိုင်း လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် လေးစားစွာအဆိုတင်သွင်းအပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါ တယ်။ (သြဘာသံများ)
ဥက္ကဋ္ဌ။ ။ လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၅၉ အရ တရားရုံးများကို မထီမဲ့မြင်ပြုမှု ဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး အမျိုးသားလွှတ်တော်ရဲ့ အတည်ပြုချက်အတိုင်းမဟုတ်ဘဲ မူလပြဋ္ဌာန်း ချက်အတိုင်း ဥပဒေကြမ်းကော်မတီမှပြင်ဆင်ထားသည့် ပြင်ဆင်ချက် ၂ ချက်အား ဥပဒေကြမ်း ကော်မတီ၏ပြင်ဆင်ချက်များ အတိုင်း အတည်ပြုရန် လွှတ်တော်က သဘောတူပါသလားခင်ဗျား။
[သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်ကသဘောတူပါသည်။]
ဥက္ကဋ္ဌ။ ။ သဘောမတူတဲ့သူရှိပါသလားခင်ဗျား။ သဘောမတူသူမရှိတဲ့အတွက် ဥပဒေကြမ်းကော်မတီရဲ့ တင်ပြချက် အတည်ဖြစ်ကြောင်းကြေညာပါတယ်။(သြဘာသံများ)
ဥက္ကဋ္ဌ။ ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ထန်းတပင်မဲဆန္ဒနယ်မှ ဦးသိန်းရီက ပြင်ဆင်ချက်အပိုဒ် ၅ ပိုဒ် တစ်ဆက်တည်း တင်ပြဖို့ တင်ပြထားပါတယ်။ ဒါကြောင့် ဦးသိန်းရီ တင်ပြ ပေးဖို့ ဖိတ်ခေါ်ပါတယ်။
ဦးသိန်းရီ(ထန်းတပင်မဲဆန္ဒနယ်)။ ။ လေးစားအပ်ပါသာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ပြင်ဆင်လိုသည့် အပိုဒ်များက အမှတ်စဉ် ၁ တရားရုံးများကို မထီမဲ့မြင်ပြုမှုဥပဒေခေါင်းစဉ်မှာ တရားရုံးများသည် မြို့နယ်၊ ခရိုင်၊ တိုင်းတို့အလိုက် ကိုယ်စားပြုတဲ့ အနေအထားမျိုးတွေရှိတဲ့အတွက်ကြောင့်မို့လို့ လက်ရှိတည်ဆဲဥပဒေ ၉၂၆ ဥပဒေအရလည်း များ ဆိုတာကို အများကို ကိုယ်စားပြုတယ်ဆိုတဲ့သဘောအရ တရားရုံးများကို မထီမဲ့မြင်ပြုမှု ဥပဒေဟု ပြင်ဆင်လိုပါတယ်။ အမှတ်စဉ် ၂ အခန်း(၁) အပိုဒ် ၁ မှ ဤဥပဒေကို တရားရုံးများကို မထီမဲ့မြင်ပြုမှု ဥပဒေဟု ခေါ်တွင်စေရမည်။ များကို ဆက်လက်ပြီးတော့ အသုံးပြုခြင်းဖြစ်ပါတယ်။ အမှတ်စဉ် ၃ အပိုဒ် ၂ အပိုဒ်ခွဲ (က) တရားရုံးများကို မထီမဲ့မြင်ပြုမှုဆိုသည်မှာ တရားမဆိုင်ရာမထီမဲ့မြင်ပြုမှုနှင့် ပြစ်မှုဆိုင်ရာ မထီမဲ့မြင်ပြုမှုကို ဆိုလိုသည်။ များကို ပြင်ဆင်ခြင်းွဖစ်ပါတယ်။ ဥက္ကဋ္ဌကြီး ခင်ဗျား။ အမှတ်စဉ် ၅ အခန်း(၁) အပိုဒ် ၂ (ဂ) ဖြည့်စွက်လိုတဲ့အချက်ဖြစ်ပါတယ်။ (ဂ) မှာ အပိုဒ် ၄ အဖြစ် တရားရုံးများက ဆုံးဖြတ်ရန်ရှိသောအချက်များကို တစ်စုံတစ်ရာ အဆုံးအဖြတ်မပေးရသေးမည့် ကြိုတင်ဝေဖန်ပြောဆိုခြင်း၊ ရေးသားဖော်ပြခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း၊ ဖြန့်ချီခြင်းတို့ကို ပြင်ဆင်လိုခြင်း ဖြစ်ပါတယ်။
ဥက္ကဋ္ဌ။ ။ စာမျက်နှာပါဖော်ပြပေးပါ။
ဦးသိန်းရီ(ထန်းတပင်မဲဆန္ဒနယ်)။ ။ စာမျက်နှာ ၉ အမှတ်စဉ် ၁၉ အခန်း(၉) အပိုဒ် ၁၃ မှာ ကျွန်တော့်အနေနဲ့ အမျိုးသားလွှတ်တော်ရဲ့ပြင်ဆင်ချက်မှာ တရားရုံးများကို မထီမဲ့မြင်ပြင်မှုကို ကျူးလွန်ခဲ့သည်ဟု အဆိုရှိသောနေ့မှစ၍ တစ်နှစ်အတွင်း အမှုကို စွဲဆိုရမည်။ သတ်မှတ်ထားသော ကာလထက် ကျော်လွန်ပါက မည်သည့်တရားရုံးတော်ကမျှ အဆိုပါအမှုကို အရေးယူဆောင်ရွက်ခြင်း မပြုရဟု မူလပြဋ္ဌာန်းချက်အရလည်းကောင်း အမျိုးသားလွှတ်တော်ရဲ့ပြင်ဆင်ချက် တစ်နှစ်ဆိုတဲ့ အချက်နဲ့ကိုက်ညီမှုရှိစေရန်အတွက် ပြင်ဆင်လိုခြင်းဖြစ်ပါတယ်။ ကျွန်တော်ရဲ့ပြင်ဆင်ချက်မှာ မူလ ပြဋ္ဌာန်းချက်အတိုင်း ပြင်ဆင်ပေးပါရန် လေးစားစွာတင်သွင်းအပ်ပါတယ်။
ဥက္ကဋ္ဌ။ ။ ဥပဒေကြမ်းကော်မတီရဲ့ သဘောထားပြောပါ။
ဦးသိန်းထွန်းဦး(အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဥပဒေကြမ်းကော်မတီအနေနဲ့ သဘောတူပါတယ်။ ဦးသိန်းရီ၊ ထန်းတပင်မဲဆန္ဒနယ်ရဲ့ ပြင်ဆင်ချက် အဆို ၅ ခုရှိပါတယ်။ စာမျက်နှာ ၁ မှာ အမှတ်စဉ် (၁)၊ (၂)၊ (၃)၊ စာမျက်နှာ ၃ မှာ အမှတ်စဉ်(၆) နှင့် စာမျက်နှာ ၉ မှာ အမှတ်စဉ် ၁၉ ဖြစ်ပါတယ်။ အမှတ်စဉ် ၁၉ မှာကတော့ ဦးသိန်းညွန့်၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်နဲ့ ကျွန်တော်တို့ သဘောထားရယူရမှာဖြစ်တဲ့အတွက် အထက်အချက် ၄ ချက်အပေါ်မှာ အဆုံးအဖြတ်ပေးရမှာ ဖြစ်ကြောင်း ဖြည့်စွက် တင်ပြအပ်ပါတယ်။
ဥက္ကဋ္ဌ။ ။ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်ရဲ့သဘောထားပြောပါ။ တရား လွှတ်တော်ချုပ်ရဲ့သဘောထားပြောပါ။
ဦးစိုးညွန့်(တရားသူကြီး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ထန်းတပင် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းရီတင်သွင်းသွားတဲ့ ပြင်ဆင်ရန်အချက် ၅ ချက် နှင့်ပတ်သက်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်က သဘောတူပါကြောင်း တင်ပြအပ်ပါတယ် ခင်ဗျား။
ဥက္ကဋ္ဌ။ ။ ဦးသိန်းရီရဲ့အဆိုနှင့် စပ်လျဉ်းပြီး ပြည်သူ့လွှတ်တော်က သဘောတူပါ သလားခင်ဗျား။
[သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်ကသဘောတူပါသည်။]
ဥက္ကဋ္ဌ။ ။ သဘောမတူတဲ့သူရှိပါသလားခင်ဗျား။ သဘောမတူသူမရှိတဲ့အတွက် ထန်းတပင်မဲဆန္ဒနယ်မှ ဦးသိန်းရီရဲ့ ပြင်ဆင်ချက်အဆို အတည်ဖြစ်ကြောင်းကြေညာပါ တယ်။(သြဘာသံများ)
ဥက္ကဋ္ဌ။ ။ သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဦးသိန်းညွန့်က ပြင်ဆင်ချက်များတင်ပြဖို့ ဖိတ်ခေါ်ပါတယ်။
ဦးသိန်းညွန့်(သင်္ဃန်းကျွန်းမဲဆန္ဒနယ်)။ ။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အရင်ကျွန်တော် ဥက္ကဋ္ဌကြီးမှ တဆင့် ပြည်သူ့လွှတ်တော်ကို တင်ပြချင်တဲ့အချက်ကတော့ ပြည်သူ့လွှတ်တော်ရုံး ကနေ လွှတ်တော် ကိုယ်စားလှယ်အားလုံးကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့ကဖြန့်ဝေထားပြီးဖြစ်တဲ့ ကျွန်တော့်ရဲ့တရားရုံးများကို မထီမဲ့မြင်ပြုမှု အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေမူကြမ်းအားပြန်လည် ရုပ်သိမ်းခွင့်ပေးပါရန် ဥက္ကဋ္ဌကြီးမှတစ်ဆင့် ကျွန်တော်တင်ပြပါတယ်။ ကျွန်တော့်ဥပဒေကြမ်းကို ရုပ်သိမ်းပြီးဖြစ်တဲ့အတွက် အခုပြင်ဆင်ချက်များကို ကျွန်တော်တစ်ပေါင်းတည်းဆွေးနွေးပါမယ်။
ဥက္ကဋ္ဌ။ ။ ဦးသိန်းညွန့်မူလတင်ပြခဲ့တဲ့ တရားရုံးများကို မထီမဲ့မြင်ပြုမှုပြင်ဆင် အဆိုပြုချက်ကို ဦးသိန်းညွန့်ကပြန်လည်ရုပ်သိမ်းမယ်ဆိုကြောင်းတင်ပြပါတယ်။ ဒီကိစ္စနဲ့ပတ်သက် ပြီးတော့ ပြန်လည်ရုပ်သိမ်းဖို့လည်း လိုအပ်ပါတယ်။ သို့ရာတွင် ဥပဒေလုပ်ထုံးလုပ်နည်းအရ လွှတ်တော်ရဲ့အတည်ပြုချက် ရပါ့မယ်။ ဒါကြောင့်မို့လို့ ဦးသိန်းညွန့်တင်ပြခဲ့တဲ့ တရားရုံးများကိုမထီမဲ့မြင်ပြုမှုပြင်ဆင်ချက်အဆို ရုတ်သိမ်းမှုကို လွှတ်တော်က သဘောတူပါသလားခင်ဗျား။
[သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်ကသဘောတူပါသည်။ ]
ဥက္ကဋ္ဌ။ ။ သဘောမတူတဲ့သူရှိပါသလားခင်ဗျား။ သဘောမတူတဲ့သူမရှိတဲ့ အတွက် ဦးသိန်းညွန့်တင်ပြခဲ့တဲ့ တရားရုံးများကိုမထီမဲ့မြင်ပြုမှုပြင်ဆင်ချက်အဆိုအား ရုတ်သိမ်းကြောင်း အတည်ပြုကြေညာ ပါတယ်။
ဥက္ကဋ္ဌ။ ။ ဆက်ပြီးတင်ပြပါ။
ဦးသိန်းညွန့်(သင်္ဃန်းကျွန်းမဲဆန္ဒနယ်)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပြင်ဆင်ချက် အမှတ်စဉ် ၄ အပိုဒ် ၂ မှာ စကားလုံး စကား အထားအသို ကျွန်တော်ပြန်လည်ပြီးတော့ ပြင်ဆင်ပါရစေ။ အဲ့ဒါကကတော့ တရားမဆိုင်ရာမထီမဲ့မြင်ပြုမှုဆိုသည်မှာ တရားရုံးတစ်ရုံးကချမှတ်သော ဥပဒေနဲ့ ညီညွတ်သည့်စီရင်ချက်၊ ဒီဂရီ၊ အမိန့်၊ ညွှန်ကြားချက် သို့မဟုတ် ထုတ်ဆင့်သောဆင့်စာကို တမင်သက်သက်မလိုက်နာခြင်းကိုဆိုလိုသည်။ ကြိုးကြောင်းဖော်ပြချက်ကတော့ ဒီနေ့အချိန်အထိ မျှတတဲ့ ဥပဒေနဲ့ညီတဲ့စီရင်မှုများကို မကြုံတွေ့ရတဲ့ဖြစ်ရပ်အမြောက်အများရှိပါတယ်။ ဒါကြောင့် ဥပဒေနဲ့ညီညွတ်သည့် စီရင်ချက်၊ ဒီဂရီ၊ အမိန့်၊ ညွှန်ကြားချက်ကိုသာလျှင် ပြည်သူပြည်သားတွေက နာခံဖို့လိုပါတယ်။ အဲ့ဒီအချက်ကြောင့် ကျွန်တော် ဒီပြင်ဆင်ချက်ကိုတင်သွင်းခြင်းဖြစ်ပါတယ်။
နောက် အမှတ်စဉ် ၅ အပိုဒ် ၂ အပိုဒ်ခွဲ ၃ မှာ ကျွန်တော်ပြင်ဆင်ထားတာကတော့ တရားရုံး၏ ဥပဒေကအပ်နှင်းထားသော အခွင့်အာဏာကို သေးသိမ်စေရန် သို့မဟုတ် သေးသိမ်ခြင်းဖြစ်စေ ရန်သော် လည်းကောင်းလို့ ကျွန်တော်ပြင်ဆင်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဥပဒေက မအပ်နှင်းတဲ့ အခွင့် အာဏာတွေနဲ့ ပြည်သူလူထုကိုထိပါးတဲ့ လုပ်ရပ်တွေရှိနေတဲ့အတွက် အခု ဒီဥပဒေကိုပြဋ္ဌာန်းတဲ့အခါမှာ တိတိ ကျကျဖြစ်စေချင်ပါတယ်။ ဒါကြောင့် ပြင်ဆင်မှုကို တင်ပြရခြင်းဖြစ်ပါတယ်။
နောက်အမှတ်စဉ် ၁၀ အခန်း (၂) အပိုဒ် ၅ မှာ ကျွန်တော်က ဘာထပ်ဖြည့်ထားလဲဆိုတော့ (ဃ) အခြားးနည်းလမ်းအရဖြစ်စေ၊ မိမိတရားရုံးနှင့် မိမိ လက်အောက်ခံတရားရုံးတစ်ရုံးကို မထီမဲ့မြင်ပြုမှု အား အရေးယူပိုင်ခွင့်သည်။ သို့ရာတွင် လက်အောက်ခံတရားရုံးတစ်ရုံးအပေါ် ကျူးလွန်ကြောင်း စွပ်စွဲထားသည့် မထီမဲ့မြင်ပြုမှုအား ပြစ်မှုဆိုင်ရာဥပဒေအရ ပြစ်ဒဏ်ချမှတ်နိုင်သော မထီမဲ့မြင်ပြုမှု ဖြစ်ပါက ယင်းပြစ်မှုကိုအရေးယူခွင့်မရှိစေရ။ ကျွန်တော်တို့ ရာဇသတ်ကြီးမှာ တရားရုံးကို ထိပါးလို့ရှိရင် အရေးယူနိုင်တဲ့ဥပဒေများပြဋ္ဌာန်းပြီးသားဖြစ်ပါတယ်။ အဲ့ဒါကြောင့် နှစ်ထပ်ကွမ်း ပြစ်ဒဏ်ပေးတဲ့အဖြစ်မျိုး ပြည်သူပြည်သားတွေမကြုံနိုင်ဖို့အတွက် ဒီပြင်ဆင်မှုကိုတင်ရခြင်းဖြစ်ပါ တယ်။ (ဃ) မိမိရုံးနှင့် မိမိလက်အောက်ခံတရားရုံးတစ်ရုံးကို မထီမဲ့မြင်ပြုမှုအား အရေးယူပိုင်ခွင့် ရှိသည့် သို့ရာတွင် လက်အောက်ခံတရားရုံးတစ်ရုံးအပေါ်တွင် ကျူးလွန်ကြောင်းစွပ်စွဲထားသည့် မထီမဲ့မြင်ပြုမှုမှာ ပြစ်မှုဆိုင်ရာဥပဒေအရ ပြစ်ဒဏ်ချမှတ်နိုင်သော မထီမဲ့မြင်ပြုမှုဖြစ်ပါက ယင်းပြစ်မှုကို အရေးယူခွင့်မရှိစေရ။ ကျိုးကြောင်းဖော်ပြချက်ကတော့ ခုနက (ဃ)မှာ ကျွန်တော် တင်ပြပြီးဖြစ်ပါတယ်။
အမှတ်စဉ် ၁၃ အပိုဒ် ၈ မှာ ကျွန်တော်ဖြည့်ထားတာရှိပါတယ်။ (က) တရားသူကြီး တစ်ဦးဦး၏ပုဂ္ဂိုလ်ရေးအမှားအယွင်းအပေါ် ရေးသားတိုင်ကြားခြင်း၊ ထုတ်ဖော်ပြော ဆိုခြင်းသည် တရားရုံးကိုမထီမဲ့မြင်ပြုရာမရောက် ဒီနေ့ ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲ လွှတ်တော် ကော်မတီတွေ ကိုရောက်တဲ့ စာတွေအရရော၊ လက်တွေ့အရရော တရားသူကြီးတွေရဲ့ တော်တော် များများရဲ့ အမှားအယွင်းတွေနှင့် ပတ်သက်ပြီးတော့ ပြည်သူလူထုကတိုင်ကြားလာတာတွေရှိပါတယ်။ ဒီလိုတိုင်ကြားတာတွေကို ကျွန်တော် တို့ ပြည်သူ့လွှတ်တော်က နိုင်ငံသူနိုင်ငံသားတွေကို ကာကွယ်ပေးဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော် ဒီပြင်ဆင်ချက်ကိုထည့်သွင်းရခြင်းဖြစ်ပါတယ်။ (ခ) တရားရုံးစစ်ဆေးရန်တင်ပြထားသည့်အမှုနှင့်စပ်လျဉ်း၍ တရားစီရင်ရေးမဏ္ဍိုင်ခိုင်မာစေရန် ဥပဒေနဲ့အညီ လွတ်လပ်စွာ တရားစီရင်ရေးအတွက် ရေးသားဖော်ပြချက်များသည် တရားရုံးတော်ကို မထီမဲ့မြင်ပြုသည်ဟု တရားဥပဒေစိုးမိုးရေးအတွက် တရားရေးမဏ္ဍိုင်ခိုင်မာဖို့ လွတ်လပ်စွာတင်ပြခွင့် ရှိမှလည်း ဒီနေ့ ကျွန်တော်တို့ နိုင်ငံတကာကအကဲဖြတ်ချက်အရ တရားဥပဒေ စိုးမိုးမှုအဆိုးရွားဆုံး ၁၀ နိုင်ငံထဲမှာပါနေတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ပုံရိပ်ကိုပြုပြင်နိုင်ပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော် ဒီပြင်ဆင် ချက်ကို တရားဥပဒေရဲ့အကာအကွယ်ကို ပြည်သူတွေရဖို့ တရားရေးမဏ္ဍိုင်ကို ထိန်းကျောင်းနိုင်ဖို့ အတွက် တင်ပြရခြင်းဖြစ်ပါတယ်။
နောက် အမှတ်စဉ် ၁၅ အခန်း (၄) အပိုဒ် ၁၀ ကျွန်တော့် ပြင်ဆင်ချက်ကတော့ မည်သူမဆို တရားရုံးတစ်ရုံးကို ပြစ်မှုဆိုင်ရာမထီမဲ့မြင်ပြုမှုကျူးလွန်ကြောင်း ပြစ်ဒဏ်စီရင်ခံရလျှင် ကျပ်တစ်သိန်း ထက်မပိုသော ငွေဒဏ်ကိုချမှတ်ရမည်။ သို့ရာတွင် ကျေနပ်လောက်အောင်ဝန်ချတောင်းပန်လျှင် တရားရုံးက စွပ်စွဲခံရသူကို အပြစ်မှလွတ်နိုင်သည် သို့မဟုတ် ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်ပြနိုင် သည်။
ဒီလိုပါပဲ အခန်း(၄) အပိုဒ် ၁၁ စာမျက်နှာ ၈ မှာ ကျွန်တော့်ပြင်ဆင်ချက်ကတော့ မည်သူမဆို တရားရုံးတစ်ရုံးကို တရားမဆိုင်ရာမထီမဲ့မြင်ပြုမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားခံရလျှင် ထိုသူအား ကျပ်တစ်သိန်းထက် မပိုသောငွေဒဏ် ချမှတ်ရမည် သို့ရာတွင် ကျေနပ်လောက်အောင်ဝန်ချတောင်းပန် လျှင် တရားရုံးကစွပ်စွဲခံရသူကို အပြစ်မှလွတ်နိုင်သည် သို့မဟုတ် ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်ပြု နိုင်သည်။ အရင်ပြဋ္ဌာန်းခဲ့တဲ့ တရားရုံးများ မထီမဲမြင်ပြုမှုဥပဒေဟာ ဘယ်ပုဒ်မကိုကျူးလွန်ရင် တရားရုံး ကိုမထီမဲ့မြင်ပြု တယ်လို့ အတိအကျပြဋ္ဌာန်း ထားခြင်းမရှိဘူး။ စီရင်ထုံးတွေကိုပဲအမှီပြုပြီးတော့ ဘယ်အချိန်မှာ တရားရုံးတော်ကိုမထီမဲ့မြင်ပြုတယ်။ ဘယ်ကိစ္စမှာ မပြုဘူးဆိုပြီးတော့စီရင်ထုံး ပြဋ္ဌာန်းချက်နဲ့ဆုံးဖြတ်ခဲ့တာပါ။ အခုကျတော့ ဥပဒေပြဋ္ဌာန်းချက်နဲ့ အတိအကျရေးသား လာပြီးပြဋ္ဌာန်း လာတဲ့အခါမှာ ကျွန်တော်ကတော့ တရားရုံးကိုမထီမဲ့မြင်ပြုမှုဥပဒေသည် ဒုတိယအကြိမ် လွှတ်တော် တုန်းက ဖျက်သိမ်းဖို့ကောင်းတဲ့ဥပဒေလို့ ကျွန်တော်တင်ခဲ့တယ်။ အခုလည်း ကျွန်တော်ပြင်ဆင်ချက် ဥပဒေ တင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီဥပဒေဟာ ပြည်သူလူထုကိုကာကွယ်တဲ့ဥပဒေပဲဖြစ်ရမယ်။ တရားသူကြီးတွေ ကို ကာကွယ်တဲ့ဥပဒေမဖြစ်ရပါဘူး။ အခုလို တရားစီရင်ရေးမဏ္ဍိုင်မှာ အင်မတန်မှ အနာအဆာတွေများနေတဲ့ အချိန်မှာ လုပ်ပိုင်ခွင့်အာဏာကိုပေးထားတဲ့အခါမှာ လွန်ကျူးပါလျှင် ဒီပေါ်မှာမူတည်ပြီးတော့ အထူးသဖြင့် အရင်ဆုံးထိပါးခံရမှာကတော့ စတုတ္ထမဏ္ဍိုင်ပါ။ အဲဒါကြောင့် ကျွန်တော်က ဒီကနေ့ ယဉ်ကျေးတဲ့နိုင်ငံတွေမှာ ဒီလိုအမှုမျိုးတွေနှင့်ပတ်သက်ရင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုလို့ လွတ်လပ်စွာသဘောထားတင်ပြလို့ သဘောထားကွဲလို့ဆိုတဲ့အမှုမျိုးတွေမှာ တတ်နိုင်သမျှထောင်ဒဏ်ကိုမထားတော့ပါဘူး။ ဒဏ်ငွေပဲ သတ်မှတ်ထားတယ်ဆိုတာ ကျွန်တော် လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့် ဒီမှာ ထောင်ဒဏ် သတ်မှတ်ထားခြင်းကို ပယ်ဖျက်ပြီးတော့ ငွေဒဏ် သာချမှတ်သင့်ကြောင်း ကျွန်တော်ပြင်ဆင်ချက်တင်သွင်းထားခြင်းဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီး ခင်ဗျား။ စာမျက်နှာ ၉ အပိုဒ် ၁၉ အခန်း(၆)မှာ ကျွန်တော်တင်သွင်းထားတဲ့ ပြင်ဆင်မှုကတော့ တရားရုံးကိုမထီမဲ့မြင်ပြုမှုကိုကျူးလွန်ခဲ့သည်ဟုအဆိုရှိသောနေ့မှစ၍ ၆ လအတွင်း အမှုကိုစွဲဆိုရမည်။ သတ်မှတ် ထားသော ကာလထက်ကျော်လွန်ပါက မည်သည့်တရားလွှတ်တော်ကမှ အဆိုပါအမှုကို အရေးယူဆောင်ရွက်ခြင်း မပြုရ။ ဒီကာလစည်းကမ်းသတ်ကို သတ်မှတ်ထားတာကတော့ အချိန်ယူပြီးတော့သွေးအေးအေးနဲ့ လွတ်လပ်စွာ သဘောထားထုတ်ဖော်တဲ့လူတွေကို တရားရုံး နှင့်ပတ်သက်ပြီးတော့ မှန်မှန်ကန်ကန် တိုင်ကြားချင်တဲ့ သူတွေကိုအရေးယူဖို့အတွက် ဆောင်ရွက်မယ့်ဟာကို တတ်နိုင်သမျှအကာအကွယ်ပေးနိုင်ဖို့၊ ဟန့်တားပေးနိုင်ဖို့ဒီပြင်ဆင်ချက်ကို ကျွန်တော်တင်ပြ ထည့်သွင်းထားခြင်းဖြစ်ပါတယ်။ အဲ့တော့ ချုပ်ပြီးတော့ပြောရ ရင်တော့ ကျွန်တော်တို့ ဥပဒေတစ်ခုကို ပြဋ္ဌာန်းတိုင်း ပြဋ္ဌာန်းတိုင်း ဒီဥပဒေဟာ နိုင်ငံနှင့် နိုင်ငံသားများကို အကာအကွယ်ပေးနိုင်တဲ့ဥပဒေဖြစ်ပါ စေလို့ဆုတောင်းရင်းနဲ့ပဲ ကျွန်တော့်ပြင်ဆင်ချက်ကို နိဂုံးချုပ်ပါတယ်။ (သြဘာသံများ)
ဥက္ကဋ္ဌ။ ။ ဦးသိန်းညွန့်ရဲ့ပြင်ဆင်အဆိုပြုချက်ကို ဥပဒေကြမ်းကော်မတီက ထောက်ခံရင် ထောက်ခံကြောင်း၊ ကန့်ကွက်ရင် ကန့်ကွက်ကြောင်းတင်ပြဆွေးနွေးဖို့ဖြစ်ပါတယ်။
(ဥပဒေကြမ်းကော်မတီ)။ ။ သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဦးသိန်းညွန့်မှ အမှတ်စဉ် ၄၊ အမှတ်စဉ် ၅၊ အမှတ်စဉ် ၁၀၊ ၁၃၊ ၁၅၊ ၁၆၊ ၁၉ အချက် ၇ ချက်ကို ပြင်ဆင်ချက်အဆိုတင်ပြသွားပါ တယ်။ အချက်တစ်ချက်ချင်းစီအလိုက်မှာ ကျွန်တော်တို့ ဥပဒေကြမ်းကော်မတီအနေနဲ့လည်း တွေ့ရှိချက်များကို တင်ပြသွားမှာဖြစ်တဲ့အတွက် တစ်ချက်ချင်းအလိုက်အတည်ပြုပေးပါရန် ဦးစွာ တင်ပြလိုပါတယ်။
ဦးစွာ အခန်း(၁) အပိုဒ် ၂ မှာ တရားမဆိုင်ရာမထီမဲ့မြင်ပြုမှုဆိုသည်မှာ တရားရုံးတစ်ရုံးက ချမှတ်သော စီရင်ချက်၊ ဒီဂရီ၊ အမိန့်၊ ညွှန်ကြားချက် သို့မဟုတ် ထုတ်ဆင့်သောဆင့်စာကို တမင်သက်သက်မလိုက်နာခြင်းကိုဆိုသည်ဟု မူလပြဋ္ဌာန်းချက်အပေါ်မှာ အမျိုးသားလွှတ်တော်က အတည်ပြုထားပါတယ်။ အလားတူပဲ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီကလည်း အတည်ပြု ထားပါတယ်။ ဒီရှင်လင်းချက်အပေါ်မှာ ဥပဒေနဲ့ညီညွတ် သည့်ဆုံးဖြတ်ချက်လို့၊ စီရင်ချက်လို့ ထပ်မံဖြည့်စွက်လိုက်ခြင်းအားဖြင့် တရားဥပဒေအတွက် အခက်အခဲဖြစ်နိုင်သလို တရားဥပဒေစိုးမိုး ရေးအတွက်လည်း အခက်အခဲဖြစ်နိုင်တယ်။ ဒီ့အပြင် တရားရုံးကချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေက လည်း တရားဥပဒေနဲ့မညီညွတ်တဲ့သဘောသက်ရောက်သွားနိုင်တဲ့အတွက် နောင်မှာ ဝိဝါဒကွဲစရာများ ရှိတဲ့အတွက် ကျွန်တော်တို့အနေနဲ့ မူလဥပဒေကြမ်းကော်မတီကဆုံးဖြတ်ထားတဲ့အတိုင်း အမျိုးသား လွှတ်တော်ရဲ့ပြင်ဆင်ချက်အတိုင်း အတည်ပြုတဲ့အနေအထားမှာရှိပါတယ်။ ဦးသိန်းညွန့်ရဲ့တင်ပြချက် ကိုမထောက်ခံနိုင်ကြောင်း တင်ပြလိုပါတယ်။
ဥက္ကဋ္ဌ။ ။ ပြည်ထောင်စုတရားလွှတ်တော်ချုပ် သဘောထားပြောပါ။
ဦးသာဌေး(တရားသူကြီး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်)။ ။ ဦးသိန်းညွန့်က တရားရုံး တစ်ရုံးကချမှတ်တဲ့ ဥပဒေနဲ့ညီညွတ်သော စီရင်ချက်၊ ဒီဂရီ၊ အမိန့်၊ ညွှန်ကြားချက် သို့မဟုတ် ထုတ်ဆင့် သောဆင့်စာကို တမင်သက်သက်မလိုက်နာခြင်းဆိုပြီးတော့ ဥပဒေနဲ့ညီညွတ်သည့်ဆိုတဲ့အချက်ကလေး ထည့်ထားတာဖြစ်ပါတယ်။ တရားရုံးကဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်၊ အမိန့်၊ ဒီဂရီတွေဟာ ဥပဒေနဲ့ညီညွတ် တယ်လို့ ဥပဒေအရမှတ်ယူရမှာဖြစ်ပါတယ်။ ဥပဒေနဲ့ညီညွတ်မှုမရှိတဲ့ ဟာကိုတရားရုံးရဲ့ အယူခံ ပြင်ဆင်မှု၊ ပြန်လည် သုံးသပ်စေမှုများမှာ အထက်တရားရုံးက အောက်ရုံးရဲ့သုံးသပ်ဆောင်ရွက်ချက်ဟာ ညီညွတ်ကြောင်းတွေ့ လို့ရှိရင် ပြင်ဆင်ပေးသွားမှာဖြစ်ပါတယ်။ ဒီလိုပဲ ဥပဒေနဲ့ညီညွတ်တယ်ဆိုတာကို တရားရုံးကပဲ ဆုံးဖြတ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီကိစ္စအပေါ်မှာ အမှုသည်ရှေ့နေတွေက မိမိသဘောအလျောက် ဆုံးဖြတ်မယ်ဆိုလို့ရှိရင် တရားဥပဒေစိုးမိုးရေးလိုက်နာတဲ့နေရာမှာ အခက်အခဲ တွေဖြစ်နိုင်တဲ့ အတွက်ကြောင့် မို့လို့ ပြင်ဆင်မယ့်အဆိုကိုလက်မခံနိုင်ပါကြောင်း တင်ပြအပ်ပါတယ်။
ဥက္ကဋ္ဌ။ ။ ကဲဒါကြောင့် ဦးသိန်းညွန့်ရဲ့အဆိုကို ဥပဒေကြမ်းပူပေါင်းကော်မတီက အတည်မပြုနိုင်ဘူး။ ကန့်ကွက်တယ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကလည်း အတည်မပြုနိုင် ဘူး။ ကန့်ကွက်တယ်။ ဒါကြောင့် ဦးသိန်းညွန့်ရဲ့အဆိုကို ထောက်ခံမယ့်သူများ မတ်တပ်ရပ်ပါ။
ဥက္ကဋ္ဌ။ ။ ၃ ယောက်ပဲရှိပါတယ်။ ဒါကြောင့်မို့လို့ ဦးသိန်းညွန့်ရဲ့အဆို အတည်မဖြစ် ကြောင်းကြေညာပါတယ်။ (သြဘာသံများ)
ဥက္ကဋ္ဌ။ ။ ဥပဒေကြမ်းကော်မတီက ဆက်လက်တင်ပြပါ။
(ဥပဒေကြမ်းကော်မတီ)။ ။ အမှတ်စဉ် ၅ ဖြစ်ပါတယ်။ စာမျက်နှာ ၂ အခန်း(၁) အပိုဒ် ၂ အပိုဒ်ခွဲ(ဂ) အပိုဒ်ခွဲငယ် ၁ ကို ဦးသိန်းညွန့်က ပြင်ဆင်ချက်အဆိုတင်ထားပါတယ်။ ဥပဒေကြမ်း ကော်မတီကတော့ တရားရုံး၏စီရင်ပိုင်ခွင့်အာဏာ သို့မဟုတ် ဂုဏ်သိက္ခာကိုသေးသိမ်စေခြင်းနှင့် ပတ်သက်ပြီးတော့ ဒါအထက်မှာပြစ်မှု ဆိုင်ရာမထီမဲ့မြင်ပြုမှုဆိုတဲ့ Definition မှာဖော်ပြထားခြင်းဖြစ်ပါ တယ်။ တရားရုံးရဲ့စီရင်ပိုင်ခွင့်အာဏာ၊ ဂုဏ်သိက္ခာကိုသေးသိမ်စေခြင်းနှင့်ပတ်သက်ပြီးတော့ နှုတ်ဖြင့် ပြောခြင်း၊ စာဖြင့်ပြောခြင်း၊ အမှတ်သင်္ကေတ၊ ထင်ရှားတဲ့ပုံသဏ္ဍာန်ဖြင့် တစ်နည်းနည်းဖြင့်တမင် ထုတ်ဖော်ကြေညာတယ်။ သတင်းအဖြစ်ရေးသားဖော်ပြရင် ပုံနှိပ်ထုတ်ဝေခြင်း၊ ဖြန့်ချီခြင်းကိုဆိုတယ် ဆိုတဲ့ အတွဲစာသားဟာ ပြည့်စုံလုံလောက်တဲ့အနေအထားမှာရှိတယ်လို့ ဥပဒေကြမ်းကော်မတီမှ ဆုံးဖြတ်ထားခြင်းဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့ ဦးသိန်းညွန့်ရဲ့အဆိုကို သဘောမတူဘဲနဲ့ ဥပဒေကြမ်း ကော်မတီရဲ့ဆုံးဖြတ်ထားချက်အတိုင်းသာ လွှတ်တော်မှအတည်ပြုပေးနိုင်ပါရန်တင်ပြအပ်ပါတယ်။
ဥက္ကဋ္ဌ။ ။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့သဘောထားပြောပါ။
ဦးသာဌေး(တရားသူကြီး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်)။ ။ ဦးသိန်းညွန့်ပြင်ဆင်ဖို့ တင်ပြတာကတော့ ဥပဒေအရအပ်နှင်းထားသော အခွင့်အာဏာကို သေးသိမ်စေရန် သို့မဟုတ် သေသိမ်ခြင်းဖြစ်တန်စေရန်သော်လည်းကောင်းဆိုပြီးတော့ ပြင်ဆင်ဖို့အဆိုပြုထားပါတယ်။ အဲ့ကျတော့ ဒီဟာမှာလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မူလအဆိုပြုခဲ့တာက တရားရုံး၏ အခွင့်အာဏာကို ဆိုပြီးတော့ ရေးဆွဲခဲ့ခြင်းဖြစ်ပါတယ်။ အခွင့်အာဏာဟာ Authority ပြောတာဖြစ်ပါ တယ်။ အမျိုးသား လွှတ်တော်က ပြင်ဆင်ပေးလိုက်တာကတော့ စီရင်ပိုင်ခွင့်အာဏာဖြစ်ပါတယ်။ Jurisdiction ဖြစ်ပါတယ်။ Authority က Jurisdiction ထက်ပိုပြီးတော့ ကျယ်ပြန့်တာဖြစ်တဲ့ အတွက်ကြောင့် ဦးသိန်းညွန့်ရဲ့ပြင်ဆင်မယ့်ဟာက ပိုပြီးဆီလျော်မယ်လို့ယူဆပါကြောင်း တင်ပြအပ်ပါ တယ်။
ဥက္ကဋ္ဌ။ ။ ဆီလျော်မယ်လို့ယူဆတယ်။
ဦးသာဌေး(တရားသူကြီး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်)။ ။ ဟုတ်ကဲ့ ။
ဥက္ကဋ္ဌ။ ။ ဦးသိန့်ညွန့်ရဲ့အဆိုက ဆီလျော်မယ်လို့ယူဆတယ်။
ဦးသာဌေး(တရားသူကြီး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်)။ ။ ဥက္ကဋ္ဌကြီး ဟုတ်ကဲ့။
ဥက္ကဋ္ဌ။ ။ လွှတ်တော်ရဲ့အဆုံးအဖြတ်ရယူပါမယ်။ ဦးသိန်းညွန့်ရဲ့အဆိုနဲ့ ဥပဒေကြမ်း ကော်မတီရဲ့ အဆိုနှစ်ခုရှိတဲ့နေရာမှာ ဦးသိန်းညွန့်ရဲ့အဆိုကို ထောက်ခံမယ့် လွှတ်တော်ကိုယ်စားလှယ် များဟာ စက်ခလုတ်အသုံးပြုပြီး ဆောင်ရွက်ပါမယ်။ ထောက်ခံရင် ထောက်ခံကြောင်း ဒီထောက်ခံမှု သည် ဦးသိန်းညွန့်အတွက်ဖြစ်ပါမယ်။ ဒါကြောင့်မို့လို့ ဆန္ဒမဲပေးရန် အသင့်ရှိစေလိုပါတယ်။ ဆန္ဒမဲပေးနိုင် ပါပြီ။ ထောက်ခံမယ့် ၂၈၀၊ ကန့်ကွက်မဲ ၅၉၊ ကြားနေမဲ ၆ မဲ ဖြစ်တဲ့အတွက် ဦးသိန်းညွန့်ရဲ့ပြင်ဆင်ချက်အဆို အတည်ဖြစ်ကြောင်း ကြေညာပါတယ်။ (သြဘာသံများ)
ဥက္ကဋ္ဌ။ ။ ဆက်လက်ပြီးတော့ ဥပဒေကြမ်းကော်မတီက တင်ပြဖို့ဖြစ်ပါတယ်။
ဦးစောလှထွန်း(အတွင်းရေးမှူး၊ ဥပဒေကြမ်းကော်မတီ)။ ။ အမှတ်စဉ်(၁၀)ဖြစ်ပါတယ်။ ကျွန်တော်တို့ အခန်း(၂) အပိုဒ် ၅ အပိုဒ်ခွဲ(ဃ) အခြားနည်းလမ်းအရဖြစ်စေ၊ မိမိတရားရုံးနှင့် မိမိလက်အောက်ခံ တရားရုံးတစ်ရုံးကို မထီမဲ့မြင်ပြုမှုဟာ အရေးယူခွင့်ရှိပြီး သို့ရာတွင် လက်အောက်ခံတရားရုံး တစ်ရုံးအား စွပ်စွဲထားသည့် မထေမဲ့မြင်ပြုမှုမှာ ပြစ်မှုဆိုင်ရာဥပဒေအရ ပြစ်ဒဏ်ချမှတ်နိုင်သော မထေမဲ့မြင်ပြစ်မှုဖြစ်ပါက ယင်းပြစ်မှုကို အရေးယူခွင့်မရှိစေရဟူ၍ ဥပဒေကြမ်းကော်မတီမှ မိမိရုံး ဆိုတဲ့နေရာမှာ မိမိတရားရုံးကိုသော်လည်းကောင်း၊ ထပ်မံအခြားနည်းလမ်းအရဖြစ်စေ ဆိုပြီးတော့ တောင် ပြင်ဆင်ထားပါတယ်။ ဥပဒေကြမ်းကော်မတီအနေနဲ့ ဥပဒေကြမ်းကော်မတီရဲ့ ဆုံးဖြတ်ချက်အတိုင်း ရပ်တည်သွားမှာဖြစ်ပြီးတော့ ရပ်တည်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ သို့ဖြစ်ပါ၍ ဦးသိန်းညွန့်ရဲ့အဆိုအပေါ်မှာတော့ မထောက်ခံတော့ဘဲနဲ့ ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်ချက် အတိုင်း လွှတ်တော်မှ သဘောထားဆန္ဒပြုနိုင်ပါရန် တင်ပြအပ်ပါတယ်။
ဥက္ကဋ္ဌ။ ။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့သဘောထားသိလိုပါတယ်။
ဦးသာဌေး(တရားသူကြီး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး)။ ။ ကော်မတီရဲ့ ပြင်ဆင်ရန် အတည်ပြုချက်ကို လက်ခံသင့်ပါတယ်။
ဥက္ကဋ္ဌ။ ။ ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ့ ပြင်ဆင်အဆိုကို ထောက်ခံရင် ထောက်ခံကြောင်း အဆုံးအဖြတ်ယူမှာ ဖြစ်ပါတယ်။ ဒါကြောင့် စက်ခလုတ်အသုံးပြုဆောင်ရွက်ပါမယ်။ ဒါကြောင့် ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ့ ပြင်ဆင်အဆိုပြုချက်အား လွှတ်တော်မှ အတည်ပြုဆုံးဖြတ် ပေးပါရန် ဖြစ်ပါတယ်။ ဆန္ဒမဲပေးရန် အသင့်ရှိစေလိုပါတယ်။ ဒီမှာ အသင့်မဖြစ်ပါဘူး။ စက်ခလုတ် ပျက်တယ်။ ကိုယ်စားလှယ်တွေဆီမှာ အသင့်ဖြစ်သလား။ ကဲဒါကြောင့် ဥပဒေကြမ်းပူးပေါင်း ကော်မတီရဲ့ပြင်ဆင်အဆို ကန့်ကွက်လိုတဲ့ပုဂ္ဂိုလ်များ မတ်တပ်ရပ်ပါ။ ဦးသိန်းညွန့်တစ်ယောက်ပဲ ရှိပါတယ်။ ဒါကြောင့်မို့လို့ ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ့ ပြင်ဆင်အဆို အတည်ဖြစ်ကြောင်း ကြေညာပါတယ်။ (သြဘာသံများ)
ဥက္ကဋ္ဌ။ ။ မိုက်မလာဘူး။
ဦးစောလှထွန်း(အတွင်းရေးမှူး၊ ဥပဒေကြမ်းကော်မတီ)။ ။ အမှတ်စဉ် ၁၃ ဖြစ်ပါတယ်။ တရားသူကြီးတစ်ဦး၏ ဆုံးဖြတ်ချက်အပေါ်မှာ တရားမျှတစွာ ဝေဖန်သုံးသပ်ချက်ကို ထုတ်ဝေဖြန့်ချိခြင်းသည် ပြစ်မှု တရားရုံးကို မထေမဲ့မြင်ပြုမှု မမြောက်စေရဆိုပြီးတော့ အဓိက အဲဒီအဓိပ္ပာယ်ကို ပေါ်လွင်ပြီးတော့ ဒါ အမျိုးသားလွှတ်တော်က ပြင်ဆင်ထားပါတယ်။ အမျိုသားလွှတ်တော်ရဲ့ ပြင်ဆင်ချက်အတိုင်း ဥပဒေကြမ်းကော်မတီက သဘောတူထားတာဖြစ်တဲ့အတွက် ဥပဒေကြမ်းကော်မတီရဲ့ ဆုံးဖြတ်ချက်အတိုင်း ရပ်တည်သွားမှာဖြစ်တဲ့အတွက် ဦးသိန်းညွန့်၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်ရဲ့ အဆိုကို ကန့်ကွက်ပြီး တော့ ဥပဒေကြမ်းကော်မတီမှ မိမိရဲ့ကော်မတီဆုံးဖြတ်ချက်အတိုင်း လွှတ်တော်ရဲ့သဘောထားဆန္ဒ ရယူသွားလိုပါတယ်။
ဥက္ကဋ္ဌ။ ။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ သဘောထားပြောပါ။
ဦးသာဌေး(တရားသူကြီး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး)။ ။ ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်ရန် အဆိုပြုချက်အတိုင်း သဘောတူပါတယ်။
ဥက္ကဋ္ဌ။ ။ ဒါကြောင့် ဥပဒေကြမ်းကော်မတီက အမျိုသားလွှတ်တော်ရဲ့ ပြင်ဆင်ချက် အတိုင်း ပြင်ဆင်အဆိုပြုထားပါတယ်။ ဒါကို ကန့်ကွက်လိုသူရှိက မတ်တပ်ရပ်ပါ။ ကန့်ကွက်သူ ခြောက်ယောက်သာ ရှိ၍ ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်အဆိုပြုချက် အတည်ဖြစ်ကြောင်း ကြေညာပါတယ်။ (သြဘာသံများ)
ဦးစောလှထွန်း(အတွင်းရေးမှူး၊ ဥပဒေကြမ်းကော်မတီ)။ ။ စာမျက်နှာ ၇ အမှတ်စဉ် ၁၅ ဖြစ်ပါတယ်။ မည်သူမဆို တရားရုံးကို မထီမဲ့မြင်ပြုမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူအား ၆ လထက်မပိုသော အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ ကျပ် တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်လုံးဖြစ်စေ ချမှတ်ရမည်ဟူ၍ အမျိုသားလွှတ်တော်ရဲ့ ပြင်ဆင်ချက်အတိုင်း ဥပဒေကြမ်းကော်မတီက ထောင်ဒဏ်ငွေ ဒဏ်ထည့်ပြီးတော့ သဘောတူဆုံးဖြတ်ထားပြီးသား ဖြစ်ပါတယ်။ ဥပဒေကြမ်းကော်မတီရဲ့ ဆုံးဖြတ်ချက်အတိုင်း လွှတ်တော်မှ ဆန္ဒရယူပေးနိုင်ပါရန် တင်ပြ အပ်ပါတယ်။
ဥက္ကဋ္ဌ။ ။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့သဘောထားပြောပါ။
ဦးသာဌေး(တရားသူကြီး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး)။ ။ ထောင်ဒဏ်၊ ငွေဒဏ် နှစ်ခုစလုံးပါဖို့ လိုအပ်တဲ့ဥပဒေဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဥပဒေကြမ်းကော်မတီက ပြင်ဆင်ရန် တင်ပြထားတာကို သဘောတူ ပါတယ်။
ဥက္ကဋ္ဌ။ ။ ဥပဒေကြမ်းကော်တီရဲ့ ပြင်ဆင်ချက်ဖြစ်သော အမျိုးသားလွှတ်တော်ရဲ့ ပြင်ဆင်ချက်အတိုင်း အဆိုကို ကန့်ကွက်ရန် ရှိပါက မတ်တပ်ရပ်ပေးပါ။ ကန့်ကွက်သူ ၂၂ ယောက်။ ဒါကြောင့် ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ အမှားပြင်ပါ။ ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင် အဆိုပြုချက် အတည်ဖြစ်ကြောင်း ကြေညာ ပါတယ်။ (သြဘာသံများ)
ဥက္ကဋ္ဌ။ ။ ဥပဒေကြမ်းကော်တီက ဆက်လက်တင်ပြပါ။
ဦးစောလှထွန်း(အတွင်းရေးမှူး၊ ဥပဒေကြမ်းကော်မတီ)။ ။ စာမျက်နှာ ၇၊ ၈ မှာ ဖြစ်ပါတယ်။ အမှတ်စဉ် ၁၆ မည်သူမဆိုတရားရုံးကို တရားမဆိုင်ရာ တရားရုံးကို မထီမဲ့မြင်ပြစ်မှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူအား တစ်သိန်းထက်မပိုသော ငွေဒဏ်ချမှတ်ရမည်။ ထိုသို့ ငွေဒဏ်ချမှတ်ရုံလောက်ဖြင့် လုံလောက်မှုမရှိဟု ထင်မြင်ပါက သုံးလထက်မပိုသော တရားမထောင်ဒဏ်ကို ချမည်ဟူ၍ အမျိုးသားလွှတ်တော်ရဲ့ ပြင်ဆင်ချက် အပေါ်မှာ ဥပဒေကြမ်း ကော်မတီနဲ့ ပြင်ဆင်ထားပါတယ်။ ဥပဒေကြမ်းကော်မတီရဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် ဥပဒေကြမ်း ကော်မတီရဲ့ ဆုံးဖြတ်ချက်အတိုင်း လွှတ်တော်မှ သဘောထားဆန္ဒရယူပေးပါရန် တင်ပြအပ်ပါတယ်။
ဥက္ကဋ္ဌ။ ။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ သဘောထားသိလိုပါတယ်။
ဦးသာဌေး(တရားသူကြီး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး)။ ။ ငွေဒဏ်ချမှတ်ရုံနဲ့ လုံလောက်မှုမရှိပါမှ သုံးလထက် မပိုသောထောင်ဒဏ်ကို တရားမထံမှ ချဖို့အတွက် ကျွန်တော်တို့ ဥပဒေကြမ်းကော်မတီက တင်ပြ ထားတဲ့ဟာ ဆီလျော်ပါသဖြင့် လက်ခံသင့်ပါတယ်။
ဥက္ကဋ္ဌ။ ။ ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်အဆိုပြုချက်အား ကန့်ကွက်လိုသူရှိက မတ်တပ် ရပ်ပါ။ ညာဖက်မှာ ၁၇ ယောက်။ ထိုင်နိုင်ပါပြီ။ ကန့်ကွက်သူ ၁၇ ယောက်သာရှိ၍ ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်အဆိုပြုချက် အတည်ဖြစ်ကြောင်း ကြေညာပါတယ်။
ဦးစောလှထွန်း(အတွင်းရေးမှူး၊ ဥပဒေကြမ်းကော်မတီ)။ ။ အမှတ်စဉ်(၁၉) ဖြစ်ပါတယ်။ အမှတ်စဉ်(၁၉) မှာတော့ ဦးသိန်းရီ၊ ထန်းတပင်နဲ့ ဦးသိန်းညွန့်၊ သင်္ကန်းကျွန်းတို့ တင်ပြထားတဲ့ ပြင်ဆင် အဆိုပြုချက် ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအနေနဲ့ မူလပြဋ္ဌာန်းချက်ဖြစ်တဲ့ တရားရုံးကို မထီမဲ့မြင်ပြုမှုကို ကျူးလွန်ခဲ့သည်ဟု အဆိုရှိသောနေ့မှစ၍ တစ်နှစ်အတွင်းအမှုကို စွဲဆိုရမည်။ သတ်မှတ် ထားသော ကာလထက် ကျော်လွန်ပါက မည်သည့်တရားလွှတ်တော်ကမျှ အဆိုပါအမှုကို အရေးယူ ဆောင်ရွက်ခြင်းမပြုရ ဆိုတဲ့ မူလပြဋ္ဌာန်းချက်အတိုင်း သဘောတူထားချက်ကို ညှိနှိုင်းချက်အရ ဦးသိန်းရီ၊ ထန်းတပင်အား တင်ပြရန် ကျွန်တော်တို့ ညှိနှိုင်းထားခြင်း ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ဥပဒေကြမ်းကော်မတီအနေနဲ့ ဦးသိန်းရီ၊ထန်းတပင် တင်ပြချက်အပေါ်မှာ ထောက်ခံပါ ကြောင်း တင်ပြအပ်ပါတယ်။
ဥက္ကဋ္ဌ။ ။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ သဘောထားပြောပါ။
ဦးသာဌေး(တရားသူကြီး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး)။ ။ ပြည်ထောင်စုတရား လွှတ်တော်ချုပ်က တင်ပြထားတဲ့ အချက်အပေါ်မှာလည်း ဥပဒေကြမ်းကော်မတီက ထောက်ခံထားတဲ့ အတွက်ကြောင့် အဲဒီအတိုင်းပဲ ဆက်လက်ရပ်တည်သွားမှာဖြစ်ပါတယ်။
ဥက္ကဋ္ဌ။ ။ ဒါ့ကြောင့်ဒီမှာမေးတဲ့မေးခွန်းက ဦးသိန်းရီရဲ့အဆိုပြုမှုနဲ့ ဦးသိန်းညွန့်ရဲ့ အဆိုပြုမှု ဘယ်ဟာကိုထောက်ခံပါလဲ။
ဦးသာဌေး(တရားသူကြီး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး)။ ။ ဦးသိန်းရီရဲ့ အဆိုပြုချက်အတိုင်းဖြစ်ပါတယ်။ ထောက်ခံ ပါတယ်။
ဥက္ကဋ္ဌ။ ။ ဦးသိန်းရီရဲ့ ပြင်ဆင်တင်ပြချက်ကို ကန့်ကွက်လိုသူရှိပါက မတ်တပ်ရပ်ပါ။ ကန့်ကွက်သူ (၂၉) ယောက် ။ ကန့်ကွက်သူ (၂၉) ဦးသာရှိ၍ ဦးသိန်းရီရဲ့ ပြင်ဆင်အတည်ပြုချက် အတည်ဖြစ်ကြောင်း ကြေညာပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ။ တရားရုံးများ မထီမဲ့မြင်ပြုမှုဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြင်ဆင်ချက်အဆိုတင်သွင်း ခြင်း၊ ဆွေးနွေးဆုံးဖြတ်ခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ အမျိုးသားလွှတ် တော်နဲ့ ပြည်သူ့လွှတ်တော်တို့က ပြင်ဆင်ခြင်းမပြုတဲ့ အပိုဒ်၊ အပိုဒ်ခွဲများကို သက်ဆိုင်ရာဌာန၏ အတည်ပြုချက်အတိုင်း အတည်ပြုမှာဖြစ်ပါတယ်။ ဒီနေရာမှာ လွှတ်တော်ရဲ့ ပြင်ဆင်အတည်ပြု ချက်ကြောင့် ပြောင်းလဲသွားတဲ့ အပိုဒ်၊အပိုဒ်ခွဲ၊ အမှတ်စဉ်များကိုလည်း တစ်ပါတည်းအတည်ပြု မှာဖြစ်ပါတယ်။ ဒါ့ကြောင့်တရားရုံးများမထီမဲ့မြင်ပြုမှု ဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ထား သည့် အပိုဒ်၊ အပိုဒ်ခွဲအတိုင်း အတည်ပြုရန် လွှတ်တော်က သဘောတူပါသလားခင်ဗျာ။ (သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်က သဘောတူပါသည်။) သဘောမတူတဲ့သူရှိပါ သလားခင်ဗျာ။ သဘောမတူသူမရှိတဲ့အတွက် အမျိုးသားလွှတ်တော်မှ စတင် တင်သွင်းပြီး အတည်ပြုချက်ဖြင့် ပြည်သူ့လွှတ်တော်သို့ ပေးပို့လာတဲ့ တရားရုံးများမထီမဲ့မြင်ပြုမှုဥပဒေကြမ်း တစ်ရပ်လုံးကိုပြင်ဆင် ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအတိုင်း အတည်ပြုကြောင်းကြေညာပါတယ်။ (သြဘာသံများ)
