နိုင်ငံသားများ၏တရားဝင်ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများနှင့် စပ်လျဉ်း၍ ထိခိုက်နစ်နာနေသောပြည်သူများအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အခွင့်အရေးများ အပြည့်အဝ ရရှိနိုင်ရန် တည်ဆဲဥပဒေများ ကို ပြန်လည်သုံးသပ်ပြီး အပ်နှင်းထားသော အာဏာများကို အလွဲသုံးစားဆောင် ရွက်ခဲ့သူများအား အရေးယူနိုင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့က ရှင်းလင်းပြတ်သားမှုရှိပြီး ပြည်သူလူထုအား အကာအကွယ်ပေးမည့် အထူးဥပဒေတစ်ရပ်ပြဋ္ဌာန်းပေးပါရန် ဤလွှတ်တော်က တိုက်တွန်းကြောင်း ဦးသိန်းညွှန့်၏ အဆိုအား ဦးထွန်းထွန်းဦး(ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး)မှ ဆက်လက်ဆွေးနွေးခြင်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များအားလုံးကို ကျွန်တော် ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးမှ လေးစားစွာဖြင့် နှုတ်ခွန်းဆက်သအပ်ပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်ကြီး ဦးသိန်းညွန့်တင်သွင်းတဲ့အဆိုနှင့်စပ်လျဉ်းပြီးတော့ နိုင်ငံသားတစ်ဦးရဲ့ တရားဝင် ပိုင်ဆိုင်တဲ့ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းတွေကို ထိခိုက်နစ်နာမှု ရှိတယ်ဆိုလို့ရှိရင် အုပ်ချုပ်နည်းလမ်းအရဖြစ်စေ၊ ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရ ဖြစ်စေ တရားစွဲဆိုနိုင်တဲ့ တည်ဆဲဥပဒေများရှိပါတယ်။ ဥပမာ တစ်ဦးတစ်ယောက်ပိုင်ဆိုင်တဲ့ ပစ္စည်း ကိုသာမက တစ်ဦးတစ်ယောက်ရဲ့ လက်ဝယ်ရှိတဲ့ ပစ္စည်းကိုပင် မတရားရယူခြင်း၊ မတရားဆုံးရှုံး စေခြင်း၊ မတရားကျူးကျော်ခြင်းတို့အပြင် ထိခိုက်နစ်နာပျက်စီးစေမယ့်ဆိုလို့ရှိရင် ပြစ်မှုဆိုင်ရာဥပဒေပါ ပစ္စည်းကို ထိခိုက်စေတဲ့ ပြစ်မှုများ အခန်း ပြဋ္ဌာန်းချက် များအရ အရေးယူဆောင်ရွက်နိုင်ပါတယ်။ တရားမကြောင်းအရလည်း တရားမကျင့်ထုံးဥပဒေတွေအရ တရားစွဲဆိုနိုင်ပါတယ်။ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းမှာပါဝင်တဲ့ ခုနက ရဲချုပ်ကြီးရှင်းလင်းတင်ပြသွားတဲ့အတိုင်း လယ်ယာမြေ နှင့်စပ်လျဉ်းလို့ပဲဖြစ်စေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းတွေနဲ့စပ်လျဉ်းလိုပဲဖြစ်စေ ဒီလယ်ယာမြေ ဥပဒေ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဥပဒေတွေကို ပြည်ထောင်စုလွှတ်တော်ကလည်း ပြဋ္ဌာန်းပေးပြီး တော့ နိုင်ငံသားတွေရဲ့ ထိခိုက်နစ်နာမှုကို ကာကွယ်ပေးထားပြီးဖြစ်ပါတယ်။ မြေသိမ်းဆည်းနိုင်တဲ့ အကြောင်းတရားတစ်ခုဖြစ်တဲ့ ပြီးခဲ့တဲ့ Session မှာ ဥက္ကဋ္ဌကြီးလည်း ရှင်းလင်းမိန့်ကြားခဲ့ပြီးဖြစ်ပါတယ်။ ဒီနိုင်ငံတော်အကျိုးငှာ ဆောင်ရွက်တဲ့ စီမံကိန်းတွေနဲ့စပ်လျဉ်းလို့ရှိရင် နိုင်ငံတော်ျက အမျိုးသား စီမံကိန်းများ ဆောင်ရွက်ရန်ပေါ်ပေါက်လာတယ် ဆိုလို့ရှိရင် နိုင်ငံတော်ရဲ့အမျိုးသားစီမံကိန်း ဥပဒေကြမ်းကိုရေးဆွဲပြီးတော့ ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၀ (ခ) အရ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းပြီး ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်မှုကို ခံယူဆောင်ရွက် ရတာဖြစ်ပါတယ်။ နိုင်ငံသားတွေရဲ့ တရားဝင်ပိုင်ဆိုင်မှုတွေကို ထိခိုက်နစ်နာစေနိုင်တဲ့ အခြေအနေကို အကာအကွယ်မပေးနိုင်တဲ့ တည်ဆဲဥပဒေတွေရှိလို့ရှိရင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဒီဥပဒေတွေကို ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း ဆောင်ရွက်နိုင်ပါတယ်။ အပ်နှင်းထားတဲ့ အာဏာကို အလွဲသုံးစားပြုပြီးဆောင်ရွက်ခဲ့တဲ့သူတွေကို အရေးယူနိုင်ရန် ဥပဒေ ပြဋ္ဌာန်းဖို့ကိစ္စကတော့ အမှန်တကယ် အဲဒီကာလက အာဏာကို အလွဲသုံးစားပြုပြီးတော့ ဆောင်ရွက် ချက်တွေရှိခဲ့ရင်တောင်မှ အဲဒီအချိန်က ရှိရင်းစွဲဥပဒေတွေအရသာ အရေးယူဆောင်ရွက်ရမယ့် ကိစ္စတွေဖြစ်ပါတယ်။ အခုကာလမှာအရေးယူနိုင်ဖို့ အထူးဥပဒေ တစ်ရပ်ပြဋ္ဌာန်းမယ်ဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃ မှာပါတဲ့ မည်သည့်ပြစ်မှုဆိုင်ရာ ဥပဒေမျှ နောက်ကြောင်းပြ အာဏာ သက်ရောက်စေရန် ပြဋ္ဌာန်းခွင့်မရှိစေရဆိုတဲ့ ပြဋ္ဌာန်းချက်နဲ့ ဆန့်ကျင့်မှာဖြစ်ပါတယ်။ အလားတူ ၁၉၇၃ ခုနှစ် စကားရပ်များအနက်အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေ ပုဒ်မ ၃ (င)မှာ ဥပဒေတစ်ရပ်ရပ်မှာ နောက်ကြောင်းပြန်ပြီး အာဏာသက်ရောက်မှုရှိစေရမယ်လို့ အတိအလင်း ပြဋ္ဌာန်းထားခြင်းမရှိလို့ရှိရင် ဒီဥပဒေဟာ နောက်ကြောင်းပြန်အာဏာသက်ရောက်မှုမရှိစေရ။ သို့ရာတွင် မည်သည့် ပြစ်မှုဆိုင်ရာ ဥပဒေမျှ နောက်ကြောင်းပြန်၍ အာဏာသက်ရောက်မှုမရှိစေရဆိုတဲ့ ပြဋ္ဌာန်းချက်လည်းရှိပြီးဖြစ်ပါ တယ်။ ဆက်လက်ပြီးတင်ပြလိုတာကတော့ ပြည်သူ့ဝန်ထမ်းတွေနဲ့ပတ်သက်လို့ ရာဇသတ်ကြီး အခန်း(၉)မှာ ပြည်သူ့ ဝန်ထမ်းတွေကျူးလွန်တဲ့ ဒါမှမဟုတ် ပြည်သူ့ဝန်ထမ်းတွေနဲ့ သက်ဆိုင်တဲ့ ပြစ်မှုတွေ အခန်းမှာ ပြည်သူ့ဝန်ထမ်းတွေ မမှန်မကန်လုပ်တဲ့ကိစ္စတွေ၊ တန်စို့လက်ဆောင်ယူတဲ့ ကိစ္စတွေ၊ တစ်ယောက်ယောက်ကို နစ်နာစေဖို့ ကြံရွယ်ပြီးတော့ ဆောင်ရွက်တဲ့ကိစ္စတွေဟာ ရာဇသတ် ကြီးမှာလည်း ပြဋ္ဌာန်းချက်တွေ ရှိပြီးဖြစ်ပါတယ်။ အရေးယူနိုင်ပြီးလည်းဖြစ်ပါတယ်။ အလားတူ ခုနကရဲချုပ်ကြီးတင်ပြသွားတဲ့ အထူးဥပဒေများလည်း တည်ဆဲ ဥပဒေတွေ မှာလည်း အရေးယူနိုင်တဲ့ ပြဋ္ဌာန်းချက်တွေ တည်ရှိပြီးဖြစ်ပါတယ်။ အခုလွှတ်တော် ကိုယ်စားလှယ်တော်ကြီး ဦးသိန်းညွန့် ရဲ့အဆို မှာ ပါရှိတဲ့ ဖော်ပြချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၆ မှာပါတဲ့ နိုင်ငံတော်ဟ နိုင်ငံသားများရဲ့ တရားဝင်ရရှိထားတဲ့ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းနှင့် စပ်လျဉ်းပြီး ဥပဒေ အရ အကာအကွယ်ပေးရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ရဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ ဒီပြဋ္ဌာန်းချက်အရ တည်ဆဲဥပဒေတွေအရလည်းကောင်း၊ အခုပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလျက်ရှိတဲ့ သက်ဆိုင်ရာ ဥပဒေတွေအရလည်းကောင်း နိုင်ငံသားများကိုအကာအကွယ်ပေးနိုင်ပါတယ်။ ပြီးခဲ့တဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး နောက်ပိုင်းရက်များမှာလည်း နိုင်ငံများအခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေနှင့် ပတ်သက်ပြီးတော့ ပြည်သူ့လွှတ်တော်ကနေ ပြီးတော့ ပြင်ဆင်ခြင်း သာ်လည်းကောင်း၊ ပယ်ဖျက်ခြင်းသော် လည်းကောင်း ပြုလုပ်ဖို့အဆိုကိုအတည်ပြုခဲ့တာရှိပါတယ် ခင်ဗျား။ အဲ့ဒီအဆိုကိုအတည်ပြုခဲ့တဲ့အတွက်ကြောင့်လည်း ကျွန်တော်ျတို့ ဒီဥပဒေကို လွှတ်တော် ကိုယ်စားလှယ်တော်ကြီး ဦးသိန်းညွန့် တင်ပြသလို ခေတ်နှင့်လျော်ညီအောင် ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်း တင်ပြအပ်ပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံသားတွေ တရားဝင်လက်ရှိပိုင်ဆိုင်ထားတဲ့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း၊ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေနဲ့စပ်လျဉ်းပြီး ထိခိုက်နစ်နာနေသူများ အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများရရှိစေရန် တည်ဆဲဥပဒေကို ပြန်လည်သုံးသပ်ခြင်း ကိုဆောင်ရွက်သင့်ပါတယ်။ တည်ဆဲဥပဒေတွေ ကို ပြန်လည်သုံးသပ်ခြင်း ကို ဆောင်ရွက်သင့်သော် လည်းပဲ ဒီနောက်ကြောင်းပြန်တဲ့ အရေးယူဖို့ဥပဒေကိုတော့ ပြဋ္ဌာန်းမသင့်ပါကြောင်းနဲ့ အဆိုကိုလက်ခံ ဆွေးနွေးဖို့မသင့်ကြောင်းတင်ပြအပ်တယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။
