ဦးသိန်းညွှန့်၏ အဆိုအား ရဲချုပ်ကျော်ကျော်ထွန်း (ဒုတိယဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန) ပြန်လည်ဆွေးနွေးခြင်း

“ နိုင်ငံသားများ၏တရားဝင်ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းနှင့် စပ်လျဉ်း၍ ထိခိုက်နစ်နာနေသော ပြည်သူများအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများ အပြည့်အဝ ရရှိနိုင်ရန် တည်ဆဲဥပဒေများကို ပြန်လည်သုံးသပ်ပြီး အပ်နှင်းထားသော အာဏာကို အလွဲသုံးစားဆောင်ရွက် ခဲ့သူများအား အရေးယူနိုင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့က ရှင်းလင်းပြတ်သားမှုရှိပြီး ပြည်သူလူထုအား အကာအကွယ် ပေးမည့် အထူးဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးပါရန် ဤလွှတ်တော်က တိုက်တွန်းကြောင်း ”အဆိုအား သက်ဆိုင်ရာမှ ရဲချုပ်ကျော်ကျော်ထွန်း(ဒုတိယဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန) ပြန်လည်ဆွေးနွေးခြင်း


     လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စာလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည်စုံပါစေလို့ ဦးစွာနှုတ်ခွန်းဆက် သအပ်ပါတယ်။ ယခု ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးသိန်းညွန့်ရဲ့ အဆိုနှင့် စပ်လျဉ်းလို့ ကျွန်တော် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်း မှ ဖြေကြားသွားမှာဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း  မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်း သားပြည်သူများဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)၊ ပုဒ်မ ၃၄၅ အပိုဒ် (က) နှင့် (ခ) မှာပါတဲ့ အရည်အချင်းများနှင့်ကိုက်ညီပါက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံသားများ ဖြစ်ကြောင်း၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များအရ ပုဒ်မ ၃၄၇ နဲ့အညီ ဥပဒေရဲ့ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင်‌့ပေးရမှာဖြစ်ကြောင်း၊ ပုဒ်မ ၃၅၆ မှာ နိုင်ငံတော် သည် နိုင်ငံသားများ၏ တရားဝင်ရရှိ ပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့မပြောင်းနိုင် သောပစ္စည်းများနှင့်စပ်လျဉ်း၍ ဥပဒေအရ အကာအကွယ်ပေးရမည်ဖြစ်ကြောင်း၊ ပုဒ်မ ၃၅၇ မှာ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အဆန့်ကျင့်လျင် နိုင်ငံတော်သည် နိုင်ငံသားများ၏ နေအိမ်ဥပစာလုံခြုံ၊ ပစ္စည်းလုံခြုံမှု၊ စာပေးစာယူနှင့် အခြားဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုများအတွက် ဥပဒေအရ အကာအကွယ်ပေးရမည်ဖြစ်ကြောင်းဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအလင်း ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ နိုင်ငံသားများအနေနဲ့ မိမိတို့ရဲ့ တရားဝင်ရရှိပိုင်ဆိုင်ထားတဲ့ ရွှေ့ပြောင်း နိုင်သောပစ္စည်း၊ မရွှေ့မပြောင်းနိုင် သောပစ္စည်းများနှင့်စပ်လျဉ်းလို့ ထိခိုက်နစ်နာမှုရှိလာပါက ပြစ်မှု ဆိုင်ရာဥပဒေ အခန်း(၁၇)မှာ ပုဒ်မ ၃၇၈ ကနေ ပုဒ် ၄၆၂ ထိပြဋ္ဌာန်းထားတဲ့အတွက် အဲဒီပြဋ္ဌာန်းချက် များနှင့်အညီ တရားစွဲဆိုပြီး ကုစားမှုများရရှိနိုင်တဲ့အပြင် မရွှေ့မပြောင်းနိုင် သောပစ္စည်းများနှင့် စပ်လျဉ်းလို့ အငြင်းပွားမှုများကို ဥပဒေနှင့်အညီ ဖြေရှင်းပေးဖို့ လုပ်ထုံးလုပ်နည်းများကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၅ မှ ပုဒ်မ ၁၄၈ အထိ ပြဋ္ဌာန်းထားရှိပြီးဖြစ်ပါတယ်။ ဒါ့အပြင် ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ၊ ၁၉၈၇ ခုနှစ်၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ် တဲ့ဥပဒေနဲ့ ၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာဌာရမ်းခကြီးကြပ်ရေးအပ်ဥပဒေ၊ အမွေဆက်ခံခြင်းဥပဒေ စတဲ့အထူးဥပဒေများနဲ့လည်း နိုင်ငံသားများ ရဲ့ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများနဲ့စပ်လျဉ်းလို့ အကာအကွယ်ပေးထား ပြီးဖြစ်ပါတယ်။
    ၁၉၇၃ ခုနစ်၊ စကားရပ်များအနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေပုဒ်မ ၅(က)၊ ပုဒ်မခွဲ ၂၀ နဲ့ ၂၁ တို့မှာ မရွှေ့မပြောင်းနိုင်သောပစ္စည်းနဲ့ ရွှေ့ပြောင်းနိုင်သောပစ္စည်းတို့ကို အဓိပ္ပာယ်ဖွင့်ဆိုထားရာမှာ မရွှေ့မပြောင်းနိုင်သော ပစ္စည်းဆိုရာတွင် မြေအပါအဝင်၊ မြေမှဖြစ်ထွန်းလာသော အကျိုးခံစားခွင့်များ၊ မြေ၌စိုက်ထူထားသော အရာဝတ္ထုများ အပြင် ယင်းအရာဝတ္ထုတွင် အမြဲတပ်ဆင်ထားသည်‌့ အရာဝတ္ထု များလည်း ပါဝင်ကြောင်း ဖော်ပြထား ပါတယ်။ မြေနဲ့စပ်လျဉ်းလို့ နိုင်ငံသားများက ဥပဒေနဲ့အညီ ပိုင်ဆိုင်နိုင်ပေမယ့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၇ (က) မှာ နိုင်ငံတော်သည် နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတပစ္စည်းအားလုံးရဲ့ ပင်ရင်းပိုင်ရှင်ဖြစ်ကြောင်း ပြဋ္ဌာန်းချက်ကိုလည်း သတိပြုကြ ရမှာဖြစ်ပါတယ်။ မြေနဲ့စပ်လျဉ်းလို့ လယ်ယာမြေဥပဒေနဲ့ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေတို့မှာ နိုင်ငံသား များအနေနဲ့ ဥပဒေနဲ့အညီ လက်ဝယ်ထားခွင့်၊ စိုက်ပျိုးထုတ်လုပ်ခွင့်နဲ့ အသုံးချခွင့် များကိုလည်း ပေးထားပြီးဖြစ်ပါတယ်။
    မြို့နယ်နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းမှာရှိတဲ့ လူနေအိမ်ရာများ၊ ဘာသာရေး အဆောက်အအုံနဲ့ ပရဝဏ်များ၊ အများပိုင်ဆိုင်ပြီး စိုက်ပျိုးရေးအသုံးမပြုတဲ့မြေများကိုလည်း နိုင်ငံသား များအနေနဲ့ မိမိတို့တရားဝင် ရရှိပိုင်ဆိုင်ခွင့်များကို ထိခိုက်နစ်နာမှုဖြစ်ခဲ့လို့ရှိရင် တရားမကျင့်ထုံး ဥပဒေနဲ့အညီ ကုစားခွင့်၊ သက်သာခွင့်များ နဲ့ တောင်းဆိုရယူနိုင်ခွင့်ရှိသလို ပြစ်မှုဆိုင်ရာဥပဒေနဲ့ အထူးဥပဒေများအရလည်း တရားစွဲဆို အရေးယူနိုင်တဲ့ အခွင့်အရေးများ ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ လယ်ယာမြေပိုင်ဆိုင်ခွင့် အငြင်းပွားမှုများမှာလယ်ယာမြေဥပဒေအရ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု လယ်ယာ‌ွမေစီမံခန့်ခွဲမှုအဖွဲ့က မူလမှုခင်းဖွင့်လှစ်ပြီး ကြားနာဆုံးဖြတ်ပေးရုံမက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အထိ အဆုံးအဖြတ်ရယူပိုင်ခွင့်များ ရရှိထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် လယ်ယာလုပ်ပိုင်ခွင့်များနဲ့စပ်လျဉ်းလို့ နစ်နာမှုများရှိခဲ့ရင် လယ်ယာမြေဥပဒေ နဲ့အညီ အခွင့်အရေးများကို အပြည့်အဝခံစားခွင့်ရရှိပြီးဖြစ်ပါတယ်။
    နိုင်ငံသားများအနေနဲ့ ဥပဒေနဲ့အညီ မိမိတို့တရားဝင်ရရှိပိုင်ဆိုင်ထားတဲ့ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းများနဲ့ စပ်လျဉ်းလို့ ထိခိုက်နစ်နာစေရန် ဖန်တီးထားတဲ့အာဏာ ကို အလွဲသုံးစားဆောင်ရွက်ခဲ့မှုများ ရှိခဲ့မည်ဆိုပါက အာဏာအပ်နှင်းခြင်းခံရသူအနေနဲ့ ကျူးလွန်တဲ့ ပြစ်မှုအတိုင်းအတာ အလိုက် ပြစ်မှုဆိုင်ရာဥပဒေ၊ ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်တဲ့ဥပဒေ၊ ၁၉၆၃ ခုနှစ်၊ အများနှင့် သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ အဂတိလိုက်စားမှု တားမြစ်ရေးအက်ဥပဒေ၊ ၁၉၅၁ ခုနှစ်၊ ရာဇဝတ်ဥပဒေပြင်ဆင်ချက်အက်ဥပဒေ၊ တရားမဝင်သော နည်းလမ်းနဲ့ ရရှိတဲ့ငွေကြေးနှင့် ပစ္စည်းများထိန်းချုပ်ရေး ဥပဒေအပါအဝင် သက်ဆိုင်ရာဥပဒေများနဲ့ အရေးယူခံရမှာဖြစ်ပါတယ်။
    သို့ဖြစ်ပါ၍ တည်ဆဲဥပဒေများကို ခေတ်စနစ်နဲ့ လျော်ညီစွာ ပြန်လည်သုံးသပ်ပြီး ပြင်ဆင် ဖြည့်စွက် အတည်ပြုပြဋ္ဌာန်းပေးရန် သင့်ပါကြောင်းနှင့် နိုင်ငံသားများ၏ တရားဝင်ရရှိပိုင်ဆိုင် ထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းများနှင့်စပ်လျဉ်း၍ ထိခိုက် နစ်နာနေသော ပြည်သူများအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများ အပြည့်အဝရရှိနိုင်ရန် တည်ဆဲဥပဒေများကို ပြန်လည်သုံးသပ်ပြီး အပ်နှင်းထားသော အာဏာကို အလွဲသုံးစားဆောင်ရွက် ခဲ့သူများအား အရေးယူနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က ရှင်းလင်းပြတ်သားမှုရှိပြီး ပြည်သူလူထု အား အကာအကွယ်ပေးမည့် အထူးဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးရန် အဆိုနဲ့စပ်လျဉ်းလို့ မှတ်တမ်းတင် သင့်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
 

Standard (Image)