နိုင်ငံသားများ၏တရားဝင်ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းများနှင့်စပ်လျဉ်း၍ ထိခိုက်နစ်နာနေသောပြည်သူများအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါအခွင့်အရေးများအပြည့်အဝရရှိနိုင်ရန် တည်ဆဲဥပဒေများကို ပြန်လည်သုံးသပ်ပြီး အပ်နှင်းထားသောအာဏာများကိုအလွဲသုံးစားဆောင်ရွက်ခဲ့သူများအား အရေးယူနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က ရှင်းလင်းပြတ်သားမှုရှိပြီး ပြည်သူလူထုအားအကာအကွယ်ပေးမည့် အထူးဥပဒေတစ်ရပ်ပြဋ္ဌာန်းပေးပါရန် ဤလွှတ်တော်က တိုက်တွန်းကြောင်းအဆိုတင်သွင်းခြင်း
ဦးသိန်းညွန့်(သင်္ဃန်းကျွန်းမဲဆန္ဒနယ်)။ ။ လေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်တင်သွင်းမယ့်အဆိုကတော့ နိုင်ငံသားများ၏ တရားဝင်ရရှိပိုင်ဆိုင် ထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းများနှင့် စပ်လျဉ်း၍ ထိခိုက်နစ်နာနေသောပြည်သူများ အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများ အပြည့်အဝရရှိနိုင်ရန် တည်ဆဲဥပဒေများကိုပြန်လည်သုံးသပ်ပြီး အပ်နှင်းထားသောအာဏာများကို အလွဲသုံးစားဆောင်ရွက်ခဲ့သူများအားအရေးယူနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က ရှင်းလင်း ပြတ်သားမှုရှိပြီး ပြည်သူလူထုအား အကာအကွယ်ပေးမည့် အထူးဥပဒေတစ်ရပ်ပြဋ္ဌာန်းပေးပါရန် ဤလွှတ်တော်က တိုက်တွန်းကြောင်း အဆိုပဲဖြစ်ပါတယ်။
လေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီအဆိုကိုတင်သွင်းရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဋ္ဌာန်းထားတဲ့ နိုင်ငံသားအခွင့်အရေးများကို နိုင်ငံသားများပြည့်ပြည့်ဝဝရရှိ ခံစားနိုင်ဖို့ဖြစ်ပါတယ်။ အထူးသဖြင့် ပုဒ်မ ၃၅၆ မှာပြဋ္ဌာန်းထားတဲ့ နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင်ရရှိ ပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများနှင့် စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည်ဆိုတဲ့ပြဋ္ဌာန်းချက်ကို စာအုပ်ပေါ်မှာပြဋ္ဌာန်းထားတဲ့နေရာ ကနေ လက်တွေ့အသက်ဝင်လာဖို့အတွက် ကျွန်တော်သာဓကများနှင့်တကွ ဥက္ကဋ္ဌကြီးမှတစ်ဆင့် လွှတ်တော်သို့ရှင်းလင်းတင်ပြပါမယ်။ ဒီလိုရှင်းလင်းတင်ပြတဲ့အခါမှာ လိုအပ်တဲ့နေရာမှာ စာရွက်စာတမ်းတချို့ကိုဖတ်ကြားခွင့်ပြုပါလို့ ဥက္ကဋ္ဌကြီးအား ကြိုတင်ခွင့်တောင်းအပ် ပါတယ်။
လေးစားရပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီအဆိုတင်သွင်းရတဲ့အခါမှာ အရင်ဆုံး ကျွန်တော် ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းနှင့် ပတ်သက်ကြီးတော့ သာဓကနှစ်ခုတင်ပြပါ့မယ်။ တစ်ခုကတော့ လူလတ်တန်းစားဘဝကနေ ဆင်းရဲတဲ့ ဘဝရောက်သွားပြီးတော့ ကိုယ့်ရဲ့ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းများ ဆုံးရှုံးခဲ့တဲ့ကိစ္စပါ။ အားလုံးသိတဲ့အတိုင်း ဒီလွှတ်တော်မှာ လည်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မေးခွန်းမေးခဲ့ပါတယ်။ လူလတ်တန်းစားတွေရှိစုမယ့်စု စုဆောင်းထားတဲ့ ပစ္စည်းတွေကို ဝန်ဆောင်မှု ကုမ္ပဏီတွေကိုအပ်နှံခဲ့တဲ့ကိစ္စပါ။ အဲ့ဒီတုန်းကလည်း လူထုကယုံကြည်တယ်ဆိုတာ ရုပ်မြင်သံကြား ကနေ နိုင်ငံတော်တာဝန်ရှိတဲ့လူတွေကိုယ်တိုင်က အဲ့ဒီကုမ္ပဏီတွေရဲ့ အဲ့ဒီဝန်ဆောာင်မှုကုမ္ပဏီတွေနဲ့ ရုပ်မြင်သံကြားမှာအလှူငွေတွေတွဲရိုက်တာကိုမူတည်ပြီးတော့ ပြည်သူလူထုက သူတို့ယုံကြည်တဲ့ ငွေတွေကို အပ်နှင်းခဲ့တဲ့ကိစ္စပါ။ နောက်ဆုံး အားလုံးသိတဲ့အတိုင်းပဲ အဲ့ဒီအပ်နှင်းခဲ့တဲ့ နိုင်ငံသူနိုင်ငံသားတွေဟာ သူတို့ရဲ့ငွေကြေးဆုံးရှုံးရတဲ့ဟာက ယနေ့ဘယ်လိုခံစားနေရတယ်ဆိုတာ ပြီးခဲ့တဲ့ The Voice Journal January 7-13 ၂၀၁၃ ဂျာနယ်မှာ အငြိမ်းစားအထက်တန်းပြ ဆရာမတစ်ဦးရဲ့စာကို ကျွန်တော်ကောက်နုတ်ဖတ်ပြလိုပါတယ်။
ကျွန်မ ပင်စင်စားဆရာမတစ်ဦးပါ။ ကျွန်မကဲ့သို့ ခံစားရတဲ့ပြည်သူတွေထဲမှာ ဘဝပျက်သူတွေ၊ စိတ်ထိခိုက်လို့သေဆုံးရတဲ့သူတွေအများကြီးရှိပါတယ်။ လူလတ်တန်းစားဘဝမှ လူဆင်းရဲဘဝသို့ ရောက်ခဲ့သူတွေလည်း မနည်းလှပါဘူး။ အဲ့ဒါက ရိုးသားနုံအတဲ့ပြည်သူတွေကို ရိုက်စားလှည့်ဖျားသွား တဲ့ကုမ္ပဏီတွေအကြောင်း လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ဝင့်ကြွားခဲ့တဲ့ အထွေထွေအကျိုးဆောင် လုပ်ငန်းတွေကို ယုံကြည်ခဲ့လို့ပါ။ ပြီးတော့ တစ်နေရာမှာကတော့ ဒီကုမ္ပဏီ အနည်းအပါးကတော့ ထည့်ဝင်တဲ့အရင်းငွေတချို့အနည်းငယ်ပြန်ထုတ်ပေးလို့ ကျေးဇူးတင်ရပါသေးတယ်။ တချို့ကတော့ တရားစွဲဆိုနိုင်ပေမယ့် တရားစွဲဆိုဖို့ငွေမလိုက်နိုင်ပါဘူး။ ဒီကိစ္စမှာ အလှူငွေတွေကို တဗြုန်းဗြုန်းနဲ့ ယူထားတဲ့ အစိုးရမင်းများက ငါတို့နဲ့မဆိုင်ဘူး။ မင်းတို့ပြည်သူတွေညံ့လို့ နုံလို့ အလို့ မင်းတို့ထိုက်နဲ့ မင်းတို့ကံ နင်သာခံပေတော့လို့ အဖေအမေခေါ်စရာမရှိခဲ့ပါဘူး။ အခုအချိန်မှာ အဲ့ဒီအကျိုးဆောင် လူကြီးမင်းများပြန်လည်ကြီးပွားပြီး သူဌေးပြန်ဖြစ်နေကြပါပြီ။ ကျွန်မတို့လို ဆုံးရှုံးနစ်နာခဲ့တဲ့သူတွေကို ဘယ်သူကမှ အကာအကွယ်မပေးခဲ့ပါဘူးဆိုပြီးတော့ အငြိမ်းစားအလယ်တန်းပြဆရာမတစ်ဦးက ရွှေ့ပြောင်းနိုင်တဲ့ သူတို့ပိုင်ဆိုင်တဲ့ ပင်စင်စုဆောင်းငွေလေးများဆုံးရှုံးခဲ့ရတာကို The Voice Journal မှာ ရင်ဖွင့်ခဲ့ပါတယ်။
အဲ့နောက်တစ်ခုကတော့ ကျွန်တော်သက်ဆိုင်ရာတာဝန်ရှိသူများကိုလည်း တင်ပြခဲ့ပါတယ်။ အဲ့ဒါကတော့ ဘာလဲဆိုတော့ တရားဥပဒေအရအင်မတန်ဆိုးတဲ့ကိစ္စတစ်ခုပါ။ အဲ့တာကတော့ ကျွန်တော်တို့ မော်လမြိုင်ဘက်မှာ တပ်မတော်(ရေ)ကနေ တရားမဝင်သစ်ခွဲသားများတင်ဆောင်လာတဲ့ ကြယ်တံခွန်အမည်ရှိတဲ့စက်လှေကိုသိမ်းခဲ့ပါတယ်။ သိမ်းပြီးတော့ ရုံးတင်တယ်။ အဲ့ဒီမှာပါတဲ့ သစ်တွေကိုပါ ရှာဖွေပုံစံနဲ့သိမ်းပြီး ရုံးတင်ခဲ့တယ်။ အဲ့ဒီမှာ ပတ်သက်သူတွေ ကို ပြစ်ဒဏ်ပေးခဲ့တယ်။ သစ်တွေကိုတော့ နိုင်ငံတော်ပိုင်အဖြစ်သိမ်းခဲ့တယ်။ သို့သော် ဥပဒေအရလုပ်ရမယ့် စက်လှေကိုတော့ ရုံးမတင်ခဲ့ပါဘူး။ ရုံးမတင်ခဲ့တဲ့အတွက် အမှုပြီးတဲ့ တစ်နှစ်ခန့်ကြာတဲ့အခါမှာ ဒီစက်လှေဟာ နိုင်ငံတော် ဆီလည်း ပြန်မရောက်ဘူး။ တရားဝင်ပိုင်ဆိုင်တဲ့ ပိုင်ရှင်ကိုလည်းပြန်မပေးဘဲနဲ့ မော်လမြိုင်သံလွင် တံတားတစ်ခုမှာ ယခုထက်ထိထားပြီးတော့ တစ်နေ့ ဘယ်သူယူမလဲဆိုတဲ့ပြဿနာ၊ ဥပဒေအရမလုပ် ဘဲနဲ့ ဥပဒေပြင်ပနဲ့လုပ်တဲ့ဖြစ်ရပ်မျိုး ဒါတွေဟာမဖြစ်သင့်ပါဘူး။ ကျွန်တော်တို့ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ၅၁၇ အရချမှတ်ပြီးတော့ နိုင်ငံတော်ကသိမ်းရင်သိမ်း မသိမ်းရင်မူလပိုင်ရှင်ကိုပြန်ပေးရမယ်။ အခုတော့ ဒီအတိုင်းပဲမိုးထဲရေထဲမှာပျက်စီးပြီးတော့ လွဲလွဲမှားမှား အသုံးချမယ့် အနေအထားမျိုးတွေ ဟာ နိုင်ငံသားတွေအတွက် အင်မတန်ထိခိုက်ပါတယ်။ ဒါဟာ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းနဲပတ်သက် လို့ပါ။
မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းနှင့်ပတ်သက်ရင် ကျွန်တော်သာဓကနှစ်ခုတင်ပြပါ့မယ်။ ဒီတင်ပြ တဲ့အချက်များကလည်း လွှတ်တော်ကော်မတီတွေကိုပို့ထားပါတယ်။ အဲ့ဒါက ကျွန်တော်နာမည်တော့ အခုတော့ မပြောတော့ပါဘူး။ စာချုပ်စာ တမ်းမှတ်ပုံတင်ဥပဒေမှာ မှတ်ပုံတင်ခြင်းသည်ကြားသိခြင်း ဖြစ်တယ်။ မှတ်ပုံတင်တဲ့အခါမှာ ဘယ်လိုအကျိုး သက်ရောက်မှုတွေ ရှိတယ်ဆိုတာ ဥပဒေက အတိအလင်း ပြဋ္ဌာန်းထားပါတယ်။ အဲ့တော့ သတင်းစာမှာလည်းထည့်တယ်။ မှတ်ပုံလည်းတင်တယ်။ ဒါပေမယ့် တရားရုံးရောက်တဲ့အခါကျတော့ မှတ်ပုံတင်ထားတာကိုမျက်ကွယ်ပြုပြီးတော့ စီရင်ချက်တွေ ချလိုက်တဲ့အတွက် ဒီနေ့ဆိုရင်သူရဲ့ အိမ်ကိုဝရမ်းကပ်ပြီးတော့ လေလံတင်ရောင်းချရမယ့် အဆင့်ရောက် နေပါပြီ။ ဒါကိုလည်း လွှတ်တော်ကော်မတီတွေကို ပြည့်ပြည့်စုံစုံပေးပို့ထားပြီးဖြစ်ပါတယ်။ ကျွန်တော် ဆိုလိုချင်တာက ဥပဒေရှိရင် ဥပဒေအရသူတရားဝင်ပိုင်ရင် ကာကွယ်ပေးရမယ်။ အခုတော့ အုပ်ချုပ်ရေးနည်းလမ်းနဲ့ရော၊ တရားစီရင်ရေးနည်းလမ်းနဲ့ရော ပြည်သူတွေရဲ့တရားဝင်ပိုင်ဆိုင်မှုတွေ ထိပါးခံနေရပါတယ်။
နောက် မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းနှင့်ပတ်သက်ပြီး နောက်တင်ပြချင်တဲ့ အချက်တစ်ချက် ကတော့ ဒါကတော့ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော် အမည်နာမနဲ့တင်ပြခွင့်ပြုပါ။ အသက်အရွယ်လည်း ၈၅ နှစ်အပြင် ဒီနေ့ သက်ကြီးဝါကြီး အခုနောက်ဆုံးဆိုရင် ရာသက်ပန်အမျိုးသားစာပေဆုရှင်အဖြစ် ပြဋ္ဌာန်းထားတဲ့ပုဂ္ဂိုလ်ကြီးပါ။ သူကိစ္စကိုလည်း တစ်ချိန် တစ်ခါတုန်းက နိုင်ငံတော်တာဝန်ရှိတဲ့ လူကြီးတွေသိရှိတဲ့ကိစ္စပါ။ သို့သော် ကြားမှာ ဟကြောင်းလေးတွေကြောင့် ဖြစ်ပျက်လာတဲ့ အတွက် ဒီနေ့ စာရေးဆရာကြီးမင်းယုဝေ (ခ) ဦးဝင်းမောင် သူအတိုးသိန်း ၈၀ အရင်း သိန်း ၈၀ နဲ့ယူတဲ့ဟာကို သိန်း ၁၆၀ ပျက်ကွက်ရင် စာချုပ်အရသိန်း ၃၂၀ ဘဲပေးရပါမယ်။ အဲ့ဒီတော့ ကာလတန်ဖိုးသိန်း ၆၀၀၀ တန်တဲ့သူ့နေအိမ်နှင့် သူ့မြေကို သိန်း ၂၈၀ နဲ့ရောင်းစေဆိုပြီးတော့ တရားရုံးစီရင်ချက်ကြောင့် ဆရာကြီး မင်းယုဝေ (ခ) ဦးဝင်းမောင်ရဲ့ခံစားရမှုတွေကို အနည်းငယ်ထုတ်နုတ်ပြီးတော့ ဖတ်ပြပါရစေ။
ကျွန်တော်တို့သည် ဗုဒ္ဓဘာသာဝင်များပီပီ တစ်နေ့နေ့တွင် အမှန်တရားပေါ်ပေါက်ကာ ကျွန်တော်တို့ပိုင်ခြံနှင့် မြေကို ကျွန်တော်တို့မသေမီ တစ်နည်းနည်းဖြင့်ပြန်လည်ရရှိလိမ့်မည်ဟု ယုံကြည်မျှော်လင့်စောင့်စားလျက်ရှိပါသည်။ အဖြစ်မှန်ကို သိရှိသော နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဗန်းမောင်ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဓန္တကုမာရ ဘိဝံသက လည်း အဓမ္မကို ဓမ္မက နောက်ဆုံးတွင် အနိုင်ရရှိမည်ဖြစ်ကြောင်းအားပေးခဲ့ပါသည်။ ယခု သမ္မတခေတ်သို့ရောက်လာ၍ အခွင့်အရေးပေါ်လာသောကြောင့် သမ္မတကြီး ဦးသိန်းစိန်ထံသို့ အမှန်အတိုင်းဆောင်ရွက်ပေးရန် ၂၃-၆-၂၀၁၂ ရက်နေ့တွင် အသနားခံစာ တင်ခဲ့ပါသည်။ ထိုစဉ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ပြည်သူ့လွှတ်တော် ပေါ်ပေါက်လာသဖြင့် အားတက်ကာ ဤစာကိုလျှောက်ထား တင်ပြခြင်းပြုအပ်ပါသည်။ မရိုး မဖြောင့်သော ငွေရှင်ကြေးရှင်တရုတ်သူဌေးနှင့် အကျင့်ပျက်တရားရေးဝန်ထမ်း အချို့ကြောင့် ကျွန်တော် မင်းယုဝေ၏ဘဝ မိသားစုပျက်စီးသွားပါသည်။ အိမ်ခြံထဲတွင်ထားသော ကျွန်တော်၏ ပုံနှိပ်တိုက်ကိုလည်း ပိတ်ပစ်လိုက်ရပါသည်။ ပုံနှိပ်တိုက်မရှိသဖြင့် တာဝန်ခံလုပ်ကိုင်နေသည့် သားကိုသက်ဝင်းမှာလည်း အဝေးပြေးကားမောင်းသမားဘဝသို့ရောက်ရှိသွားပါသည်။ ပုံနှိပ်စက် မရှိသဖြင့် ကျွန်တော့် မြတ်မင်္ဂလာစာစောင်ကို အခြားစက်များတွင်အငှားရိုက်နေရပါသည်။ ကျွန်တော်တို့မိသားစုနေထိုင်စရာ အိမ်လည်းမရှိတော့သဖြင့် ယခုအခါ လှိုင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ ခပေါင်းလမ်းသွယ်တွင် အိမ်ငှားဘဝဖြင့်နေထိုင်နေရပါသည်။ အမှုရုံးတင် စဉ်က ငွေမတတ်နိုင်သဖြင့် ကူညီသူ မိတ်ဆွေများထံမှ ချေးယူထားသောငွေများကိုလည်းပေးဆပ်နေရ ဆဲဖြစ်ပါသည်။ တရားရေး မဏ္ဍိုင်ယိုယွင်းပျက်စီးသဖြင့် သားကောင်ဖြစ်ရသော ကျွန်တော် မင်းယုဝေမိသားစုအဖြစ်ဆိုးကို စာနာထောက်ထား၍ အမှန်တရားပေါ်အောင် အရေးယူကူညီပေးပါရန်ဆိုပြီးတော့ အသက် ၈၅ နှစ် ရှိတဲ့ ဆရာ မင်းယုဝေနှင့် သူရဲ့အစ်မ အသက် ၉၁ နှစ် ဒေါ်မြတင်တို့ရဲ့စာကလည်း ဒီလွှတ်တော်ကော်မတီများဆီ ကိုပေးပို့ ထားပြီးဖြစ်ပါတယ်။
လေးစားရပါသောလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ အဲ့ဒီတော့ ဒီ နိုင်ငံသားအခွင့်အရေး တွေကိုပြန်လည်ကုစားဖို့ အခြေခံဥပဒေမှာတော့ စာချွန်တော်လွှာပြဋ္ဌာန်းထားပါတယ်။ သို့သော် စာချွန်တော်လွှာနှင့်ပတ်သက်ပြီး လွှတ်တော်မှာ လည်း ကန်ပက်လက်မဲဆန္ဒနယ် သူရဦးအောင်ကို အဆိုတင်ခဲ့ပြီး ကျွန်တော်တို့လည်းဆွေးနွေးခဲ့ပါတယ်။ လက်တွေ့က ဒီ စာချွန်တော်လွှာအခွင့်အရေး လိုချင်တယ်ဆိုရင် နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို လာရောက်ပြီးတင်ရပါမယ်။
ဒီနေ့ နိုင်ငံသားအများစုဟာ နေပြည်တော် ပြည်ထောင်စု တရားရုံးချုပ်ကိုလာဖို့ ရှေ့နေငှားရမ်းပြီး တင်ဖို့ဆိုတာ အင်မတန်မှအခက်အခဲအကျပ်အတည်းတွေကြုံနေပါတယ်။ အဲ့ဒါကို ဘယ်လိုနည်းနဲ့ ဖြေရှင်းပေးနိုင် မလဲ။ ပြန်လေ့လာ ကြည့်တဲ့အခါကျတော့ ယနေ့အချိန်အထိ မရုတ်သိမ်းရသေးတဲ့ နိုင်ငံသားများရဲ့ အခွင့်အရေးများ ကာကွယ်စောင့်ရှောက် သည့်ဥပဒေကို ပြန်လေ့လာကြည့်ပါတယ်။ အဲ့ဒီဥပဒေမှာဆိုရင် နိုင်ငံသားတွေရဲ့အခွင့်ရေးကို ကာကွယ်စောင့်ရှောက်ပေးဖို့ ဗဟိုအဖွဲ့၊ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့၊ ဝန်ထမ်းအဖွဲ့တွေအထိ ကာကွယ်စောင့်ရှောက်ပေးရ မယ်ဆိုပြီးတော့ ပြဋ္ဌာန်းပေး ထား ပါတယ်။ အဲ့ဒီကာကွယ်စောင့်ရှောက်မှု မရဘူးဆိုရင်လည်း ဒီအာဏာအလွဲသုံးစား လုပ်တဲ့ပုဂ္ဂိုလ်တွေကို အခွင့်အာဏာအလွဲသုံးစားပြုသဖြင့် နစ်နာ၍အရေးယူခြင်းဆိုတာပြဋ္ဌာန်းထားပါတယ်။ ပြည်သူတို့က အကြံဉာဏ်တောင်း ရင်လည်းပေးရမယ်ဆိုတာ ပြဋ္ဌာန်းထားတဲ့အတွက် နိုင်ငံသား တွေအခြေခံဥပဒေကပေးထားတဲ့အခွင့်အရေးတွေကို နေပြည်တော် ပြည်ထောင်စုတရားရုံးချုပ်အထိ မလာဘဲနဲ့ မိမိမြို့နယ်၊ မိမိခရိုင်၊ မိမိပြည်နယ်မှာဘဲ နစ်နာမှုအခွင့်အရေးတွေကို ရယူနိုင်တဲ့ အခွင့်အလမ်းတွေရှိပါတယ်။ အဲ့ဒါကြောင့် ဒီနေ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကိုက်ညီတဲ့ နိုင်ငံသား တွေရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ အထူးဥပဒေတစ်ရပ်လိုအပ်ပါတယ်။ အခု ဒီဥပဒေဟာ ၁၉၇၅ ခုနှစ်က ပြဋ္ဌာန်းပြီးတော့ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ အရပေါ်ပေါက်လာတဲ့ အထူးဥပဒေဖြစ်တဲ့အတွက် ယနေ့ကာလဆိုရင် ခေတ်ကာလနဲ့ မကိုက်ညီတော့ပါဘူး။ ဒါကြောင့် ဒီနေ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၃၅၆ ပြဋ္ဌာန်းချက်ကို နိုင်ငံသားတွေ အကုန်လုံး အပြည့်အဝရယူနိုင်ဖို့အတွက်ဆိုရင် ဒီနေ့ နိုင်ငံသားတွေရဲ့နစ်နာမှုကိုကုစားပေးနိုင်ဖို့ အာဏာအပ်နှင်း ထားတဲ့ အာဏာကိုအလွဲသုံးစားလုပ်တဲ့လူတွေကို အရေးယူနိုင်ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့က ရှင်းလင်းပြတ်သား မှုရှိပြီးတော့ ပြည်သူလူထုကိုအကာအကွယ်ပေးနိုင်တဲ့ အထူးဥပဒေတစ်ရပ်ပြဋ္ဌာန်း ပေးရန်လိုအပ်ပါတယ်။ ဥပဒေအခြေခံမူ၊ ဥပဒေအဆိုအမိန့်တွေမှာ ပြည်သူများရဲ့ကောင်းစားရေးဟာ အရေးကြီးဆုံး အထွဋ်အထိပ် နိယာမ တရားဖြစ်တယ်ဆိုပြီးတော့ ဆိုထားပါတယ်။ အဲ့ဒီအဆိုကိုနဲ့အညီ နိုင်ငံသားတွေအတွက် အကာအကွယ်ရဖို့ သူတို့ရဲ့နစ်နာမှုကို ကုစားပေးဖို့ ကျွန်တော်အထက်ပါအဆို တင်သွင်းရခြင်းဖြစ်ကြောင်း ဥက္ကဋ္ဌကြီး မှတစ်ဆင့် ပြည်သူ့လွှတ်တော်ကို ရှင်းလင်းတင်ပြအပ်ပါ တယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
