နေပြည်တော်၊ ဖေဖော်ဝါရီ ၅
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းအား ဂျပန်နိုင်ငံ KEIDANREN(Japan Business Federation) ဥက္ကဋ္ဌ Mr. Hiromasa YONEKURA ဦးဆောင်သော အဖွဲ့ဝင်များသည် ယနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လာရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမောင်မောင်သိမ်း၊ ဦးသိန်းဆွေ၊ ဦးလှမြင့်ဦး၊ ဦးဌေးမြင့်နှင့် အတွင်းရေးမှူး ဦးကြည်သာ၊ ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာ ဝင်းမြင့်၊ ဦးဝင်းဦး၊ ဦးဝင်းသန်းနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Mikio NUMATA လည်း တက်ရောက်သည်။
ယင်းသို့တွေ့ဆုံရာ၌ ဂျပန်-မြန်မာနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုတိုးတက်ခိုင်မြဲရေး၊ လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားရေးဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
