အထူးကာလစည်းကမ်းသတ်နှင့် အတိုးကန့်သတ်ရေးအက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ လေ့လာတွေ့ရှိချက် အား ဒေါ်ခင်ဌေးကြွယ်(အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ)မှ အစီရင်ခံစာတင်ပြခြင်း



 လေးစားအပ်ပါသောဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံး မင်္ဂလာပါ လို့ နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်မ ကတော့ မွန်ပြည်နယ်၊ မော်လမြိုင်မဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ် ဖြစ်ပါတယ်။

ကျွန်မမှာ အထူးကာလစည်းကမ်းသတ်နှင့် အထူးကန့်သတ်ရေး အက်ဥပဒေကို ရုပ်သိမ်း သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ မှ လေ့လာစိစစ်တွေ့ရှိချက် အစီရင်ခံ စာကို ဥပဒေကြမ်းကော်မတီကိုယ်စား ဖတ်ကြားတင်သွင်းသွားမှာ ဖြစ်ပါတယ်။


၁။    ပြည်ထောင်စုလွှတ်တော်မှ ပေးပို့လာသော အထူးကာလစည်းကမ်းသတ်နှင့် အတိုးကန့်သတ် ရေးအက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေး ခဲ့ပြီး ပြင်ဆင်ချက်မရှိအတည်ပြု၍ ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးနိုင်ရန် အထက်ရည်ညွှန်း ပါစာဖြင့် ပေးပို့လာပါသည်။


၂။    အထူးကာလစည်းကမ်းသတ်နှင့် အတိုးကန့်သတ်ရေးအက်ဥပဒေကို ၁၉၅၀ ပြည့်နှစ် အက်ဥပဒေအမှတ် ၁၉ အဖြစ် ထုတ်ပြန်ခဲ့ပြီး ၁၉၄၈ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့၌ အာဏာတည် သည်ဟု ဖော်ပြပါရှိ၍ ၎င်းဥပဒေ၌ ပုဒ်မပေါင်း ၄ ခု ပါဝင်ပါသည်။


၃။    အဆိုပါအက်ဥပဒေသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ရောင်စုံသောင်းကျန်းသူများ ဆူပူမှုကြောင့် တရားဝင်အစိုးရ၏ မြို့ပြဆိုင်ရာအုပ်ချုပ်ရေးကို ခေတ္တရုပ်သိမ်းခဲ့သည့်နေ့မှ နိုင်ငံတော် သမ္မတက ထိုဒေသအတွက် အမိန့်ထုတ်ပြန်သည့်နေ့အထိ ကာလကို ကာလစည်းကမ်းသတ်အက် ဥပဒေ ပုဒ်မ ၄ ၏ အနက်အဓိပ္ပာယ်အရ ပိတ်ထားသည်ဟု မှတ်ယူရန်နှင့် ငွေချေးပဋိညာဉ်အရဖြစ်စေ၊ အပေါင်စာချုပ်အရဖြစ်စေ၊ ထုတ်ပေးသော ချေးငွေ အပေါ်၌ သို့မဟုတ် ပေါင်နှံခြင်းအပေါ်၌ ထိုကာလအတွက် မထိုက်သင်‌့စေ ရကြောင်း ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါသည်။


၄။    ယခုအခါ ခေတ်ကာလအ‌ွခေအနေနှင့် ဆီလျော်မှုမရှိတော့ခြင်း၊ အချိန်ကာလကြာမြင့်စွာ ကျင်‌့သုံးမှုမရှိခြင်း၊ အနာဂတ်ကာလတွင်လည်း ကျင်‌့သုံးရန်အကြောင်းမရှိခြင်းတို့ကြောင့် ရုပ်သိမ်းရန်လိုအပ်သဖြင့် ရေးဆွဲ တင်ပြခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။


၅။    ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီသည် ၁-၂-၂၀၁၃ ရက်နေ့တွင် ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပြီး အခြေခံရမည့်မူ ၁၂ ချက်နှင့်အညီ စိစစ်ခဲ့ကြပါသည်။


၆။    သို့ဖြစ်၍ အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်မရှိ အတည်ပြုခဲ့သော အထူးကာလစည်းကမ်း သတ်နှင့် အတိုးကန့်သတ်ရေးအက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်းအား လွှတ်တော်မှ အတည်ပြု ပေးနိုင် ပါရန် ပြည်သူ့လွှတ်တော် ဆိုင်ရာနည်းဥပဒေ ၄၄ အရ စိစစ်၍ နည်းဥပဒေ ၄၅ နှင့်အညီ လွှတ်တော်သို့ အစီရင်ခံတင်ပြအပ်ပါသည်။ (သြဘာသံများ)
 

Standard (Image)