နေပြည်တော်၊ ဖေဖော်ဝါရီ (၄)
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကမ္ဘာ့ဘဏ်၏ International Finance Corporation (IFC) မှ Executive Vice Presidentနှင့် CEO ဖြစ်သူ Mr.Jin-Yong Cai ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ကမ္ဘာ့ဘဏ်ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း ကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသများ ဆင်းရဲနွမ်းပါးမှုလျော့ချရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး၊ ငွေကြေးနှင့် ရင်နှီးမြုပ်နှံမှုဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ လွှတ်တော်ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးအောင်သောင်း၊ ဦးမောင်မောင်သိမ်း၊ ဦးသူရိန်ဇော်နှင့် ဦးဌေးမြင့်၊ ကော်မတီ အတွင်းရေးမှူး ဦးမောင်တိုး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံ၏ Country Manager ဖြစ်သူ Mr. Kanthan Shankar လည်း တက်ရောက်သည်။ (သတင်းစဉ်)
