အမျိုးသားလွှတ်တော်မှ အတည်ပြုချက်ဖြင့်ပေးပို့သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းထားသည့် တစ်ပိုဒ်ချင်းစီအလိုက်ဆွေးနွေး၍ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

ဥက္ကဋ္ဌ။           ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အမျိုးသားလွှတ်တော်မှာ စတင် တင်သွင်းပြီး အတည်ပြုချက်ဖြင့်ပေးပို့ထားသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေကြမ်းကို ၁၅-၈-၂၀၁၂ ရက်နေ့တွင်လက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေး တင်ပြခဲ့ပြီး ဥပဒေကြမ်းကော်မတီရဲ့အစီရင်ခံစာကိုလည်း ၉-၁-၂၀၁၃ ရက်နေ့တွင် တင်သွင်းပြီးဖြစ်ပါတယ်။ ယင်းဥပဒေကြမ်းစပ်လျဉ်းပြီး စတင်ဆွေးနွေးပါမယ်။

ဒီလိုဆွေးနွေးရာမှာ ဥပဒေကြမ်းကော်မတီ အပါ အဝင် ပြင်ဆင်ချက်အဆိုတင်သွင်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းက သက်ဆိုင်ရာ အပိုဒ်၊ အပိုဒ်ခွဲအလိုက် ဆွေးနွေးခြင်း၊ ပြည်ထောင်စုအဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းဆွေးနွေး ခြင်းများ ပြုလုပ်ပြီး လွှတ်တော်ရဲ့ဆန္ဒသဘောထားရယူဆုံးဖြတ်အတည်ပြုခြင်း ပြည်သူ့လွှတ်တော် မှ ပြင်ဆင်ချက်မရှိသည့် အမျိုးသားလွှတ်တော်ရဲ့ ပြင်ဆင်ချက်များကို အတည်ပြုခြင်းများ ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၅၉ အရ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး အမျိုးသား လွှတ်တော်မှ ပြင်ဆင်သည့်အချက်များကို ဥပဒေကြမ်းကော်မတီက လွှတ်တော်မှာတင်ပြဖို့ဖြစ်ပါတယ်။ ဥပဒေကြမ်းကော်မတီမှ တင်ပြဖို့ဖိတ်ခေါ်ပါတယ်။

          ဦးစိုးစိုး(အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ)။။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ မူလပြဋ္ဌာန်းချက်၊ အမျိုးသားလွှတ်တော်၏ ပြင်ဆင် အတည်ပြုချက်နဲ့ ပြည်သူ့လွှတ်တော်ရဲ့ ပြင်ဆင်တင်ပြချက်ဇယားများကို အတည်ပြုပေးနိုင်ရေး အတွက် ဥပဒေကြမ်းကော်မတီရဲ့ကိုယ်စား တင်ပြသွားမှာဖြစ်ပါတယ်။ အပိုဒ် ၁ အမျိုးသားလွှတ်တော် မှ ပြင်ဆင်အတည်ပြုချက်များဖြင့် ပေးပို့လာသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ၈-၈-၂၀၁၂ ရက်နေ့တွင် လက်ခံရရှိခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်များထံ ၁၄-၈-၂၀၁၂ ရက်နေ့တွင် ဖြန့်ဝေခဲ့ပြီးဖြစ်ပါတယ်။ ဥပဒေကြမ်းကော်မတီရဲ့ လေ့လာစိစစ်တွေ့ရှိချက် အစီရင်ခံကို ၉-၁-၂၀၁၃ ရက်နေ့တွင် လွှတ်တော်တွင်  ဖတ်ကြားတင်ပြခဲ့ပြီး ဥပဒေကြမ်းနှင့်ပတ်သက်လို့ ပြင်ဆင်အဆိုတင်သွင်းလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့အမည် စာရင်းကို တောင်းခံခဲ့ပြီးဖြစ်ပါတယ်။ ထို့သို့တောင်းခံချက်အရ ပြင်ဆင်ချက်အဆိုတင်သွင်းခဲ့ကြတဲ့ ကိုယ်စားလှယ်များမှာ ဒေါက်တာဒေါ်အေးမြင့်၊ ရွှေတောင်မဲဆန္ဒနယ်နှင့် ဦးဉာဏ်ဝင်း၊ လှိုင်သာယာ မဲဆန္ဒနယ်တို့ဖြစ်ပါတယ်။ (၃) ဥပဒေကြမ်းကော်မတီသည် ၂၉-၁-၂၀၁၃ ရက်နေ့တွင် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၊ သက်ဆိုင်ရာဝန်ကြီးဌာမှ တာဝန်ရှိ သူများနှင့် ပြင်ဆင်ချက်အဆိုတင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေး ပြီး ပြင်ဆင်ရန်တင်ပြချက်များကို သဘောတူညီခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင် ဤဥပဒေကြမ်းအတွက် ပြည်သူ့လွှတ်တော်မှအတည်ပြုပြဋ္ဌာန်းပေးနိုင်ရန် ပြင်ဆင်ချက်များကို ယနေ့ ၄-၂-၂၀၁၃ ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များထံသို့ ဖြန့်ဝေထားပြီးဖြစ်ပါတယ်။ (၄) သို့ဖြစ်ပါ၍ ဤဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ပြည်သူ့လွှတ်တော်ဆိုင်ရ နည်းဥပဒေ ၁၅၉ အပိုဒ်ခွဲ (က)၊(ခ)၊(ဂ)နှင့်(ဃ)တို့အရ အပိုင်း ၃ ပိုင်းခွဲခြားပြီးအတည်ပြုပေးနိုင်ပါရန် ဥပဒေကြမ်းကော်မတီကိုယ်စား အောက်ပါအတိုင်း အဆိုပြု တင်ပြအပ်ပါတယ်။ (က) ဤဥပဒေကြမ်းတွင် ပြင်ဆင်ရန်တင်ပြချက် ၇၃ ချက်ရှိသည့်အနက် အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအတိုင်း ဥပဒေကြမ်းကော်မတီမှ သဘောတူသည့် ၄၂ ချက် မှာ  အောက်ဖော်ပြပါအတိုင်းဖြစ်ပါတယ်။ အမှတ်စဉ်(၁) ဥပဒေခေါင်းစီ၊ အမှတ်စဉ်(၂) အခန်း(၁) ပုဒ်မ ၂ ပုဒ်မခွဲ (ခ)၊(ဈ)၊ အမှတ်စဉ်(၃) အခန်း(၂) ခေါင်းစဉ်းနှင့် ပုဒ်မ ၃ ပုဒ်မခွဲ(က)၊ (ခ)၊ (ဃ)၊ အမှတ်စဉ်(၄) အခန်း(၃) ခေါင်းစဉ်နှင့် ပုဒ်မ ၄ ပုဒ်မခွဲ(က)၊ ပုဒ်မ ၅ ပုဒ်မခွဲ(က)၊(ခ)၊(ည)၊(ဍ)၊(ဏ)၊ (တ)၊(ထ)၊(မ)၊(ရ)၊ ပုဒ်မ ၆၊ အမှတ်စဉ်(၅) အခန်း(၄) ခေါင်းစဉ်နှင့် ပုဒ်မ ၇ ပုဒ်မခွဲ(က)နှင့်(ခ)၊ ပုဒ်မ ၉ ပုဒ်မခွဲ(ဈ)၊(ဋ)၊ အမှတ်စဉ်(၆) အခန်း(၅) ခေါင်းစဉ်၊ အမှတ်စဉ် (၇) အခန်း(၆) ခေါင်းစဉ် ပုဒ်မ ၁၅ ပုဒ်မခွဲ(င)၊(ဆ)၊(ဈ) ပုဒ်မ ၁၇ ပုဒ်မခွဲ(ဇ)၊(ဈ)၊ ပုဒ်မ ၁၈ ပုဒ်မခွဲ(က)၊ အမှတ်စဉ်(၈) အခန်း(၇) ခေါင်းစဉ် ပုဒ်မ ၁၉ ပုဒ်မခွဲ (ခ)၊(ဂ)၊ ပုဒ်မ ၂၀ ပုဒ်မခွဲ(ခ)၊(ဂ)၊ ပုဒ်မ ၂၃၊ အမှတ်စဉ်(၉) အခန်း(၈) ခေါင်းစဉ် ပုဒ်မ ၂၇၊ ပုဒ်မ ၂၈ ပုဒ်မခွဲ(က)၊ ပုဒ်မ ၃၀ ပုဒ်မခွဲ(ဃ)၊ အမှတ်စဉ်(၁၀) အခန်း(၉) ခေါင်းစဉ် ပုဒ်မ ၃၃ သို့ဖြစ်ပါ၍ အထက်ဖော်ပြ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီမှ သဘောတူထားသည့် အမျိုးသားလွှတ်တော်၏ ပြင်ဆင်အတည်ပြုချက်စုစုပေါင်း ၄၂ ချက်ကို ပြည်သူ့လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် လေးစားစွာဖြင့် တင်သွင်းအပ်ပါတယ်။

          ဥက္ကဋ္ဌ။           ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၅၉ အရ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး အမျိုးသားလွှတ်တော်မှ ပြင်ဆင်ရန်အချက် ၇၃ ချက်ရှိတဲ့အနက်မှ အမျိုးသားလွှတ်တော်ရဲ့ ပြင်ဆင် ချက်များအတိုင်း ၄၂ ချက်ကို ဥပဒေကြမ်းကော်မတီမှ သဘောတူထားပါတယ်။ ဥပဒေကြမ်းကော်မတီ မှ သဘောတူထားတဲ့ အချက် ၄၂ ချက်ကို အမျိုးသားလွှတ်တော်ရဲ့ ပြင်ဆင်ချက်အတိုင်း အတည်ပြု ရန်လွှတ်တော်က သဘောတူပါသလားခင်ဗျား။

          [သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်က သဘောတူပါသည်။]

          ဥက္ကဋ္ဌ။           ။ သဘောမတူတဲ့သူရှိပါသလားခင်ဗျား။ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ လွှတ်တော်မှာ သဘောမတူသူမရှိတဲ့အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ ရေးဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ပြင်ဆင်ရန်အချက် ၇၃ ချက်ရှိတဲ့အနက် ဥပဒေကြမ်းကော်မတီက သဘောတူထားတဲ့ ၄၂ ချက်ကို အမျိုးသားလွှတ်တော်ရဲ့ ပြင်ဆင်ချက်အတိုင်း အတည်ပြုကြောင်း ကြေညာပါတယ်။ (သြဘာသံများ)

          ဥက္ကဋ္ဌ။           ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကန့်လန့်ဖြတ်ဇယားကို အသုံးပြုပါမယ်။ ဒါကြောင့် ပြင်ဆင်အဆိုပြုထားတဲ့ ရွှေတောင်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်အေးမြင့် သက်ဆိုင်ရာအပိုဒ်အလိုက် လွှတ်တော်သို့တင်ပြပေးဖို့ဖိတ်ခေါ်ပါတယ်။

          ဒေါက်တာဒေါ်အေးမြင့်(ရွှေတောင်မဲဆန္ဒနယ်)။     ။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ကြွရောက်လာကြပါသော ပြည်ထောင်စုဝန်ကြီးများ၊ ဧည့်သည်တော် များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံးကို မင်္ဂလာပါလို့ ကျွန်မနှုတ်ခွန်းဆက်သအပ်ပါ တယ်။ ကျွန်မကတော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်တင်ပြချက် တင်သွင်းမည့် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်အေးမြင့် ဖြစ်ပါတယ်။ ကျွန်မပြင်ဆင်တင်ပြမယ့်အချက်က ပြင်ဆင်ချက်ကန့်လန့်ဖြတ်ဇယား စာမျက်နှာ ၃ မှာ အမျိုးသားလွှတ်တော်ရဲ့ပြင်ဆင်ချက်မှာ အရင်းအမြစ်ဆိုသည်မှာ ဘေးသင့်ပြည်သူ များအတွက် လိုအပ်သော လူ့စွမ်းအား၊ စွမ်းအင်၊ ကျွဲ၊ နွားတိရစ္ဆာန်၊ ယာဉ်၊ ပစ္စည်းကိရိယာ၊ ဆက်သွယ်ရေးပစ္စည်း၊ အဆောက်အအုံ၊ သိုလှောင်ရုံ၊ စား၊ ရေ၊ ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်း၊ ပြန်လည်ထူထောင်ရေးပစ္စည်း၊ နေရာနှင့်ငွေကြေးအပါအဝင် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို ဆိုသည်ဟု ပြင်ဆင်ထားတာကို ကျွန်မ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေနဲ့ အရင်းအမြစ်ဆိုသည်မှာ ဘေးသင့်သူများအတွက် လိုအပ်သော လူ့စွမ်းအား၊ စွမ်းအင်တစ်မျိုးမျိုး ဒီနေရာမှာ တစ်မျိုးမျိုးပြင်ဆင်ဖြည့်စွက်လိုပါတယ်။ ကျွဲ၊ နွားတိရစ္ဆာန်၊ ယာဉ်တစ်မျိုးမျိုး၊ ပစ္စည်းကိရိယာ ဒီမှာလည်း တစ်မျိုးမျိုးဖြည့်စွက်ပြင်ဆင်လိုပါ တယ်။ ပစ္စည်းကိရိယာ၊ ဆက်သွယ်ရေးပစ္စည်း၊ အဆောက်အအုံ၊ သိုလှောင်ရုံ၊ စား၊ ရေ၊ ရိက္ခာနှင့် ဆက်သွယ်ရေးပစ္စည်းများ များဖြည့်ပါတယ်။ ပြန်လည်ထူထောင်ရေးပစ္စည်းများ များဖြည့်ပါတယ်။ နေရာနှင့် နေရာနှင့်ငွေကြေးအပါအဝင် ရွှေ့ပြောင်းနိုင်သောပစ္စည်းများ များဖြည့်ပါတယ်။ မရွှေ့ပြောင်း နိုင်သော ပစ္စည်းများကို ဆိုသည်လို့ ကျွန်မ ပြင်ဆင်ဖြည့်စွက်လိုပါတယ်။ ဒီနေရာမှာ တစ်မျိုးမျိုးဆိုတဲ့ စကားသုံးတွေကို ပြင်ဆင်ဖြည့်စွက်ရတာမှာ အကြောင်းအချက် ၃ ချက်ရှိပါတယ်။

          ဥက္ကဋ္ဌကြီးရှင်။ အချိန်ကိုချုံ့သောအားဖြင့် ရေးမှတ်ထားတဲ့စာကို ကြည့်ခွင့်ပြုပါ။ တစ်မျိုးမျိုးဆိုတဲ့စကားကို ဖြည့်စွက်ပြီးတော့ပြင်ဆင်ရတာမှာ အကြောင်း ၃ ချက်ရှိတယ်ဆိုတာမှာ ယာဉ်ဆိုတာဟာ သက်ရှိ ကျွဲ၊ နွား တိရစ္ဆာန်တွေဆွဲတဲ့ယာဉ် သက်မဲ့ဖြစ်တဲ့ စက်တပ်ယာဉ်တွေ ဆွဲယာဉ် ဆိုပြီးတော့ စီးနင်းတဲ့ယာဉ်၊ ဝန်သယ်တဲ့ယာဉ်တွေအဖြစ်နဲ့ အသုံးပြုနေတဲ့ ယာဉ်အမျိုးအစား များစွာထဲက တစ်မျိုးလို့ ညွှန်းဆိုရာရောက်တဲ့အတွက်ကြောင့်မို့လို့ အနက်အဓိပ္ပာယ်ရည်ညွှန်းချက် ပိုမိုကျယ်ပြန့် သေချာပြည့်စုံစေခြင်း နောက် နံပါတ်(၂) အချက်ကတော့ စကားလုံးတူ ၂ လုံးဖြစ်တဲ့ မျိုးမျိုးကို ထပ်ဆင့်သုံးခြင်းအားဖြင့် ဆိုလိုရင်းကို ပိုမိုသေချာစေ၊ လေးနက်စေခြင်း၊ နောက်နံပါတ် (၃) အချက်ကတော့ အမျိုးသားလွှတ်တော်ရဲ့ ပြင်ဆင်ချက်တွေထဲမှာကိုပဲ ပြည်ပနိုင်ငံတစ်ခုခု၊ အခြား နိုင်ငံတစ်ခုခု လုပ်ငန်းတာဝန်တစ်ရပ်ရပ် ပုဂ္ဂိုလ်တစ်ဦးဦး နယ်မြေဒေသတစ်ခုခု ဆောင်ရွက်မှုတစ်ခုခု ပျက်ကွက်မှုတစ်ရပ်ရပ်လို့ စကားလုံး အသုံးတူနှစ်လုံးစီဆင့်ပြီးတော့ သုံးထားတာတွေ တွေ့ရပါတယ်။ အဲဒီတော့ ဒီအချက် ၃ ချက်ကြောင့် တစ်မျိုးမျိုးဆိုတဲ့ စကားသုံးကို ဖြည့်စွက်ပြီးတော့ရင် ပြင်ဆင်လို ခြင်းဖြစ်ပါတယ်။ နောက် များဆိုတာကတော့ တစ်မျိုးစီရဲ့ အများပြစကားသုံးများကို တိကျရန် လိုအပ် တဲ့အတွက်ကြောင့်မို့လို့ ဖြည်‌့စွက်ပြင်ဆင်လိုခြင်းဖြစ်ပါတယ်။

          နောက် စာမျက်နှာ ၃ မှာကလည်း အမှတ်စဉ် ၅ အခန်း(၁) အပိုဒ် ၂ အဲဒီမှာ အမျိုးသား လွှတ်တော်ရဲ့ပြင်ဆင်ချက်က အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများကိုဆိုသည်မှာ ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ အစိုးရ အချင်းချင်းဖွဲ့စည်းထားသည့် အဖွဲ့အစည်းများနှင့် ပြည်ပနိုင်ငံများရှိ အစိုးရမဟုတ်သော အဖွဲ့အစည်း များကို ဆိုသည်လို့ ပြင်ဆင်ထားပါတယ်။ ဒါကို ကျွန်မ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများဆိုသည်မှာ ကုလသမဂ္ဂနှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ အစိုးရအချင်းချင်းဖွဲ့စည်းထားသည့် အဖွဲ့အစည်းများနှင့် ပြည်ပနိုင်ငံများရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများကို ဆိုသည်ဆိုပြီးတော့ ကျွန်မ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ရဲ့ ပြင်ဆင်ချက်ထဲက အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများဆိုတဲ့ စကားသုံးကို ကျွန်မ ဖြုတ်ထားပါတယ်။ ဒါဟာ စကားသုံးမထပ်စေခြင်း၊ စကားသုံးကို ကျစ်ကျစ်လျစ်လျစ် ဖြစ်စေချင်တဲ့ အတွက်ကြောင့်မို့လို့ ဖြည့်စွက်ပြင်ဆင်ထားခြင်းဖြစ်ပါတယ်။

          စာမျက်နှာ ၁၂ မှာ အမျိုးသားလွှတ်တော်ရဲ့ပြင်ဆင်ချက်က အမျိုးသားကော်မတီ၏ ဦးဆောင် လမ်းညွှန်မှုနှင့်အညီ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကို သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပစေတနာ့ရှင်များ၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အခြား အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်း၍ ထိရောက်လျှင် လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက် ခြင်းလို့ ရှိတာမှာ ကျွန်မက အမျိုးသားကော်မတီ၏ဦးဆောင်လမ်းညွှန်မှုနှင့်အညီ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကို သက်ဆိုင်ရာ အစိုးရဌာန အစိုးရဆိုပြီးတော့ အဲဒီမှာ ဌာနကို ကျွန်မ ဖြုတ်မိပါတယ်။ စကားသုံးကို ကျစ်လျစ်သွားစေခြင်းတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ အစိုးရ အဖွဲ့အစည်းများက ပြည်တွင်းပြည်ပစေတနာ့ရှင်များ၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အခြား အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်း၍ ထိရောက်လျင်မြန်စွာ လယပင့်မှာ ဟထိုးမပါပါဘူး။ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းလို့ ကျွန်မပြင်ဆင်လိုပါတယ်။

          ဥက္ကဋ္ဌကြီးရှင်။ ကျွန်မဟာ နိုင်ငံတော်တော်တာဝန်ကို နှစ်ပေါင်း ၄၀ နီးပါး ထမ်းဆောင် ခဲ့တဲ့ မြန်မာစာဆရာမတစ်ဦးအနေနဲ့လည်းကောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ လည်းကောင်း မြန်မာစာရေးထုံးသတ်ပုံများမှာ မမှားသင့်မမှားထိုက်တာလေးတွေကို ကျွန်မကို အနည်းငယ် လိုရင်းကို ချုံ့ပြီးတော့ ပြောခွင့်ပြုပါ။ ဒီမှာ လယပင့်ဟထိုးငသတ်သည် သူဟာ သွားရင် လာရင် သူဟာ အင်္ဂလိပ်လိုတော့ If ဆိုတဲ့အဓိပ္ပာယ်ကိုသာဆိုလိုတာပါ။ လျင်မြန်စွာ Quick ဆိုတဲ့ အဓိပ္ပာယ်ဟာ ဟထိုးမပါပါဘူး။ မြန်မာစာလုံးသတ်ပုံတွေကို စာလုံးပေါင်းသတ်ပုံတွေနဲ့ ရေးကြတဲ့ အခါမှာ တစ်လုံးတစ်လေ တစ်နေရာ တစ်ကြိမ်တစ်ခါမှာ မှားလို့ရှိရင် စာရိုက်သူရဲ့ အတွေ့အကြုံမရှှိမှု အမှားလို့ယူဆလို့ရပေမယ့်လို့ နေရာအတော်များများ တစ်နည်းနည်းတချို့တစ်လေထောက်ပြရရင် နိုင်ငံတော်က စံအဖြစ်နဲ့ ထားရမယ့်သတင်းစာလို၊ မဂ္ဂဇင်းလိုမှာတောင် တစ်ခါတစ်ရံမှာ ဒီလို အမှားမျိုးလေးတွေကို ကြုံလာတဲ့အတွက်ကြောင့်မို့လို့ မသိလို အရေးမှားခြင်းတွေ ဖြစ်တယ်ဆိုတာ ထင်ရှားလာပါတယ်။ ကျွန်မတို့ အမှတ်မှား၊ အပြောမှား၊ အရေးမှား၊ စာလုံးမှားခြင်းတွေဟာ အမှားကြာ တော့ အမြှန်ဖစ်မှာစိုးရပါတယ်။ လူညီလျင် ဤကိုကျွဲဖတ်ဆိုတဲ့ဟာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စပါ။ ကျွဲဟာ ကျွဲ၊ ဤဟာ ဤပါပဲ။ တစ်နည်းပြောရလို့ရှိရင်လည်းပဲ ကျွန်မတို့ရဲ့ ကိုးကွယ်မှုဗုဒ္ဓဘာသာ သာသနာတော်မှာ သာသနာတော်ရဲ့အသက်ဟာ ဝိနည်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုပါပဲ ကျွန်မတို့ရဲ့ မြန်မာမှာလည်း စာလုံးပေါင်းသတ်ပုံဟာ ကျွန်မတို့ မြန်မာစာရဲ့အသက်ပါပဲ။ တစ်နည်းပြောရလို့ရှိရင် အဲဒီ စာလုံးပေါင်းသတ်ပုံဟာ ဝိနည်းတော်တွေမှာ မှားခဲ့ပြီဆိုလို့ရှိရင် သာသနာတောင်ပျက်ရာ ပျက်ကြောင်းကို မြင်ပါတယ်။ ဒါကြောင့်မို့လို့ မြန်မာစာစာလုံးပေါင်းသတ်ပုံများကို သတ်ပုံရေးထုံး ကျမ်းလည်း ရှိတဲ့အတွက်ကြောင့်မို့လို့ ဂရုစိုက်ပြီးတော့ ရေးကြဖို့၊ ပြောကြဖို့ ဒါတွေလိုပါတယ်။ နောက် ကျွန်မတို့ ဒီမှာတွေ့နေရပါတယ်။ တကယ်ကို အထင်ကရ နိုင်ငံတော်မှာ ထိပ်ဆုံးဆိုတဲ့ နိုင်ငံတွေ မှာတောင် ကျွန်တော်မှ ပြောဆိုပါမည်ဆိုတာမျိုး မဖြစ်သင့်တာပါ။ မှဆိုတာ ထွက်ခွာရာပြပုဒ်ပါ။ က ဆိုတာက ကတ္တားပုဒ်ပါ။ နောက် အားနှင့်ကို ကိုဆိုတာက ကံပုဒ်ပါ။ အားဆိုတာ လက်ခံပုဒ်ပါ။ အဲဒီလို မမှားသင့် မမှားထိုက်တာလေးတွေ တွေ့လာတဲ့အခါမှာ ဒါတွေဟာ ကျွန်မတို့ရဲ့ မြန်မာစာ ပျက်စီးရာ ပျက်စီးကြောင်းဖြစ်လာပါတယ်။ စာပေမြင်‌့မှ လူမျိုးတင့်မယ်ဆိုတဲ့စကားဟာ ကျွန်မတို့ နိုင်ငံ ကျွန်မတို့ စာပေ ကျွန်မတို့ မြန်မာဘာသာစကားရဲ့ အရိပ်အတည် ဆောင်ပုဒ်ဖြစ်ပါတယ်။ ခိုင်မာတဲ့ရေးထုံးကို သတိပြုမှလည်း ဆိုလိုရင်းကိုရောက်မှာဖြစ်ပါတယ်။ လူကြီးလူငယ်မရွေး မြန်မာစကားကို မှန်မှန် ကန်ကန် မသုံးတတ် မရေးတတ်တာကိုပဲ တစ်လွဲဂုဏ်ယူနေတယ်ဆိုလို့ရှိရင် ကျွန်မတို့ဟာ ဥပမာ လေးပြခွင်‌့ပြုပါ။ တောက်ကွက်တွေဖြစ်မှာစိုးရပါတယ်။ တောက်တဲ့ဟာ တောက်တဲ့လို့မည်မှ သူ တောက်တဲ့ဖြစ်မှာပါ။ ဇီးကွက်ဟာလည်း ဇီးကွက်လို့မည်မှ ဇီးကွက်ဖြစ်မှာပါ။ ကျွန်မတို့မြန်မာစာမှာ စာလုံးပေါင်းသတ်ပုံကို ဒီလိုအမှားရေးကြပြီးတော့ အပြောမှားကြပြီးတော့ အမှတ်မှားကြမယ်ဆိုရင် တော့ တောက်တဲ့လည်းမမည် ဇီးကွက်လည်းအသံမထွက်ဘဲ အကုန်ဟာ တောက်ကွက်တွေဖြစ်မှာ စိုးရပါတယ်။ တကယ်တမ်းကျတော့ ကျွန်မတို့ ဒီစာလုံးပေါင်းသတ်ပုံနှင့် ပတ်သက်လို့ တစ်သီးတစ်သန့် အနေနဲ့ကို အချိန်ယူပြီးပြောရမှာ ဖြစ်ပါတယ် ဥက္ကဋ္ဌကြီးရှင့်။ အဲဒါကိုလည်း လိုအပ်လာတဲ့ အချိန်မှာ လိုအပ်လာတဲ့အချိန်ဆိုတာ အခြားအရေးကြီးကိစ္စများ ဒါလည်းအရေးကြီးပေမယ့် သီခြား အရေးကြီးသော ကိစ္စများပြီးစီးသွားတဲ့အခါကျရင်တော့ ကျွန်မဒါကို ကြိုးစားပြီးတော့ ဥက္ကဋ္ဌကြီးထံ တင်သွင်းမယ်လို့ ကျွန်မစိတ်ကူးထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ပျက်ပျက် ယွင်းယွင်း ပြောကြဆိုကြတာတွေဟာ ပြင်ပေးရမယ့် လူကြီးတွေကိုယ်တိုင်က မှားလာကြပြီဖြစ်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးရှင့်။ သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်းတဲ့ ပြင်ဆင်ချက်ကိုပြောဆိုရင်နဲ့ ကျွန်မတို့ရဲ့ မြန်မာဘာသာစကား ရေးထုံးသတ်ပုံ အပြောမှား၊ အရေးမှား တွေနဲ့ ပတ်သက်လို့ ကျွန်မကိုပြောခွင့်ပြုတဲ့အတွက်ကြောင့်မို့လို့ အထူးကိုကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်ရှင်။ အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ (သြဘာသံများ)

          ဥက္ကဋ္ဌ။           ။ ရွှေတောင်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်အေးမြင့်ရဲ့ ပြင်ဆင်ချက် အဆိုကို ဥပဒေကြမ်းကော်မတီက သဘောထားပြောပါ။

          ဥပဒေကြမ်းကော်မတီ။             ။ ဥပဒေကြမ်းကော်မတီမှသဘောတူပါတယ်။

          ဥက္ကဋ္ဌ။           ။ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနရဲ့သဘောထားပြောပါ။

          ဦးဝင်းထွန်း(ပြည်ထောင်စုဝန်ကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန)။               ။ ကန့်ကွက်ရန်မရှိကြောင်းတင်ပြအပ်ပါတယ်။

          ဥက္ကဋ္ဌ။           ။ ဒေါက်တာဒေါ်အေးမြင့်ရဲ့ ပြင်ဆင်ချက်အဆိုအား လွှတ်တော်က ကန့်ကွက်ရန် ရှိပါသလား။

          ဥက္ကဋ္ဌ။           ။ ကန့်ကွက်ရန်မရှိတဲ့အတွက် ဒေါက်တာဒေါ်အေးမြင့်ရဲ့ပြင်ဆင်ချက်အဆို အတည်ဖြစ်ကြောင်း ကြေညာပါတယ်။

Standard (Image)