နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဆားဘီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီး H.E. Mr. Ivan Mrkic ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦး၊ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ကော်မတီအတွင်းရေးမှူးများဖြစ်ကြသော ဒေါက်တာ စိုးရင်၊ ဦးမောင်တိုး နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဆားဘီးယား နှစ်နိုင်ငံအစိုးရချင်း၊ နှစ်နိုင်ငံလွှတ်တော်ချင်း၊ နှစ်နိုင်ငံပြည်သူချင်း ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ဖော်ဆောင်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲနေမှုများ၊ ဒီမိုကရေစီစနစ် ဖော်ဆောင်နေမှုများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အဖွဲ့ဝင်များသည် ဆားဘီးယား သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Ivan Mrkic ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။(သတင်းစဉ်)
