နေပြည်တော် - ဖေဖော်ဝါရီ ၁၃
မြန်မာ-အိန္ဒိယ လွှတ်တော်နှစ်ရပ်အကြား တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ညနေ(၅)နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ဇမ္ဗူသီရိအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အိန္ဒိယနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ Honourable Smt. Meira Kumar တို့ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မိမိ ဦးဆောင်သော မြန်မာ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ(၁၁)ရက်မှ (၁၇)ရက်ထိ အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိခဲ့ပါကြောင်း၊ အဆိုပါ ခရီးစဉ်အတွင်း လွှတ်တော်လုပ်ငန်းများအပြင် အိန္ဒိယနိုင်ငံ၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများ ပါဝင်သည့် လူမှုစီးပွားရေးစနစ်များနှင့် ပတ်သက်၍ ဆွေးနွေးအမြင်ချင်း ဖလှယ်ခွင့်များ ရရှိခဲ့ပါကြောင်း၊ နယူးဒေလီနှင့် မွန်ဘိုင်းမြို့များသို့ သွားရောက်လေ့လာ အမြင်ချင်း ဖလှယ်ဆွေးနွေးမှုများ ရရှိသည့်အတွက် နှစ်နိုင်ငံဆက်ဆံရေးကို များစွာအကျိုး ဖြစ်ထွန်းစေခဲ့ပါကြောင်း၊ ခရီးစဉ်များအတွင်း လေ့လာတွေ့ဆုံဆွေးနွေးမှုများမှ ရရှိသည့် အတွေ့အကြုံ ဗဟုသုတများမှတဆင့် မိမိတို့လွှတ်တော်ရေးရာလုပ်ငန်းများ ဆောင်ရွက် ရာတွင် များစွာအထောက်အကူဖြစ်စေခဲ့ပါကြောင်း ပမာဏပြောကြားပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများနှင့် မိတ်ဆက်ပေးသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အိန္ဒိယနိုင်ငံအောက်လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်ကို လွှတ်တော်နှင့် နိုင်ငံတော်အစိုးရပိုင်းက များစွာအလေးထားပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံအနေဖြင့် ရှည်လျားသော ပထဝီနယ်နိမိတ် ဆက်စပ်မှုနှင့် သမိုင်းကြောင်းများရှိသည့်အပြင် ယဉ်ကျေးမှုနှင့်ဘာသာရေးဆက်စပ်မှု များဖြင့် ရင်းနှီးစွာတည်ရှိခဲ့သည့် အိမ်နီးချင်းကောင်းနိုင်ငံများ ဖြစ်ကြပါကြောင်း၊ အိန္ဒိယ နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုအခြေခံအသိုင်းအဝိုင်းပေါင်းစုံ၊ ကိုးကွယ်ယုံကြည်မှုလည်း အမျိုးမျိုးကွဲပြားကြသော်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ် အေးချမ်းလျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခြင်းသည် အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်း အုပ်ချုပ်ပုံနှင့် လွှတ်တော်၏အခန်းကဏ္ဍကြောင့်ဟု ယူဆပါကြောင်း၊ မိမိတို့လွှတ်တော်ကို ပါတီပေါင်း(၁၇)ခုနှင့် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသော်လည်း ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်သည့်အယူဘာသာအစွဲ မထားရှိဘဲ ပြည်သူများ အကျိုးစီးပွားအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နေကြပါကြောင်း၊ လွှတ်တော်အနေဖြင့် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး၊ အမျိုးသားပြန်လည်စည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေး ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီ ပိုမိုထွန်းကားရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် လွှတ်တော်၌ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီများကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်နိုင်ခဲ့သော်လည်း စီးပွားရေးပြုပြင်ပြောင်းလဲမှုများတွင် ဆက်လက် ဆောင်ရွက်ရဦးမည် ဖြစ်ပါကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ခြင်း၊ ရင်းနှီးမြုပ်နှံမှုနှင့် ကုန်သွယ်မှုများ တိုးမြှင့် ဆောင်ရွက်ခြင်း၊ နည်းပညာဖလှယ်ခြင်း ကိစ္စရပ်များတွင် ပူပေါင်းဆောင်ရွက်သွားလို ပါကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
ယင်းနောက် အိန္ဒိယနိုင်ငံအောက်လွှတ်တော်ဥက္ကဋ္ဌက မြန်မာနိုင်ငံနှင့် အိန္ဒိယ နိုင်ငံသည် နယ်စပ်နယ်နိမိတ်ချင်းထိစပ်နေပြီး သမိုင်းတစ်လျှောက် ချစ်ကြည်ရင်းနှီးစွာ နေထိုင်ခဲ့ကြပါကြောင်း၊ ရိုးရာယဉ်ကျေးမှုနှင့် ဘာသာရေးအရလည်း များစွာ နီးစပ် တူညီကြပါကြောင်း၊ မြန်မာနိုင်ငံတွင် တိုင်းရင်သားလူမျိုးစုပေါင်းများစွာ စုပေါင်းနေထိုင် သကဲ့သို့ အိန္ဒိယတွင်လည်း တိုင်းရင်းမျိုးနွယ်စုများစွာ ချစ်ကြည်ရင်းနှီးစွာ စုပေါင်း နေထိုင်ကြပါကြောင်း၊ မြန်မာဘုရင်သီပေါမင်းသည် အိန္ဒိယနိုင်ငံတွင် နတ်ရွာစံပြီး အိန္ဒိယနိုင်ငံ၏ နောက်ဆုံးဘုရင်သည်လည်း မြန်မာနိုင်ငံတွင် နတ်ရွာစံခဲ့သဖြင့် သမိုင်းကြောင်းအရလည်း အထူးပင် နီးစပ်ပတ်သက်မှုရှိပါကြောင်း၊ အိန္ဒိယနှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် အစဉ်အဆက်ကောင်းမွန်ပြီး လက်ရှိ နောက်ဆုံး (၂)နှစ်တာကာလတွင် အထူးကောင်းမွန်ခဲ့ပါကြောင်း၊ အိန္ဒိယနိုင်ငံသို့ မြန်မာနိုင်ငံတော် သမ္မတကြီး၊ အဆွေတော်ဥက္ကဋ္ဌနှင့် ဒေါ်အောင်ဆန်းစုကြည်တို့မှ လာရောက်လည်ပတ်ခဲ့ပြီး အပြန်အလှန်အားဖြင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နှင့် ယခု မိမိနှင့်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခွင့်ရရှိခြင်းသည်လည်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအတွက် အထူး ကောင်းမွန်ပြီး ပိုမိုခိုင်မာသော ချစ်ကြည်ရင်းနှီးမှုများ တစ်ဆထက်တစ်ဆ ပိုမိုတိုးမြှင့် တည်ဆောက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ် များနှင့် လွှတ်တော်ရုံးဝန်ထမ်းများအား ပါလီမန်ဆိုင်ရာသင်တန်းများ ပို့ချပေးနိုင်ရန် အတွက် ကျွမ်းကျင်သူကိုယ်စားလှယ်အဖွဲ့အား စေလွှတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံလွှတ်တော်မှ သီးခြားသင်ကြားလိုသည့် ဘာသာရပ်များရှိပါက ပြောကြားပေးစေလိုပါကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် အိန္ဒိယနိုင်ငံမှ အကူအညီများ ဆက်လက်ပေးသွားမြည်ဖစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ တည်ဆဲဥပဒေများအား အခြားနိုင်ငံများ၏ ဥပဒေများကို လေ့လာပြီး မိမိတို့နိုင်ငံအတွက် အသင့်လျော်ဆုံးဖြစ်မည့်အချက်များအား ထုတ်နှုတ်ရေးဆွဲခဲ့သော်လည်း အချိန်ကာလ ပြောင်းလဲလာသည်နှင့်အမျှ အကြိမ်ကြိမ် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ရပါကြောင်း၊ မြန်မာပြည်သူလူထု၏ အမူအကျင့်၊ နေထိုင်ပုံနှင့် အရည်အချင်းများအား လေ့လာခြင်းဖြင့် မြန်မာနိုင်ငံ၏အနာဂတ်မှာ ကောင်းမွန်သည့်အလားအလာများရှိနေသည်ဟု ကောက်ချက် ချလိုပါကြောင်း၊ မြန်မာ-ထိုင်း-အိန္ဒိယ ပူးပေါင်း၍ ကားလမ်းဖောက်လုပ်ပြီး မြန်မာနိုင်ငံမှတစ်ဆင့် အာဆီယံနိုင်ငံများသို့ ဆက်သွယ်မှုများ ပြုလုပ်သွားနိုင်ရန် စီစဉ် လျက်ရှိပါကြောင်း၊ အိန္ဒိယနိုင်ငံ၏ ဗဟိုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေမှု၊ ဘဏ္ဍာငွေခွဲဝေသုံးစွဲမှုများနှင့်ပတ်သက်၍ လေ့လာလိုသည်များရှိပါက အကူအညီပေးရန် အသင့်ရှိပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံလွှတ်တော်ကိုယ်စားလှယ်များသည် သိရှိလိုသည် များကို မေးမြန်းဆွေးနွေးကြပြီး ဆွေးနွေးပွဲကို ညနေပိုင်းတွင် ရုပ်သိမ်းလိုက်သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ လွှတ်တော်ကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံအောက်လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီးလည်း တက်ရောက်သည်။
(သတင်းစဉ်)
