ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်ဇနီး အိန္ဒိယသမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ

နေပြည်တော် - ဖေဖော်ဝါရီ ၁၃

 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်ဇနီး ဒေါ်ခင်လေးသက်တို့သည် အိန္ဒိယ သမ္မတနိုင်ငံ အောက်လွှတ်တော်(Lok Sabha)ဥက္ကဋ္ဌ Honourable Smt. Meira Kumar ဦးဆောင်သော အိန္ဒိယလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်း (၆)နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ထမင်းစားခန်းမဆောင်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

 ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အိန္ဒိယနိုင်ငံအောက်လွှတ်တော်ဥက္ကဋ္ဌ တို့သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုတိုးတက်ခိုင်မြဲရေးနှင့် လွှတ်တော် နှစ်ရပ်အကြား ပိုမိုပူးပေါင်းဆောင်ရွက်ရေးတို့အပေါ် အပြန်အလှန်ဆုတောင်း ပြောကြားကြပြီး အတူတကွညစာသုံးဆောင်ကြသည်။

 ဂုဏ်ပြုညစာသုံးဆောင်နေစဉ် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များက မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ ယင်းနောက် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌနှင့် အိန္ဒိယလွှတ်တော်ဥက္ကဋ္ဌတို့သည် အမှတ်တရပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။ထိုနောက် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များအား ပန်းခြင်း ပေးအပ်ကြသည်။ ၎င်းနောက် အမှတ်တရဓာတ်ပုံရိုက်ကူးကာ ညစာစားပွဲ ပြီးဆုံးခဲ့သည်။

အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊  လွှတ်တော် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးနန္ဒကျော်စွာနှင့် ဦးမြညိမ်း၊ လွှတ်တော် ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြပြီး အိန္ဒိယနိုင်ငံအောက်လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Dr. Villur Sundararajan Seshadri လည်း တက်ရောက်သည်။(သတင်းစဉ်)

Standard (Image)