နေပြည်တော် - ဖေဖော်ဝါရီ ၁၁
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်သူ့လွှတ်တော်မှ ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် သူရဦးအေးမြင့်၊ ဦးသိန်းဇော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများလိုက်ပါလျက် ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၈ နာရီခွဲတွင် မြစ်ကြီးနားမြို့ရှိ ဓမ္မရက္ခိတ၊ ဝန်းသိုကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသီလဝံသ အား ဖူးမြော်ကြည်ညိုကာ သင်္ကန်းအစရှိသော လှူဖွယ်ဝတ္တုပစ္စည်းများ နှင့် ဆွမ်းဆန်တော်များကို ပေးအပ်လှူဒါန်းသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အဖွဲ့ဝင်များသည် နယ်မြေ လုံခြုံရေးအရ ခေတ္တပြောင်းရွှေ့ရောက်ရှိလာသည့် မိသားစုဝင်များနေထိုင်သော မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ ဆွတ်ငိုင်တောင် ကယ်ဆယ်ရေးစခန်းသို့ သွားရောက်ပြီး မိသားစုဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားသည်။
ယင်းနောက် ဆွတ်ငိုင်တောင် ကယ်ဆယ်ရေးစခန်းရှိ မိသားစုဝင်များအတွက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက ပေးအပ်လှူဒါန်း ကြရာ ကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မိုးညှင်းမြို့ စိမ်းလဲ့ရတနာခန်းမ၌ကျင်းပသည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းနားသို့ တက်ရောက် ကြသည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ကြီးများ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများနှင့် ဒေသခံပြည်သူများတက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မိုးညှင်းခရိုင်အတွင်းရှိ ပြည်သူများ၏အသံကို နားထောင်ပြီး ပြည်သူများတွေ့ကြုံနေရသည့် အခက်အခဲများနှင့် ဒေသဆိုင်ရာလိုအပ်ချက် များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးရန် ရည်ရွယ်ချက်များဖြင့် ရောက်ရှိလာခြင်း ဖြစ်ကြောင်း၊ ယနေ့ နိုင်ငံတော်အစိုးရသည် ပြုပြင်ွပောင်းလဲရေးများကို ဆောင်ရွက် လျက်ရှိကြောင်း၊ ထို့အတူ ပြည်သူ့ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသော လွှတ်တော်တွင် လည်း ဥပဒေပြုရေးနှင့် အပြန်အလှန်ထိန်းကျောင်းသည့်အလုပ်ကို ဆောင်ရွက်လျက် ရှိသည့်အပြင် ပြည်ထောင်စုလွှတ်တော်တွင် ခေတ်မမှီတော့သည့် ဥပဒေအချို့ကို ပယ်ဖျက်ခြင်း၊ အချို့ကိုပြင်ဆင်ခြင်း၊ အချို့ကို အသစ်ပြုပြင်ရေးဆွဲခြင်းများကို ဆောင်ရွက် လျက်ရှိကြောင်း။
ထို့သို့လွှတ်တော်က နိုင်ငံနှင့် နိုင်ငံသားအကျိုး စီးပွားဖြစ်ထွန်းရေးအတွက် ဥပဒေများ ရေးဆွဲပြဌာန်းလိုက်သော ဥပဒေများအတိုင်း ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့များက အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူ့ဝန်ထမ်းများက ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ၊ အဖွဲ့အစည်းအသီးသီးတို့၏ကိုယ်စား တာဝန်ယူ တာဝန်ခံ ဆောင်ရွက်နေရသောကြောင့် ပြည်သူ့ဝန်ထမ်းများ၏အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ ထို့ကြောင့်ဝန်ထမ်းများ အနေဖြင့် စေတနာထား၍ ဥပဒေနှင့်အညီ စနစ်တကျဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း ဖြင့်ပြောကြားသည်။
အစီအစဉ်အရ မိုးညှင်းမြို့နယ်ဖွံ့ဖြိုးရေးအတွက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူ ကြသည်။
ဆက်လက်၍ ဒေသခံပြည်သူများက တွေ့ကြုံနေရသည့်အခက်အခဲများနှင့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးလင်းရေး၊ သောက်သုံးရေ ရရှိရေးတို့အတွက် နိုင်ငံတော်အစိုးရက ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုသည်များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ဒေသခံပြည်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက ဒေသခံပြည်သူများတွေ့ကြုံနေရသည့် အခက်အခဲများ နှင့် ဒေသလိုအပ်ချက်များကို သက်ဆိုင်ရာဌာနအလိုက် ဖြည့်ဆည်းဆောင်ရွက်ပြီးစီးမူ၊ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုနှင့် ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားကြသည်။
ထိုနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မိုးညှင်းခရိုင်သည် ယခင်က ဆန်ရိက္ခာ ထုတ်လုပ်မှုမြင့်မားပြီး လူမှုရေးနှင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်သည်ကို တွေ့ရှိရ ပါကြောင်း၊ မိမိတို့ဒေသ တည်ငြိမ်အေးချမ်ပြီး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရကိုချည်း အားကိုးမနေပဲ ပြည်သူများအားလုံးက လက်တွဲပူးပေါင်း ဆောင်ရွက်မှ အောင်မြင်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုကြီး ရေရှည်တည်တံ့ခိုင်မြဲပြီး ဖွံ့ဖြိုးတိုးတက်ရန် အမြင်ကျယ်ကျယ်ဖြင့်ဆောင်ရွက်ကြရန် အထူးလိုအပ်ပါကြောင်း၊ မိုးညှင်း ခရိုင်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သည့် ပြည်ထောင်စုကြီးထဲက ပြည်ထောင်စုလေး တစ်ခုပင်ဖြစ်သောကြောင့် ကျဉ်းမြောင်းသောအယူဝါဒများမထားရှိပဲ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်စွာနေထိုင်ကြရန် မေတ္တာရပ်ခံပါကြောင်း၊ လွှတ်တော်အတွင်းတွင် တိုင်းရင်းသားညီအစ်ကို မောင်နှမများသည် ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲများမထားရှိပဲ ပြည်ထောင်စုကြီးဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံနှင့်နိုင်ငံသားများ အကျိုး စီးပွားဖြစ်ထွန်းရေး အဓိကထား၍ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ဖြင့် ကြိုးစား ဆောက်ရွက်လျက်ရှိကြောင်း။
ယနေ့နိုင်ငံတော်အစိုးရသည် တိုင်းရင်းသားများအားလုံး၊ ပြည်သူများအားလုံး အကျိုးစီးပွားဖြစ်ထွန်းရေးကို အဓိကထား ရှေးရှုဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရန်လည်း လွှတ်တော်က ခေတ်မမှီတော့သည့် ဥပဒေအချို့အား ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်းနှင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဤအချိန်အခါနှင့် အခြေအနေမျိုးတွင် ငြိမ်းချမ်းရေး ရရှိနိုင်ရေးကို ပျက်စီးစေနိုင်သောပြောဆိုမှု၊ ဝေဖန်မှုများကို မလုပ်ဆောင်ပဲ ကချင်ပြည်နယ် အတွင်း အပစ်အခတ်ရပ်စဲပြီး ယာယီငြိမ်းချမ်းရေးမှ ထာဝရငြိမ်းချမ်းရေးရရှိရေးကို နိုင်ငံတော်အစိုးရက လွှတ်တော်တို့နှင့်အတူ ပြည်သူများအားလုံး ပူးပေါင်းပါဝင်ကြရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါကြောင်းဖြင့် ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ရှိ ရွှေကျွန်းသာခန်းမ၌ကျင်းပသည့် ဒေသခံပြည်သူများ နှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မိမိတို့အဖွဲ့သည် ဤဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးရန် လာရောက်ခြင်းဖြစ်သောကြောင့် ဒေသခံပြည်သူများအနေဖြင့် မိမိတို့ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြရန် ပြောကြားသည်။
ဆက်လက်၍ ကျွန်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက မြို့နယ်ဆိုင်ရာ အချက်လက်များ၊ ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေနေများကို ရှင်းလင်းတင်ပြပြီး ဒေသခံ ပြည်သူများက တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးလင်းရေး၊ သောက်သုံးရေးရရှိရေးတို့ အတွက် နိုင်ငံတော်အစိုးရက ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုသည်များကို ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် ဒေသခံပြည်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက ဒေသခံပြည်သူများတွေ့ကြုံနေရသည့် အခက်အခဲများ နှင့် ဒေသလိုအပ်ချက်များကို သက်ဆိုင်ရာဌာနအလိုက် ဖြည့်ဆည်းဆောင်ရွက်ပြီးစီးမှု၊ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုနှင့် ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယနေ့နိုင်ငံတော်အစိုးရသည် တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဘက်ပေါင်းစုံမှ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်အောင် စည်းကမ်းပြည့်ဝ ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ လျှောက်လှမ်းလျက်ရှိကြောင်း၊ ထို့ပြင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့အတူ လွှတ်တော်များနှင့် နိုင်ငံတော်အစိုးရသည်လည်း ပြည်သူ့အသံများကို နားထောင်ပြီး ပြည်သူများ၏လိုအပ်ချက်နှင့်ဆန္ဒများကို အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ရေး၊ နိုင်ငံနှင့် နိုင်ငံသားများအကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် ကြိုးစား ဆောင်ရွက်လျက် ရှိပါကြောင်း။
ယခုလို မိမိတို့အဖွဲ့လာရောက်ချိန်တွင် ဒေသခံပြည်သူများက တွေ့ကြုံနေရသည့် အခက်အခဲများနှင့်ဆန္ဒများ၊ ဒေသဆိုင်ရာလိုအပ်ချက်များကို ယုံယုံကြည်ကြည် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြပြီး သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက ဒေသခံ ပြည်သူများ၏ အခက်အခဲများ၊ ဆန္ဒများ၊ ဒေသလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးမည့် အစီအစဉ်များကို ပြန်လည်ရှင်းလင်းဖြေကြားပေးသည့်အတွက် အထူးကျေးဇူး တင်ရှိပါကြောင်း၊ ပြည်သူများအားလုံးတောင့်တနေသော နိုင်ငံတကာက ရရှိစေချင်သော စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီသို့ ဦးတည် လျှောက်လှမ်းရာတွင်လည်း ဒေသခံပြည်သူများအားလုံးက တက်ညီလက်ညီ ပူးပေါင်း ပါဝင်ကြရန် အထူးလိုအပ်ပါကြောင်းဖြင့် တိုက်တွန်းမှာကြားကာ အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။ (သတင်းစဉ်)
