သူရဦးအောင်ကို၊ ကန်ပက်လက်မဲဆန္ဒနယ်က ယခင်တရားရုံးချုပ်(ရန်ကုန်) High Court နှင့် ရန်ကုန်မြို့ ကမ်းနားလမ်းနှင့်ဘဏ်လမ်းအကြားမှာရှိ စုပေါင်းတရားရုံးအဆောက်အဦတို့အား လွှဲပြောင်းပေးထားသည့်ကိစ္စကို ပယ်ဖျက်၍ ရှေးဟောင်းအမွေအနှစ်ပစ္စည်းအဖြစ် ထိန်းသိမ်းဆောင်ရွက်ပါရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းခြင်း
သူရဦးအောင်ကို(ကန်ပက်လက်မဲဆန္ဒနယ်)။ ။ လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတော့ ချင်းပြည်နယ်၊ ကန်ပက်လက် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့်ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ တာဝန်ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။ ဒီနေ့ အစည်းအဝေးမှာ ဥက္ကဋ္ဌကြီးအနေနဲ့ ကျွန်တော်ကို အရေးကြီး အဆိုတစ်ရပ် တင်သွင်းခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း ဦးစွာတင်ပြလိုပါတယ်။ ကျွန်တော် တင်သွင်းမယ့် အရေးကြီးအဆိုကတော့ ယခင်တရားရုံးချုပ် (ရန်ကုန်) High Court နှင့် ရန်ကုန်မြို့ ကမ်းနားလမ်းနှင့် ဘဏ်လမ်း အကြားမှာရှိတဲ့ စုပေါင်းတရားရုံး အဆောက်အအုံတို့ကို လွှဲပြောင်းပေးထားသည့် ကိစ္စကို ပြန်လည်သုံးသပ်၍ ရှေးဟောင်းအမွေအနှစ်ပစ္စည်းအဖြစ် ထိန်းသိမ်းဆောင်ရွက်နိုင်ပါရန် နိုင်ငံတော် အစိုးရသို့ တိုက်တွန်းကြောင်းအဆို ဖြစ်ပါတယ်။ အချိန်ကို သက်သာစေရန်အတွက် ဖတ်ကြားတင်ပြခွင့်ပြုရန် လည်း တင်ပြအပ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီနေ့ ကမ္ဘာမှာ သမိုင်းဝင်ပစ္စည်းများကို အလေးအမြတ်ပြုပြီး တန်ဖိုးထား ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နေကြတာကို အားလုံးသိပြီးဖြစ်လို့ အထူးတင်ပြလိုခြင်းမပြုတော့ပါဘူး။ အရှေ့ အလယ်ပိုင်းဒေသ အီဂျစ်နိုင်ငံမှ ပိရိမစ်ကစလို့ အရှေ့တောင်အာရှက ကမ္ဘေားဒီးယား နိုင်ငံ အမ်ကောဝတ် ဘုရားကျောင်းတွင်အဆုံး ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သက်ဆိုင်ရာ အစိုးရများ က ထိန်းသိမ်းစောင့်ရှောက် ထားတာကြောင့်မို့လို့ နိုင်ငံတကာက လာရောက်လေ့လာသူတွေအတွက် အကျိုးရှိသလို သက်ဆိုင်ရာ နိုင်ငံများ အတွက် အကျိုးကျေးဇူးများ ရရှိနေပါတယ်။ အမျိုးသား ဂုဏ်သိက္ခာလည်းတိုးပွားနေပါတယ်။ ထူးခြားတဲ့သာဓက တစ်ရပ်အနေနဲ့ ဒီနေ့ကမ္ဘာမှာ အစ္စလမ် ဘာသာဝင် အများဆုံးရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ရှေးနှစ်ပေါင်း ၂၀၀၀ ကျော်က တည်ဆောက်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး ဘောတောဘူတောပုထိုးတော်ကြီးကို သမိုင်းဝင်ယဉ်ကျေးမှု အမွေအနှစ်အဖြစ် တန်ဖိုးထားထိန်းသိမ်းထားခြင်းပဲ ဖြစ်ပါတယ်။ ယဉ်ကျေးမှုအမွေအနှစ်ဆိုတဲ့နေရာမှာ သက်ဆိုင်ရာ နိုင်ငံတစ်ခုတည်းကသာမကပဲနဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ်ပါ ကမ္ဘာအဆင့်မီ ထိန်းသိမ်း မှုတွေ ပြုလုပ်နေတာကိုလည်း လေ့လာတွေ့ရှိရမှာ ဖြစ်ပါတယ်။ ပထမမြန်မာနိုင်ငံတော်ကို အောင်မြင်စွာ ဖွဲ့စည်းတည်ထောင်နိုင်ခဲ့တဲ့ ပုဂံဒေသကိုလည်း ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်နိုင် အောင် နိုင်ငံတော်ပိုင်းမှ တာဝန်ရှိသူတွေက ဆောင်ရွက်နေတာကိုလည်း ကြားသိကြမှာ ဖြစ်ပါတယ်။ ဒီအခါမျိုးမှာ သက်တမ်းနှစ် ၁၀၀ ကျော်ရှိတဲ့ ယခင်တရားရုံးချုပ်(ရန်ကုန်) High Court အဆောက်အဦ အပေါ်ထပ်ကို ပြတိုက် အဖြစ် အငှားချထားမယ်ဆိုတဲ့ သတင်းနှင့် ရန်ကုန်မြို့ ကမ်းနားလမ်းနှင့် ဘဏ်လမ်းအကြားမှာရှိတဲ့ သက်တမ်း နှစ် ၉၀ ကျော်ရှိတဲ့ စုပေါင်းတရားရုံး အဆောက်အဦကို ဟိုတယ်လုပ်ငန်းရှင်များကို လွှဲပြောင်းပေးတဲ့ သတင်းကြားရတဲ့ အခါမှာ နိုင်ငံတော်အတွင်းမှာရှိတဲ့ တရားသူကြီးများ၊ ရှေ့နေကြီးများနှင့် ဥပဒေပညာရှင်များ အပါအဝင် ပြည်သူအများစုက စိတ်နှလုံး မသာမယာ ဖြစ်ကြကြောင်းသိရပါတယ်။
လေးစားအပ်ပါတဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီအဆောက်အအုံများဟာ မူလကတည်းက တရားရေး ဌာနပိုင် အဆောက်အဦများ ဖြစ်ပါတယ်။ တရားရုံးများအဖြစ် ခေတ်အဆက်ဆက် အသုံးပြုခဲ့တဲ့အပြင် လက်ရှိမှာလည်းပဲ တရားရုံးအဖြစ် အသုံးပြုလျက်ရှိတဲ့ အဆောက်အဦများ ဖြစ်ပါတယ်။ ခန့်ညား ထည်ဝါမှုရှိတဲ့အတွက် တရားရုံးများရဲ့ ဂုဏ်ကျက်သရေကိုလည်းပဲ မြင့်မားစေလျက် ရှိပါတယ်။ မြန်မာနိုင်ငံမှာ ခေတ်သစ်တရားစီရင်ရေးစနစ်ကို စတင်ကျင့်သုံးခဲ့တဲ့ သမိုင်းဝင်အဆောက်အဦကြီး ဖြစ်ပါတယ်။ ဝန်ထမ်းများ၊ ပြည်သူများ သွားရေးလာရေး အဆင်ပြေသော နေရာမျိုးမှာလည်း တည်ရှိပါတယ်။ တန်ဖိုးထားတဲ့နေရာမှာ ကမ္ဘာမှာ နှစ်မျိုးနှစ်စား သတ်မှတ်ထားရှိပါတယ်။ ပထမတစ်မျိုးက ရုပ်ပစ္စည်းတန်ဖိုး (Material Value) ဖြစ်ပြီးတဲ့နောက် နောက်တစ်မျိုးက အမွေအနှစ်တန်ဖိုး (Heritage Value) ဖြစ်ပါတယ်။ ဥပမာအားဖြင့် စကျင်ကျောက်တုံးတစ်ခုဟာ ရုပ်ဝတ္ထုတန်ဖိုး နဲ့သာ တန်ဖိုးဖြတ်ရမှာဖြစ်သော်လည်းပဲ အဲ့ဒီကျောက်တုံးကို ဆင်းတုတော် တစ်ဆူဖြစ်စေ သို့တည်းမဟုတ် ပန်းပုလက်ရာ တစ်ခုအနေနဲ့ဖြစ်စေ ပြောင်းလဲပြီးသွားတဲ့အချိန်မှာ သူ့တန်ဖိုးဟာ မူလရုပ်ဝတ္ထုပစ္စည်း တန်ဖိုးထက် များစွာတန်ဖိုးထိုက်တန်တဲ့ အမွေအနှစ်ပစ္စည်းတန်ဖိုး၊ ယဉ်ကျေးမှုပစ္စည်းတန်ဖိုး၊ အနုပညာတန်ဖိုးတွေ ပေါင်း စပ်ပြီးတော့မှ တန်ဖိုးကြီးပစ္စည်းဖြစ်သွားပါတယ်။ ယခုအချိန်မှာ သတင်း နှင့် စာနယ်ဇင်းများမှ တစ်ဆင့်သိရှိကြတဲ့ ပြည်သူများအနေနဲ့ ဖော်ပြပါ တရားရုံးကိစ္စအတွက်ကိုလည်း နှမျောတသဖြစ်နေကြပါတယ်။ စီးပွားရေးရှုထောင့်သက်သက်က ကြည့်ပြီးတော့မှ လုပ်ငန်းတင်လာတဲ့ လုပ်ငန်းရှင်ကလည်း ကမ်းနားလမ်းမှာရှိတဲ့ စုပေါင်းရုံးကြီးကို အထဲမှာရှိတဲ့ အခန်းတွေကို ပြန်လည် ဖြိုချပြုပြင်နေတာ လုပ်ငန်းရာခိုင်နှုန်း ၃၀ ခန့် ပြီးမြောက်နေကြောင်းလည်း ကြားသိနေရပါတယ်။ ဒါကြောင့်မို့လို့ ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းဖြစ်တဲ့ ယခင်တရားရုံးချုပ် (ရန်ကုန်) High Court နှင့် ကမ်းနားလမ်း စုပေါင်းတရားရုံး အဆောက်အဦတို့ကို လွှဲပြောင်းပေးတဲ့ ကိစ္စပေါ်မှာ အမြန်ပြန်လည်သုံးသပ်၍ လိုအပ်သော ပြုပြင်မှုများ ပြုလုပ်ကာ ရှေးဟောင်း သမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက် သွားနိုင်ပါရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုကို ဥက္ကဋ္ဌကြီးမှတစ်ဆင့် တင်သွင်းအပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။
ဥက္ကဋ္ဌ။ ။ အဆိုကို ထောက်ခံမယ့်ကိုယ်စားလှယ်အား ဖိတ်ခေါ်ပါတယ်။
ဦးခင်မောင်ဝင်း(လမ်းမတော်မဲဆန္ဒနယ်)။ ။ လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော်က ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ယခင်တရားရုံးချုပ် (ရန်ကုန်) High Court နှင့် ရန်ကုန်မြို့ ကမ်းနားလမ်းနှင့် ဘဏ်လမ်းကြားမှာရှိတဲ့ စုပေါင်းတရားရုံး အဆောက်အဦတို့ကို လွှဲပြောင်းပေးမယ့်ကိစ္စကို ပယ်ဖျက်ပြီးတော့ ရှေးဟောင်းအမွေအနှစ်ပစ္စည်းအဖြစ် ထိန်းသိမ်း ဆောင်ရွက်ရန် နိုင်ငံတော်အစိုးရကို တိုက်တွန်းတဲ့ အရေးပေါ်အဆို ကို ထောက်ခံတင်သွင်းသွားမှာ ဖြစ်ပါတယ်။ လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန်မြို့ ယခင်တရားရုံးချုပ် (ရန်ကုန်) High Court နှင့်စပ်လျဉ်း၍ ပထမတင်ပြလိုပါတယ်။ ရန်ကုန်မြို့ High Court အဆောက် အအုံဟာ သက်တမ်း ၁၀၇ နှစ်ရှိပြီဖြစ်ပါတယ်။ ၁၉၀၅ ခုနှစ်က ဆောက်လုပ်ခဲ့တဲ့ အဆောက်အဦ ဖြစ်ပါတယ်။ နေပြည်တော်တရားလွှတ်တော်ချုပ်မပေါ်မီ နိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးအဖြစ် နှစ်ပေါင်း ၁၀၀ ကျော်တည်ရှိခဲ့ပြီး ဖြစ်တဲ့အတွက် အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းဖြစ်ကြောင်း အငြင်းပွားစရာမရှိပါဘူး။ ယခုလက်ရှိအနေအထားမှာ ရန်ကုန်တိုင်းဒေသကြီး၏ အမြင့်ဆုံး တရားလွှတ်တော်အဖြစ် အသုံးပြုနေဆဲဖြစ်ပါတယ်။ ဒီလိုအဆောက်အဦမျိုးကို အခကြေးငွေယူပြီး စာကြည့်တိုက်၊ ပြတိုက်နှင့် တွဲဖက်ထားမယ်ဆိုရင် လုံးဝသဘာဝမကျတဲ့ကိစ္စဖြစ်ပါတယ်။ အမျိုးသား ယဉ်ကျေးမှုအမွေအနှစ် ပစ္စည်းတစ်ရပ်ကိုဖြစ်စေ၊ တစ်ခုလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ဒေသကို ဖြစ်စေ၊ ပုဂ္ဂလိကလုပ်ငန်းရှင်ကို လွှဲပြောင်းပေးရန် လုံးဝမသင့်လျော်ကြောင်း ကျွန်တော်အလေးအနက် ကန့်ကွက်လို ပါတယ်။
လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဆက်လက်တင်ပြလိုတာကတော့ ကမ်းနားလမ်းနှင့် ဘဏ်လမ်းကြားမှာရှိတဲ့ ရန်ကုန်တိုင်းစုပေါင်းရုံးနှင့် ပတ်သက်ပြီး တင်ပြလိုပါတယ်။ စုပေါင်းတရားရုံး အဆောက်အဦကို ၁၉၂၇ ခုနှစ်က စတင်ပြီး အသုံးပြုခဲ့ရာမှာ ယခုအခါ သက်တမ်း ၈၇ နှစ်ရှိပြီး စတင်ဆောက်လုပ်စဉ် ကတည်းက တရားရုံးရဲ့လိုအပ်ချက်များကို ဒီဇိုင်းဖော်ထုတ်လုပ်ခဲ့ တာဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးလူမျိုးစုလွှတ်တော် အစည်းအဝေးကို ၁၉၄၈ ခုနှစ်မှာ ကျင်းပခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီအဆောက်အဦဟာ အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းအဖြစ် အထင်အရှားရှိခဲ့ပြီး ဖြစ်ပါတယ်။ လမ်းစဉ်ပါတီခေတ်မှာတော့ ပါတီဌာနချုပ်ရုံးအဖြစ်အသုံးချခဲ့သော်လည်းပဲ ၁၉၈၈ ခုနှစ်နောက်ကစပြီး ဒီနေ့အထိ စုပေါင်းတရားရုံး အဖြစ် စဉ်ဆက်မပြတ်သုံးစွဲနေခဲ့တဲ့ အဆောက်အဦ လည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံ ရဲ့ တရားရေးသမိုင်းမှာ အလွန်အရေးပါလှတဲ့ အဆောက်အဦဖြစ်ပါတယ်။ ယခုအခါ ဒီအဆောက်အဦကို ပုဂ္ဂလိကကို လွှဲပြောင်းပေးလိုက်ပြီကြားလို့ ဥပဒေနှင့် အသက်မွေးဝမ်းကျောင်းပြုတဲ့ ဥပဒေပညာရှင်တွေ၊ ရှေ့နေရှေ့ရပ်များနှင့် တရားသူကြီးများအားလုံးအပြင် မိဘပြည်သူများကလည်းများစွာ စိတ်မကောင်းဖြစ်လျက်ရှိပါတယ်။ ယခုအခါ အရှေ့ပိုင်းခရိုင်တရားရုံး၊ အနောက်ပိုင်း ခရိုင်တရားရုံး၊ မြို့နယ်မှာရှိတဲ့ မြို့နယ်တရားရုံးများဟာ ကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲနှင့် မြို့စွန်မြို့ဖျား လူနေအဆောက်အအုံကြား ပြောင်းရွှေ့ခဲ့တဲ့အတွက် ရှေ့နေရှေ့ရပ်များ၊ တရားသူကြီးများ၊ အမှုသည်များ အားလုံး သွားရေးလာရေးအဆင်မပြေဖြစ်လျက်ရှိပါတယ်။ ဒီအဆောက်အဦကို ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်က လွှဲပြောင်းပေးခြင်းက ပြည်သူအတွက်လား၊ နိုင်ငံတော်အတွက်လား၊ စီးပွားရေး လုပ်ငန်းရှင် အတွက်လား ဆိုတာ အင်မတန်ဖြေရှင်းရတဲ့ကိစ္စဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် ဒီအဆောက်အဦ နှစ်ခုစလုံးကို လွှဲပြောင်းပေးခြင်းကိစ္စအပေါ် ပယ်ဖျက်ပြီး အမျိုးသားအမွေအနှစ် ပစ္စည်းအဖြစ် ဆက်လက်ထိန်းသိမ်း ရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းတဲ့အဆိုကို အလေးအနက် ထောက်ခံရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
အဆိုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်း ဖြေကြားခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
ဥက္ကဋ္ဌ။ ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒီအဆိုနဲ့ အဓိပ္ပာယ်တူညီသော ကြယ်ပွင့်မပြမေးခွန်းကို ပုသိမ်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က မေးမြန်းခဲ့ပါတယ်။ ကြယ်ပွင့်မပြမေးခွန်းဖြစ်တဲ့အတွက် အဖြေကလည်း စာနှင့်ရေးသားပေးထားတာရှိပါတယ်။ သို့ရာတွင် ဒီနေ့ ကန်ပက်လက်မဲဆန္ဒနယ်မှ သူရဦးအောင်ကို က ဒီအဆိုတင်သွင်းလာတဲ့အခါမှာ မိမိလွှတ်တော် ဥက္ကဋ္ဌအနေနဲ့ ပြည်ထောင်စုအစိုးရကို အကြောင်းကြားပါတယ်။ အရေးကြီးအဆိုတင်သွင်းလာတယ်။ ဒီအဆိုကို နားထောင်ပြီး လိုအပ်မယ်ဆိုရင် ဖြေရှင်းဆောင်ရွက်ပေးနိုင်မယ့် အစိုးရအဖွဲ့ရဲ့ ကိုယ်စားလှယ်လိုအပ်နေပါတယ်။ အကြောင်းကြားတဲ့အခါမှာ ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စု ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းကို တာဝန်ပေးမှာဖြစ်ကြောင်း ပြန်ကြားလာပါတယ်။ ထို့နည်းတူစွာပဲ ဦးထွန်းထွန်းဆီကို တစ်ချိန်က ဦးဝင်းမြင့်မေးတဲ့မေးခွန်းအပေါ် ပြန်လည်ဖြေကြားတဲ့ အဖြေများလည်း ပေးပို့ လာကြောင်း သိရပါတယ်။ ထို့နည်းတူစွာပဲ ဒီနေ့ ခေတ္တအားလပ်ချိန်မှာပဲ အစိုးရအဖွဲ့ရုံးက လှမ်းပြီးတော့ အကြောင်းကြားညှိနှိုင်းတာရှိပါတယ်။ ဒီကိစ္စနှင့်ပတ်သက်လို့ ဒေါက်တာတစ်ဦး ဦးဆောင်ပြီးတော့ မနက်ဖြန်မှာ မိမိလွှတ်တော် ဥက္ကဋ္ဌထံကို ရှင်းလင်းပြောကြားပါမယ်။ သို့မဟုတ်လို့ ရှိရင် လွှတ်တော်မှာ ရှင်းလင်းတင်ပြ ပါမယ်ဆိုပြီးတော့ အကြောင်းကြားတင်ပြလာပါတယ်။ ဒီအပေါ် မူတည်ပြီးတော့ မိမိအကြောင်းပြန်ခဲ့ပါတယ်။ အကြောင်းပြန်ခဲ့ တာကတော့ ဒီနေ့ သူရဦးအောင်ကိုရဲ့ အဆို တင်သွင်းတဲ့အပေါ်မူတည်ပြီးတော့ ယခင်ပုသိမ် မဲဆန္ဒနယ်က ဦးဝင်းမြင့် ရေးတဲ့စာကို ဖတ်ကြား ရှင်းလင်းမယ်ဆိုရင် လုံလောက်ပါတယ်လို့ ယူဆပါတယ်။ တကယ်လို့ မလုံလောက်သေးဘူးဆိုရင် တော့ လွှတ်တော်မှာ လာရောက်ရှင်းလင်းပြဖို့ စီစဉ်ပါမယ်လို့ ဒီလိုပဲ ပြန်ကြားခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ အဆိုကို တင်သွင်းထားတဲ့အဆိုအပေါ် အစိုးရ ကိုယ်စားလှယ်ဖြစ်တဲ့ ပြည်ထောင်စု ဒုတိယရှေ့နေ ချုပ်က အစိုးရအဖွဲ့က ပေးပို့လာတဲ့ စာကိုပဲ ဖတ်ကြားပြီးတော့ ရှင်းလင်း တင်ပြပေးဖို့ ဖိတ်ခေါ်ပါ တယ်။
ဦးထွန်းထွန်း(ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး)။။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံး ကန်ပက်လက် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို တင်သွင်းတဲ့ အရေးကြီးအဆိုနှင့် စပ်လျဉ်းပြီးတော့ ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား ဒုတိယရှေ့နေချုပ် ကျွန်တော်မှ ဖတ်ကြားတင်ပြမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ကိုလိုနီခေတ်အဆောက်အဦများစွာရှိတဲ့အတွက်ကြောင့် ၎င်းတို့ကို မပြိုပျက်သွားအောင်ပြုပြင်ထိန်းသိမ်းပြီးတော့ အခြားနိုင်ငံများနည်းတူ ကမ္ဘာလှည့်ခရီးသွားများကို စွဲဆောင်သွားပါက မြန်မာနိုင်ငံရဲ့ကမ္ဘာလှည့်ခရီးသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူ ပြုမှာဖြစ်တဲ့အကြောင်း နိုင်ငံတကာ သမိုင်းပညာရှင်များနဲ့ ကမ္ဘာလှည့်ခရီးသည်များက အကြံပြုသည်များရှိခဲ့ပါတယ်။ ဒီအဆောက်အဦး များကို ရေရှည်တည်တံ့ ခိုင်မြဲဖို့အတွက် ထိန်းသိမ်းရမည့်လုပ်ငန်းဟာ အသစ်ဆောက်လုပ်တာထက် ငွေကုန်ကြေးကျများပြားမယ့်အပြင် အတွေ့အကြုံရှိတဲ့ ပညာရှင်များကိုပါ ခေါ်ယူအသုံးပြုရမှာ ဖြစ်ပါတယ်။ တရားရုံးချုပ်အဆောက်အဦ ဟာ ၁၉၀၅ ခုနှစ်က ဆောက်လုပ်ခဲ့တဲ့ အဆောက်အဦ ဖြစ်ပါတယ်။ ရန်ကုန်ဖြစ်နှင့် နီးတဲ့ အတွက်ကြောင့် အောက်ခံမြေမှာ ရွှံ့နွံများသာဖြစ်ရာ Foundation ကောင်းမွန်ခိုင်ခန့်စေရန်အတွက် ယခင် ခေတ်ကအသုံးပြုတဲ့ နည်းပညာအတိုင်း ၁၅ လက်မ မှ ၁၈ လက်မအထိ အချင်းရှိသော သစ်ယာသား သစ်တုံးများကို ၃ ပေခြားရိုက်သွင်းထားကြောင်း အထောက်အထားများအရ သိရှိရပါတယ်။ ရန်ကုန် အရှေ့ပိုင်း၊ အနောက်ပိုင်းခရိုင် စုပေါင်းရုံးကြီးအား ၁၉၇၂ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် အုတ်မြစ်ချပြီး တည်ဆောက်မှု လျင်မြန်စေရန် သံမဏီတိုင်၊ သံမဏိဘောင်နှင့် သံမဏီယက်မများကို အသုံးပြု တည်ဆောက်ခဲ့ရာ ၁၉၂၈ ခုနှစ်တွင် သံဘောင်လုပ်ငန်းအားလုံး ထူထောင်ပြီးစီးကြောင်း သိရှိရပါ တယ်။ အောက်ခံမြေမှာ ရွှံ့နွံများသာဖြစ်သဖြင့် ပိုင်တိုင် ၆၀၀ စိုက်ခဲ့ရကြောင်း သိရှိရပါတယ်။ စုပေါင်းရုံးကြီးအား ကင်ပေတိုင်ရုံး၊ ပုလိပ်ရုံး၊ ပါတီဌာနချုပ်၊ စုပေါင်းရုံးကြီးအဖြစ် ကာလကြာမြင့်စွာ အသုံးပြုခဲ့ပြီး ၁-၁၀-၂၀၁၀ ရက်နေ့တွင် သက်ဆိုင်ရာရုံးခရိုင်အသီးသီးသို့ပြောင်းရွေ့ခဲ့ပါတယ်။ အဆိုပါ လစ်လပ်နေတဲ့ ရုံးကြီးကို ဟိုတယ်လုပ်ငန်းလုပ်ကိုင်လိုသူများမှ လျှောက်ထားလာခြင်း ဖြစ်ပါ တယ်။ ဖော်ပြပါ အဆောက်အဦများမှာ ကိုလိုနီခေတ် အဆောက်အဦများ ဖြစ်ပြီး ဗိသုကာပညာ ရပ်ဆိုင်ရာ လေ့လာကြည့်ရှုနိုင်ရန် ထိန်းသိမ်းထားရှိခြင်းသာဖြစ်ပါတယ်။
ထိုအဆောက်အဦး ၂ လုံးဟာ သက်တမ်းကြာမြင့်ပြီး အကြီးစားပြင်ဆင်ရမည့် အခြေအနေတွင် ရှိရာ ဒေါ်လာသန်းချီ၍ နိုင်ငံတော်အစိုးရက အကုန်အကျခံပြုပြင်မည့်အစား ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် အဆောက်အဦကို ပြုပြင်မွမ်းမံထိန်းသိမ်းကာ အရှည်သဖြင့် ထိန်းသိမ်းကာကွယ်ထားနိုင်စေရန် လည်းကောင်း၊ တစ်ဘက်ကလည်း ဤအဆောက်အဦးများဖြင့် ကမ္ဘာလှည့် ခရီးသွားများအား ရန်ကုန်မြို့သို့ဆွဲဆောင်ကာ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူသာမက အခြားဆက်စပ်လုပ်ငန်းလုပ်ကိုင်သူများ ပါဝင်ငွေတိုးတက် လာစေရန် လည်းကောင်း စဉ်းစားကာ တရားရုံးချုပ်အဆောက်အဦ အခန်းလွတ်များအား တရားရုံးဆိုင်ရာပြတိုက် အဖြစ်လည်းကောင်း၊ စုပေါင်းရုံးကြီးအား ရှေးမူမပျက်မွမ်းမံပြင်ဆင်စေပြီး နိုင်ငံတကာ အဆင့်မီ ကြယ်ငါးပွင့် ဟိုတယ်အဖြစ် ပြုပြင် ပြောင်းလည်းရန်လည်းကောင်း အများပြည်သူအကျိုးငှာစေတနာကောင်းဖြင့် စီမံစဉ်းစား ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါနေရာသည်လည်း မြို့လယ်ခေါင်နိုင်ငံခြားခရီးသွားများလေ့လာရာနေရာဖြစ်၍ အချုပ်ကားများ၊ တရားခံများ နှင့်မြင်ကွင်း မသင့်လျော်ပါကြောင်း တွေ့မြင်နိုင်ပါတယ်။ ထို့နောက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ၁၆-၁၂-၂၀၁၁ ရက်နေ့ နှင့် ၁၇-၁၁-၂၀၁၁ ရက်စွဲ ကြေးမုံ သတင်းစာနှင့် မြန်မာ့အလင်း သတင်းစာတို့တွင် ကြော်ငြာထည့်သွင်းကာ အထက်ပါအဆောက်အဦ နှစ်လုံးအတွက် လုပ်ငန်းလုပ်ကိုင်လိုသူများကို တင်ဒါများခေါ်ယူခဲ့ပါသည်။ ဤသို့ခေါ်ယူခဲ့ရာတွင် တရားရုံးချုပ်အတွက် တင်ဒါတင်သွင်းသူတစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး စုပေါင်းရုံးအဆောက်အဦ အတွက် တင်ဒါတင်သွင်းသူ ၁၆ ဦးရှိခဲ့ရာ ကော်မရှင်သည် တင်ဒါတင်သွင်းသူများအား မျက်နှာစုံညီ ခေါ်ယူတွေ့ဆုံရှင်းလင်းပြကာ ရန်ကုန် တိုင်းဒေသကြီး စုပေါင်းရုံးအား ဟိုတယ်အဖြစ်ထူထောင်ရေး အတွက် စံသတ်မှတ်ချက်များနှင့်အညီ အကဲဖြတ်ပြီး အမှတ်ပေးရွေးချယ်ခဲ့ကြပါသည်။
အဆိုပါအဆောက်အဦနှစ်ခုအနက် High Court အတွက် လစ်လပ်သည့် အခန်းအချို့ကို ပြတိုက်အသွင်ဆောင် ရွက်နိုင်ရန် တစ်ဦးတည်းသောတင်ဒါသွင်းသူဖြစ်သည့် ထွန်းဖောင်ဒေးရှင်း ဘဏ်မှ တင်ပြရာတွင် မြန်မာနိုင်ငံတွင် ရှိသင့်ရှိထိုက်သည့် တရားဥပဒေဆိုင်ရာ Reference Library ကြီးတစ်ခုအဖြစ် ဖွင့်လှစ်လျက် နိုင်ငံတကာမှ ဥပဒေစာအုပ်များ အပါအဝင် e-book ၂ သန်းနှင့် နိုင်ငံတကာ စာအုပ် ၂ သိန်းခန့် ထားမည်ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပမှ ကျမ်းပြုပညာရှင်များ၊ ဥပဒေပညာရှင်များ မှီငြမ်းနိုင်ရန် ၁၉၄၉ ခုနှစ်မှ ယနေ့အချိန်အထိ ထုတ်ဝေထားသည့် ဥပဒေဆိုင်ရာ (Ruling)၊ ဖြတ်ထုံးများ အပါအဝင် ထားရှိပေးမည်ဖြစ်ကြောင်း၊ ထို့အပြင် တရားရုံးချုပ်တစ်ခုလုံးအား ပြတိုက်အသွင် ဆောင်ရွက်မည်မဟုတ်ဘဲ မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်ကို စိတ်ဝင်စားသူများ လာရောက်လေ့လာကြည့်ရှုနိုင်ရန် တရားရုံးများကိုလည်း မူလအတိုင်း ထားရှိသွားမည်ဖြစ်ကြောင်း၊ အဆောက်အဦအား မူရင်းပုံသဏ္ဍာန်မပျက်စေဘဲ မွမ်းမံပြင်ဆင် သွားမည်ဖြစ်ကြောင်းဖော်ပြထားရာ ဆောင်ရွက်မည့်အစီအစဉ်များသည် တိုင်းပြည်နှင့်လူမျိုးအတွက် အကျိုးရှိ သဖြင့်လည်းကောင်း၊ တရားစီရင်ရေးဆိုင်ရာဥပဒေနှင့်ဆက်စပ် အထောက်အထားများ စုံစုံလင်လင် ရှိစေမည့်စာကြည့်တိုက် ပေါ်ပေါက်လာမည် ဖြစ်သဖြင့်လည်းကောင်း၊ ခေတ်မီစာအုပ်အသစ်အဟောင်းများ စုံလင်မည့် စာကြည့်တိုက်ကြီးကို နှစ်ကာလများစွာကပင် စောင့်စားနေကြသော မြန်မာ့လူကြီးလူငယ်ထု၏ ဆန္ဒကို ဖြည့်ဆည်းရာရောက်သဖြင့်လည်းကောင်း၊ ထွန်းဖောင်ဒေးရှင်းဘဏ်အား စိစစ်ရွေးချယ်ခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး စုပေါင်းရုံးအား ဟိုတယ်အဖြစ်ဆောင်ရွက်ရန် အထက်ဖော်ပြပါ အခြေခံ စဉ်းစားသည့် အကြောင်းအချက်များကို အခြေခံ၍ အမှတ်ပေးအကဲဖြတ်ကာ မြန်မာနိုင်ငံသား Flying Tiger Co.,Ltd ကို စိစစ်ရွေးချယ်ခဲ့ပါတယ်။ ၎င်းကုမ္ပဏီအနေဖြင့် စင်ကာပူနိုင်ငံမှ Dymom Asia Capital ကုမ္ပဏီနှင့်ပေါင်းစပ်ကာ ဖက်စပ်လုပ်ငန်းဖြင့် ဟိုတယ်လုပ်ငန်းကိုဆောင်ရွက်သွားမည် ဖြစ်ကြောင်း အထောက်အထားများဖြင့် တင်ပြခဲ့ပါတယ်။ ဤသို့ ဆောင်ရွက်ထားသည်များကို မြန်မာနိုင်ငံရင်းနှှီးမြှုပ်နှံမှုကော်မရှင်မှ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြအတည်ပြုချက်ရယူခဲ့ရာ နိုင်ငံတော်သမ္မတရုံးက အတည်ပြုသဖြင့် ၎င်းကုမ္ပဏီနှစ်ခုအား ရွေးချယ် တာဝန်ပေး ဆောင်ရွက်စေခဲ့ ပါသည်။ ပြည်သူ့လွှတ်တော်သို့လည်း သဝဏ်လွှာပေးပို့ခဲ့ပါသည်။ သို့ဖြစ်ပါ၍ တရားရုံးချုပ် အဆောက်အအုံအား ဖော်ပြပါအကျိုးကျေးဇူးများအပေါ် အခြေခံ၍အဆောက်အဦ၏ အခန်းလွတ် အချို့ကိုသာ ပြခန်းအဖြစ်အသုံးပြုလျက် ကျန်အစိတ်အပိုင်းများကို လက်ရှိတရားရုံးများအဖြစ် ဆက်လက်ဆောင်ရွက်ရန်သာ အစီအစဉ်ရှိပါကြောင်း၊ High Court ကိုချစ်ခင်မြတ်နိုးသော၊ မြန်မာ့ ယဉ်ကျေးမှုကို ထိန်းသိမ်းလိုသော ပြည်သူတစ်ဦးမှ မိမိဆန္ဒ အလျောက်ထိန်းသိမ်းရန် ကူညီခြင်းပင် ဖြစ်ကြောင်း၊ နိုင်ငံတော်ပိုင် အဆောက်အဦအဖြစ်သာ လက်ရှိအခြေအနေအတိုင်း ထားရှိမည်ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းခရိုင်တရားရုံးများကို သင့်တော်မည့် နေရာများတွင် တရားစီရင်ရေး လိုအပ်ချက် များ ပြည့်စုံစွာဖြင့် သတ်မှတ်စံချိန်မီ တရားရုံးများအဖြစ် တည်ဆောက်ပေးသွားမည် ဖြစ်ပါသည်။ စုပေါင်းရုံးကိုလည်း ပြည်သူနှင့် နိုင်ငံ့အကျိုးငှာ စဉ်းစား၍ အထက်ပါအတိုင်း ဆောင်ရွက်ခဲ့သည်ကို ပြည်သူများကလည်းကောင်း လွှတ်တော်ကိုယ်စားလှယ်ကြီးများက လည်းကောင်း လက်ခံနိုင်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ဥက္ကဋ္ဌ။ ။ အဆိုပြုသူ သူရဦးအောင်ကိုရဲ့ သဘောထားပြောပါ။
သူရဦးအောင်ကို (ကန်ပက်လက်မဲဆန္ဒနယ်)။ ။ ပန်းဆိုးတန်းမှာရှိတဲ့ High Court တရားရုံးချုပ် အဆောက်အဦကြီးကို အပေါ်ဆုံးထပ်တစ်ခုတည်းကိုပဲ တရားရုံးဆိုင်ရာ စာကြည့်တိုက်၊ ပြတိုက်အဖြစ်ထားမယ်။ ကျန်တဲ့ အထပ်တွေ၊ အခန်းတွေကိုတော့ဖြင့် မူရင်းမပျက်တရားရုံးများအဖြစ် ဆက်လက် ထားရှိသွားမယ် ဆိုလို့ရှိရင်တော့ ဒါကျွန်တော်တို့ လက်ခံပါတယ်။ ကျွန်တော့်ဒီအဆိုကို မှတ်တမ်းတင်ပေးဖို့ တင်ပြလိုပါတယ်။
ဥက္ကဋ္ဌ။ ။ အခု အဆိုရှင်တင်ပြခဲ့သလိုပဲ မိမိအပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေဟာ သတင်း၊ မီဒီယာထဲမှာ ကြားသိနေရပါတယ်။ အဲ့ဒီအတိုင်းပဲ ဆန္ဒပြမယ်၊ တောင်းဆိုမယ်ဆိုတဲ့ သတင်းစကားတွေလည်း ကြားနေပါတယ်။ သို့ရာတွင် အခု အဆိုရှင်တင်ပြလာတဲ့အခါမှာ သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရရဲ့ ကိုယ်စားလှယ်က ယခင်ဖြေကြားချက်ကို ပြန်ဖတ်ပြီးတော့ ရှင်းပြ တဲ့အခါမှာ စေတနာကောင်း၊ ရည်ရွယ်ချက်ကောင်းနှင့် လုပ်တယ်ဆိုတာသိရပါတယ်။ ဒါဖြစ်ရင် ပြည်သူတွေနဲ့ ခုနက တရားဥပဒေဝန်ထမ်းတွေ၊ တရားရုံးချုပ်ဝန်ထမ်းတွေ၊ ရှေ့နေရှေ့ရပ်တွေက စိတ်မကောင်းဖြစ်ရတာကတော့ အခြေအနေမှန်ကို မသိရတဲ့အတွက်ပဲ ဖြစ်တယ်လို့ ယူဆပါတယ်။ ဒါကြောင့် အခု ဦးအောင်ကိုက ပြန်လည်ပြီးတော့ ယခုကဲ့သို့ စီစဉ်ဆောင်ရွက်နေတာ အမှန်ပဲဆိုရင် မှတ်တမ်းတင်ထားရှိပြီးတော့ ဆောင်ရွက်သွားဖို့ သဘောထားနှင့် ပတ်သက်ပြီးတော့ လွှတ်တော်ရဲ့ သဘောထားကို ရယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဦးအောင်ကိုတင်သွင်းတဲ့ ယခင်တရားရုံးချုပ် (ရန်ကုန်) High Court နှင့် ရန်ကုန်မြို့ ကမ်းနားလမ်းနှင့် ဘဏ်လမ်းအကြားရှိ စုပေါင်းတရားရုံး အဆောက်အဦများအား လွှဲပြောင်းပေးထားသည့်ကိစ္စကို ဒီနေရာမှာ တစ်ဆက်တည်းပဲ ဦးအောင်ကို ပြန်မေးစရာ ရှိပါတယ်။ High Court ကိစ္စကတော့ ရှင်းပါပြီ။ ရန်ကုန်မြို့ ကမ်းနားလမ်းနှင့် ဘဏ်လမ်းအကြားရှိ စုပေါင်းတရားရုံး အဆောက်အဦများအား လွှဲပြောင်းပေးသည့်ကိစ္စနှင့် ပတ်သက်လို့ကော ဦးအောင်ကိုရဲ့ သဘောထား ဘယ်လိုများ ရှိပါသလဲ။
သူရဦးအောင်ကို (ကန်ပက်လက်မဲဆန္ဒနယ်)။ ။ ကမ်းနားလမ်း အဆောက်အဦကြီးကလည်း ရာခိုင်နှုန်း ၃၀ လောက်ပြုပြင် ဖြိုဖျက်ပြီးတယ်လို့ သိရပါတယ်။ နောက်ပြီးတော့လည်း ခုနက ဦးထွန်းထွန်း ရှင်းပြတဲ့ အခါမှာလည်းပဲ ပြုပြင်ထိန်းသိမ်းစရိတ်က ကြီးမားတဲ့အတွက်ကြောင့်မို့လို့ ဒါကိုလည်း ကန့်ကွက်လိုခြင်း မရှိတော့ပါဘူး။
ဥက္ကဋ္ဌ။ ။ ကဲဒါကြောင့်မို့လို့ စုပေါင်းတရားရုံးအဆောက်အဦအား လွှဲပြောင်းပေးထား သည့်ကိစ္စကို ပယ်ဖျက်၍ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းဆောင်ရွက်ပါရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်းအဆိုအား လွှတ်တော်မှာ မှတ်တမ်းတင်ထားရှိ ကူညီဆောင်ရွက်သွား မှာဖြစ်ပါတယ်။ ဒါနှင့်ပတ်သက်ပြီးတော့ လွှတ်တော်က သဘောတူပါသလားခင်ဗျား။
[သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်က သဘောတူပါသည်။]
ဥက္ကဋ္ဌ။ ။ သဘောမတူသူရှိပါသလားခင်ဗျား။ လွှတ်တော်က သဘောမတူသူမရှိတဲ့ အတွက် သူရဦးအောင်ကိုရဲ့ အဆိုကို မှတ်တမ်းတင်ထားရှိ စောင့်ကြည့်ကူညီဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အတည်ပြုကြေညာ ပါတယ်။
