ဦးထွန်းထွန်းဦး(ဒုတိယရှေ့နေချုပ်၊ပြည်ထောင်စုရှေ့နေချုပ်ရုံး)။ ။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများအားလုံးကို ကျွန်တော် ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးမှ လေးစားစွာဖြင့် ဂါရဝပြုနှုတ်ခွန်းဆက်သအပ်ပါတယ်။ မွန်ပြည်နယ်၊ သံဖြူဇရပ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်တင်သွင်းတဲ့ နိုင်ငံသားများရဲ့ မူလအခွင့် အရေးစံချိန်စံညွှန်းပြည့်မီရေးနှင့် ကာကွယ်ရေးဆိုင်ရာ ဥပဒေတစ်ရပ်ပြဋ္ဌာန်းပေးရေးအဆိုဟာ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ ၂၃-၁၁-၂၀၁၂ ရက်နေ့မှာ ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ စမ်းချောင်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက မြန်မာနိုင်ငံသားများ အခွင့်အရေးကာကွယ်ေ စာင့်ရှောက်ရေး ဥပဒေကြမ်း ကိုအဆိုအဖြစ် ပြောင်းလဲတင်သွင်းဆွေးနွေး ပြီးတော့ ပြည်သူ့လွှတ်တော် ကနေ မြန်မာနိုင်ငံသားများ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ပြဋ္ဌာန်းွခင်း တစ်ခုခုဆောင်ရွက်ပေးဖို့ ပြည်ထောင်စုအစိုးရနှင့် လွှတ်တော်ကို တိုက်တွန်းကြောင်း အဆိုအဖြစ် ပြင်ဆင်ပြောင်းလဲကာ လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ဒီ အတည်ပြုခဲ့တဲ့ အဆိုနှင့် စပ်လျဉ်း၍လည်း ပြည်ထောင်စုရှေ့နေချုပ်အနေဖြင့် ဥပဒေကို စိစစ်ပြင်ဆင်ဆောင်ရွက် ရန် ဆောင်ရွက်လျက် ရှိပါကြောင်း တင်ပြအပ်ပါတယ်။ သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင် တင်သွင်းတဲ့ နိုင်ငံသားများရဲ့ မူလအခွင့်အရေး စံချိန်စံညွှန်းပြည့်မီရေးနှင့် ကာကွယ်ရေးဆိုင်ရာ ဥပဒေ တစ်ရပ် ပြဋ္ဌာန်းပေးရေး အဆိုဟာ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးမှာ စမ်းချောင်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်း တင်သွင်း၍ လွှတ်တော်က အတည်ပြုခဲ့တဲ့ အဆိုနှင့် သဘောထားခြင်းလည်း တူညီ၍လည်းကောင်း၊ ဆောင်ရွက်လျက်ရှိတဲ့ လုပ်ငန်းလည်းဖြစ်တဲ့အတွက်ကြောင့် လည်းကောင်း ယခု ကိုယ်စားလှယ်ကြီး တင်ပြတဲ့ တင်ပြချက်များနှင့်စပ်လျဉ်း၍လည်း ထည့်သွင်း ပြီးတော့ ရေးဆွဲတဲ့အခါမှာ ဆောင်ရွက်သွား မှာဖြစ်တဲ့အတွက်ကြောင့် ဒီအဆိုကိုတော့ မှတ်တမ်းအဖြစ်နဲ့သာ ထားရှိသင့်ပါကြောင်း ရှင်းလင်း တင်ပြအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ဥက္ကဋ္ဌ။ ။ ဦးသိန်းအောင်ရဲ့ သဘောထားသိလိုပါတယ်။
ဦးသိန်းအောင်(သံဖြူဇရပ်မဲဆန္ဒနယ်)။ ။ ဒီအဆိုကို မှတ်တမ်းတင်ပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။
ဥက္ကဋ္ဌ။ ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ သံဖြူဇရပ်မဲဆန္ဒနယ်မှ ဦးသိန်းအောင် တင်သွင်းတဲ့ နိုင်ငံသားများ၏ မူလအခွင့်အရေး စံချိန်စံညွှန်းပြည့်မီရေးနှင့် ကာကွယ်ရေးဆိုင်ရာ ဥပဒေ တစ်ရပ် ပြဋ္ဌာန်းပေးရေးအဆိုကို ပြည်ထောင်စုရှေ့နေချုပ်ရုံးကလည်း ပြန်လည်ဖြေကြားခဲ့တယ်။ တဖန် သံဖြူဇရပ် မဲဆန္ဒနယ်မှ ဦးသိန်းအောင်ကလည်း ဒီလိုဖြေကြားချက် လွှတ်တော်က မှတ်တမ်းတင် ဆောင်ရွက်မယ့် ကိစ္စအတွက်လည်း သဘောတူတယ်။ ကျေးဇူးတင်ကြောင်းလည်း ပြောသွားပါတယ်။ ဒါကြောင့်မို့လို့ လွှတ်တော်ရဲ့ သဘောထားကို ကျွန်တော်မေးမြန်းပါမယ်။ သံဖြူဇရပ်မဲဆန္ဒနယ်မှ ဦးသိန်းအောင်တင်သွင်းတဲ့ နိုင်ငံသားများ၏ မူလအခွင့်အရေး စံချိန်စံညွှန်းပြည့်မီရေးနှင့် ကာကွယ် ရေးဆိုင်ရာ ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးရေးအဆိုကို လွှတ်တော်ကမှတ်တမ်းတင်စောင့်ကြည့်ပြီး လိုအပ်ပါက သက်ဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း လွှတ်တော်မှာ အတည်ပြု မှတ်တမ်းတင်ထားပါမယ်။ ဒါနဲ့ပတ်သက်ပြီး လွှတ်တော်က သဘောတူပါသလားခင်ဗျား။
[သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်ကသဘောတူပါသည်။]
ဥက္ကဋ္ဌ။ ။ သဘောမတူတဲ့သူရှိပါသလားခင်ဗျား။ လွှတ်တော်က သဘောမတူတဲ့သူ မရှိတဲ့အတွက် သံဖြူဇရပ်မဲဆန္ဒနယ်မှ ဦးသိန်းအောင်တင်သွင်းတဲ့ နိုင်ငံသားများ၏ မူလအခွင့်အရေး စံချိန်စံညွှန်းပြည့်မီရေးနှင့် ကာကွယ် ရေးဆိုင်ရာ ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးရေးအဆိုကို လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့်ပြီး လိုအပ်က သက်ဆိုင်ရာတို့နှင့်ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း အတည်ပြုကြေညာပါတယ်။
