ဦးသိန်းအောင်၊ သံဖြူဇရပ်မဲဆန္ဒနယ်က နိုင်ငံသားများ၏ မူလအခွင့်အရေးစံချိန်စံညွှန်း ပြည့်မီရေးနှင့် ကာကွယ်ရေး ဆိုင်ရာ ဥပဒေတစ်ရပ်ပြဋ္ဌာန်းပေးရေးအဆို တင်သွင်းခြင်း

ဦးသိန်းအောင်၊သံဖြူဇရပ်မဲဆန္ဒနယ်ကနိုင်ငံသားများ၏ မူလအခွင့်အရေးစံချိန်စံညွှန်း ပြည့်မီရေးနှင့် ကာကွယ်ရေး ဆိုင်ရာ ဥပဒေတစ်ရပ်ပြဋ္ဌာန်းပေးရေးအဆို တင်သွင်းခြင်း


        လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ကြွရောက်လာကြတဲ့ ပြည်ထောင်စုဝန်ကြီးများ၊  လွှတ်တော်ကိုယ်စားလှယ်များအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ သံဖြူဇရပ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင် ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ အောက်ပါ အဆိုနှင့် ပတ်သက်သော စာပိုဒ်များကို ဖတ်ကြားခွင့်ပြုပါရန် တောင်းခံအပ်ပါတယ်။ နိုင်ငံသားများ၏ မူလအခွင့်အရေး စံချိန်စံညွှန်းပြည့်မှီရေးနှင့် ကာကွယ်ရေးဆိုင်ရာဥပဒေတစ်ရပ်ပြဋ္ဌာန်းပေးရေးအဆို ဖြစ်ပါတယ်။ အကြောင်းအရာကတော့ (၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ယခုအချိန်အခါတွင် ပါတီစုံ ဒီမိုကရေစီနိုင်ငံတော်ထူထောင်လျက်ရှိပါတယ်။ သက်တမ်းအားဖြင့် နှစ်နှစ်ခန့်ရှိပါပြီ။ (၂) ပြည်ထောင်စု   မြန်မာနိုင်ငံ၏ နိုင်ငံရေး သမိုင်းကို ခြုံငုံသုံးသပ်ကြည့်လျှင် ယခုအချိန်အခါသည် သွေးနုသားနု ဒီမိုကရေစီအဆင့်သာ ရှိသည်ဟု ဆိုနိုင်ပါသည်။ မြန်မာနိုင်ငံရေး သမိုင်းသည် (က) သက်ဦးဆံပိုင်ဘုရင်စနစ် ၁၈၈၅ ခုနှစ်အထိ၊ (ခ) ၎င်းနောက် အင်္ဂလိပ်အစိုးရ၊ ဂျပန်အစိုးရ၊ (ဂ) ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပါလီမန်ဒီမိုကရေစီစနစ်၊ (ဃ) ၁၉၅၈ ခုနှစ် တပ်မတော်အိမ်စောင်‌့အစိုးရ၊ (င) ၁၉၆၂ ခုနှစ် တပ်မတော်အာဏာသိမ်း ၁၉၇၄ ခုနှစ်အထိ၊ (စ) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ တစ်ပါတီစနစ် ၁၉၈၈ အထိ၊ (ဆ) ၁၉၈၈ မှ ၂၀၁၀ အထိ တပ်မတော်အစိုးရ။
အထက်ပါကာလများသည် ၁၉၄၈ ခုနှစ်ကလွဲပြီး ဒီမိုကရေစီဆိပ်သုဉ်းသည့်ကာလဟု ဆိုနိုင်ပါသည်။ (၃) ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေရေးဆွဲရာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီးနောက် ၂၀၁၀ ရွေးကောက်ပွဲပါတီစုံ ဒီမိုကရေစီနိုင်ငံတော်ကို တည်ထောင်ခဲ့ပါသည်။ သွေးနုသားနုဒီမိုကရေစီ အဆင်‌့မှ ပိုမိုပီပြင်သော ဒီမိုကရေစီ အဆင်‌့သို့ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းနိုင်အောင် ကြိုးစားလုပ် ဆောင်သွားရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ အသွင်သဏ္ဍာန်ဖော်ဆောင်ရာတွင် နိုင်ငံသားများအပိုင်းမှ စည်းကမ်းပြည့်ဝရန် လိုအပ်သကဲ့သို့ နိုင်ငံတော်အပိုင်းမှ ခက်မသုံးဖြာအာဏာကျင်‌့သုံးရာတွင် စီမံခန့်ခွဲမှုမှန်ကန်ရန် လိုအပ်ပါတယ်။ (၄) ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအ‌ွခေခံဥပဒေ အခန်း(၈)တွင် နိုင်ငံသားများ၏ မူလခွင့်အရေးနှင့်တာဝန်များကို ပြဋ္ဌာန်းထားပါတယ်။ ပုဒ်မ ၃၅၃ တွင် မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့်အညီ မှတစ်ပါး အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုကိုဖြစ်စေ၊ နစ်နာ ဆုံးရှုံးမှု မရှိစေရဟု ဖော်ပြထားပါတယ်။ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုတွင် လူတစ်ဦးတစ်ယောက်၊ တစ်စု၊ တပ်ဖွဲ့ စသည်ဖြင့် ပါဝင်ပါသည်။ နစ်နာမှုဟုဆိုရာတွင် ကိုယ်ကိုဖြစ်စေ၊ စိတ်ကိုဖြစ်စေ၊ ဂုဏ်သရေ ကိုဖြစ်စေ၊ ပစ္စည်းကိုဖြစ်စေ၊ ဥပဒေနှင့်မညီသောထိခိုက်စေခြင်းကို ဆိုလိုသည်။ (၅) နိုင်ငံတော် အပိုင်းတွင် အစိုးရ၊ ဝန်ထမ်းအဖွဲ့အစည်း၊ တပ်မတော်စသည်ဖြင့် ပါဝင်ပါသည်။ နိုင်ငံတော် အစိုးရအပိုင်းတွင် လိုအပ်သော အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ စစ်‌ရေး၊ တရားစီရင်ရေးစသောကိစ္စများ ဆောင်ရွက်ရာတွင် တစ်ခါတရံ နိုင်ငံသားတစ်ဦးတစ်ယောက်၊ တစ်စု၊ တစ်ဖွဲ့၊ လူအများစသည်ဖြင့် နစ်နာမှုများ ဖြစ်ပေါ်တတ်ပါသည်။ ထိုသို့အကျိုးဆက်ဖြစ်ပွားရာတွင် ယခင်အာဏာရှင်အစိုးရ အဆက်ဆက်တွင် နစ်နာရသည့် နိုင်ငံသားဖက်မှ အထူးတလည်တင်ပြအရေးဆိုမှု ပြုလုပ်ခွင့် မရှိဆိုသော်လည်း ပါတီစုံဒီမိုကရေစီခေတ်တွင် ယင်းနစ်နာမှု၏ ကုစားမှုရှိရန် လိုအပ်လာသည်။ အ‌ွခေခံဥပဒေပုဒ်မ ၃၅၃ အရ ကုစားမှုကို ဖော်ဆောင်ပေးရန် လိုပါသည်။ (၆) ပါတီစုံဒီမိုကရေစီကျင့်သုံးသော နှစ်နှစ်တာကာလအတွင်း နစ်နာချက်တွေ၊ မကျေနပ်ချက်တွေ၊ နိုင်ငံတော်သမ္မတထံမှာ တိုင်ကြားချက်တွေ၊ အရေးယူပေးပါရန် တင်ပြချက်တွေ များစွာရှိနေ ကြောင်းလည်း ကြးသိနေရပါတယ်။ အချို့အုပ်စုဖွဲ့ပြီး ဆန္ဒပြမှုတွေ၊ စီတန်းလမ်းလျှောက် မှုတွေ၊ ကြွေးကျော်မှုတွေ စသည်ဖြင့် လှုပ်ရှားမှုတွေ တွေ့မြင်နေရပါတယ်။ (၇) ဒီဖြစ်ရပ်တွေ မကြီးထွားအောင် ဖြေဖြောင့်မှုတစ်ရပ်အနေနှင့် အကြောင်းကြောင်းကြောင့် နစ်နာချက်တွေ ကုစားဖို့ နည်းလမ်း တစ်ရပ်ကို ဖော်ဆောင်ဖို့လိုအပ်နေတယ်လို့ ယူဆရပါတယ်။ နိုင်ငံတော် အနေဖြင့် နိုင်ငံ့အရေးအရာများ ကို ဆောင်ရွက်ရာမှာ အရည်အသွေးပြည့်ဝတဲ့၊ ကျွမ်းကျင်တဲ့ ဝန်ထမ်းအဖွဲ့အစည်းရှိဖို့ လိုပါတယ်။ ဝန်ထမ်း အဖွဲ့အစည်းက နိုင်ငံ့အရေးအရာဆောင်ရွက်ရာမှာ အရည်သွေးမပြည့်ဝလို့၊ ပေါ့ဆမှု၊ အဂတိမှု၊ သဘောရိုး မဖြစ်မှုတွေကြောင့် တစ်ခါတရံနိုင်ငံသား၊ ပြည်သူတွေနှင့် ထိပ်တိုက်တွေ့ရတတ်ပါတယ်။ ဥပမာအားဖြင်‌့ ဆရာဝန်၏ ပေါ့ဆမှုကြောင့် လူနာသေဆုံးရမှု၊ လုပ်ငန်းတစ်ရပ်ရပ်၊ စီမံကိန်းတစ်ခုခုကြောင့် အများ နစ်နာမှု၊ ဖောက်ထွင်းမှု တစ်ရပ်ဖြစ်ပေါ်လို့ ရဲမှမဆင်မခြင် ရမ္မာန်ယူချုပ်နှောင်ခြင်းကြောင့် လူကောင်း တစ်ယောက်ယောက် ဖမ်းဆီးချုပ်နှောင်ရမှု(ရမ္မာန်ယူပြီး ငြိစွန်းမှုမရှိလို့ လွှတ်ခြင်း)၊ မှားယွင်းမှု၊ လည်ဆည်မှုကြောင့် လူတစ်ယောက် အကျဉ်းချခံရပြီး အယူခံ ဝင်ရောက်ဆုံးဖြတ်တော့မှ လွတ်မြောက်လာမှု(လူသတ်မှု၊ ထောင်ကျ၊ အယူခံဝင်(၅)နှစ်ကြာမှ တရားသေလွတ်)၊ မှားယွင်းဝရမ်းကပ်ပြီး ပစ္စည်းဆုံးရှုံးရလို့ နောက်မှ ငွေကုန်လူပမ်းဖြစ်ရမှု၊ မတရားသော ဘေးအန္တရာယ်ကျရောက်ခံရခြင်း(‌ွမေသိမ်း၊ မြေပြို၊ ရွာပျက်)၊ လက်နက်ကိုင် အဖွဲ့ မှားယွင်း ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးရမှု၊ ဥပဒေအယူအဆမှားယွင်းမှုကြောင့် လူမှုရေးထိခိုက်ရမှု များ စေသော နိုင်ငံတော်အပိုင်းမှ ဆောင်ရွက်မှုများဟာ သဘောရိုးဖြစ်တယ်။ မဖြစ်တယ်ဆိုတာ ကတော့ ပြဿနာတစ်ခုချင်းလေ့လာရမည့် ကိစ္စဖြစ်ပါတယ်။ ဆင်ခြင်တုံတရား၊ အမြော်အမြင် စသော ကင်းလွတ်ရမြဲအချက်တွေကိုလည်း ပြဿနာတစ်ခုချင်းအလိုက် စိစစ်ရမှာ ဖြစ်ပါတယ်။ (၈) နိဂုံးချုပ်အနေနဲ့ အဓိက တင်ပြလိုတာကတော့ ဒီမိုကရေစီနိုင်ငံတော်ထူထောင်ရာမှာ နိုင်ငံတော် ဘက်မှ ဆောင်ရွက်မှုတစ်ရပ်ရပ်ကြောင့် မှားယွင်းချွတ်ချော်မှုတွေ ဖြစ်ပေါ်လာလို့ ဒါဟာ တာဝန်အရ ဆောင်ရွက်မှုပဲ ကင်းလွတ်ခွင့်ကို ကျယ်ကျယ်ပြန့်ပြန့် ပေးထားရင်တော့ ထိပ်တိုက်ရင်ဆိုင်မှုတွေ အတောမသတ်နိုင်လို့ အေးချမ်းသာယာရေးကို ထိခိုက်ပျက်ပြားစေနိုင်ပါတယ်။ ဒါဆိုရင် နစ်နာမှုခံရ သော နိုင်ငံသားဖက်ကို ကြည့်ရင်တရားမျှတမှုရှိပါ့မလား။ ဒီလိုကိစ္စများ ပေါ်လာရင် နိုင်ငံတော်ဖက်မှ တာဝန်ယူရမည်ဆိုသော ပြဋ္ဌာန်းချက်တစ်ရပ်ရှိဖို့ လိုပါတယ်။ ပါတီစုံဒီမိုကရေစီ နိုင်ငံတော်မှ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ လွတ်လပ်မှုကို ကာကွယ်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၅၃ အား သီးခြားဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးရန် လိုအပ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး လိုအပ်လျှင်လည်း ကျွမ်းကျင်သူဥပဒေပညာရှင်များ၊ ဥပဒေကြမ်းကော်မတီများ၊ လူမှုရေးအဖွဲ့အစည်း များအနေဖြင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း၊ ကုစားမည့်နည်းလမ်းအား ဖော်ထုတ်ပေးနိုင်ပါလျှင် ထိပ်တိုက်ရင်ဆိုင်မှု၊ မကျေနပ်မှုများ လျော့ပါး သွားနိုင်သည့်အတွက် နိုင်ငံသားများ၏ လွတ်လပ်ခွင့်၊ လူမှုအခွင့်အရေး စံချိန်စံညွှန်းများကို ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေး ပါရန် လိုအပ်ကြောင်း အဆိုတင်သွင်း ခြင်းဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ (သြဘာသံများ)

ဥက္ကဋ္ဌ။        ။ ဦးသိန်းအောင်ရဲ့အဆိုကို ထောက်ခံမယ့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအား ဖိတ်ခေါ်ပါတယ်။


ဦးစောဘသိန်း(သထုံမဲဆန္ဒနယ်)။        ။ လေးစားအပ်ပါတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး၊ တက်ရောက် လာကြတဲ့ ပြည်ထောင်စုအဆင့်ဝန်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အပေါင်းတို့အား မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ မွန်ပြည်နယ် သထုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောဘသိန်း ဖြစ်ပါတယ်။ မွန်ပြည်နယ် သံဖြူဇရပ်မဲဆန္ဒနယ် ဦးသိန်းအောင်တင်သွင်းထားတဲ့ နိုင်ငံသားများ၏ မူလအခွင့်အရေး စံချိန်စံညွှန်းပြည့်မီရေးနဲ့ ကာကွယ်ပေးရေး ဆိုင်ရာဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးရေးအဆိုအား လျော်ကန် သင့်မြတ်တဲ့အတွက် ကျွန်တော့်အနေ နဲ့ လေးလေး နက်နက် ထောက်ခံပါကြောင်း တင်ပြအပ်ပါတယ် ခင်ဗျား။ (သြဘာသံများ)


 

Standard (Image)