နေပြည်တော် - မတ် ၁၂
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဘရာဇီးလ်နိုင်ငံသံအမတ်ကြီး မစ္စတာ အန်တိုနီနို မားကွတ်စ် ပေါ်တို ဦးဆောင်သော ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများအား လက်ခံတွေဆုံ။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဘရာဇီးလ်နိုင်ငံသံအမတ်ကြီး မစ္စတာ အန်တိုနီနို မားကွတ်စ် ပေါ်တို ဦးဆောင်သော ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ ဖြစ်သည့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်၊ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့၊ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့၊ ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုများရုံး၊ ကုလသမဂ္ဂ အမျိုးသမီးများ အဖွဲ့နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်များမှ အမှုဆောင်ဘုတ်အဖွဲ့ဝင်များအား ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ဇမ္ဗူသီရိခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့်အတူ ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဦးစိုးသာ၊ ဦးလှမြင့်ဦး၊ ဦးမောင်မောင်ဆွေ၊ ဦးစိုးနိုင်နှင့် ဒေါက်တာကျော်မြင့်၊ ကော်မတီအတွင်းရေးမှူး ဒေါ်ဒွဲဘူ၊ ကော်မတီအဖွဲ့ဝင်များနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဘရာဇီးလ် သံအမတ်ကြီး ဦးဆောင်သည့် အဖွဲ့ဝင်များနှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး မစ္စတာ အရှုက်နီဂန် လည်းတက်ရောက်သည်။
ထိုသို့တွေ့ဆုံရာ၌ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများအနေဖြင့် လွှတ်တော်များ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်သွားနိုင်ရေးတို့နှင့်ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ (သတင်းစဉ်)
