နေပြည်တော်၊ မတ်လ ၈ ရက်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား ယနေ့မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ဒိန်းမတ်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Mogens Lykketoft ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ဝင်များသည် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လာရောက်တွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးသာ၊ ဦးမောင်မောင်သိမ်း၊ ဦးလှမြင့်ဦးနှင့် ဦးဌေးမြင့်၊ ကော်မတီအတွင်းရေးမှူးများနှင့် ကော်မတီ အဖွဲ့ဝင်များ၊ လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပြီး ဧည့်သည်တော် ဒိန်းမတ် လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ လွှတ်တော်ဆိုင်ရာအဆင့်မြင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Mikael H. Winther နှင့် သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာ၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ အဆွေတော် ဒိန်းမတ်နိုင်ငံလွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား မိမိတို့လွှတ်တော်နှင့် လွှတ်တော် ကိုယ်စားလှယ်များမှ လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ မိမိဦးဆောင်သည့် မြန်မာလွှတ်တော် ကိုယ်စားလှယ်များ ဒိန်းမတ်နိုင်ငံလွှတ်တော်သို့ရောက်ရှိလေ့လာခဲ့ပြီး ယခုလို အဆွေတော် ဦးဆောင်၍ လာရောက်လည်ပတ်သည့်အတွက် မိတ်ဟောင်းဆွေဟောင်းများ ပြန်လည်တွေ့ဆုံ ရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ဒီမိုကရေစီစနစ်ဖော်ဆောင်ရာတွင် လွှတ်တော်များ၏ အခန်းကဏ္ဍမှာ လွန်စွာအရေးကြီးပါကြောင်း၊ မိမိတို့လွှတ်တော်တွင် ပါတီစုံ၊ တိုင်းရင်းသားစုံ၊ အယူဝါဒမျိုးစုံနှင့်ဖွဲ့စည်းထားသော်လည်း ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်သည့် ဘာသာအယူဝါဒစွဲမထားရှိဘဲ ပြည်ထောင်စုအကျိုး၊ နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးအတွက် ရည်ရွယ်ပြီး ဆောင်ရွက်နေကြပါကြောင်း၊ ဥပဒေများပြင်ဆင်ခြင်း၊ ပြဋ္ဌာန်းခြင်းတို့တွင် နိုင်ငံသားများ၏အခွင့်အရေး၊ ဒီမိုကရေစီအရေးပေါ်တွင် အလေးအနက်ထား စဉ်းစားဆောင်ရွက် လျက်ရှိပါကြောင်း ပြောကြားပြီး ဒိန်းမတ်နိုင်ငံလွှတ်တော်ဥက္ကဋ္ဌမှ မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများဖြစ်ပေါ်နေချိန်တွင် လာရောက်လည်ပတ်ရသည့်အတွက် ဝမ်းသာဂုဏ်ယူမိ ပါကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု၊ ပြောင်းလဲမှုများအား ပြည်ပနိုင်ငံများက သာမက ပြည်တွင်းကပါ စိတ်ပါဝင်စားလျှက်ရှိနေကြသည်ကို တွေ့ရှိရပါကြောင်း၊ ဒီမိုကရေစီစနစ် ဖော်ဆောင်ရာတွင် လွတ်လပ်စွာရေးသားဖော်ပြခွင့်နှင့် လွတ်လပ်စွာပြောဆိုခွင့်များမှာ လွန်စွာ အရေးကြီးပါကြောင်း၊ ဒိန်းမတ်နိုင်ငံလွှတ်တော်အနေဖြင့် မြန်မာနိုင်ငံလွှတ်တော်များနှင့် ချစ်ခင်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဒိန်းမတ်နိုင်ငံလွှတ်တော်ဥက္ကဋ္ဌ တို့သည် အဖွဲ့ဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
တွေ့ဆုံပွဲအပြီးတွင် လွှတ်တော်အဆောက်အဦ၊ ထမင်းစားခန်းမဆောင်၌ ဧည့်သည်တော် ဒိန်းမတ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ အဖွဲ့ဝင်များအား ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံရာ အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဇနီး ဒေါ်ခင်လေးသက်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် ဇနီး ဒေါ်ခင်ပြုံး၊ ွပည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့်ဇနီး၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ကော်မတီအဖွဲ့ဝင်များ၊ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
နေ့လည်စာစားပွဲတွင် ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဧည့်သည်တော် ဒိန်းမတ်လွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား နှုတ်ခွန်းဆက်စကားပြောကြားပြီး ဧည့်သည်တော် ဒိန်းမတ်လွှတ်တော်ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုနေ့လည်စာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရှိရသည်။
(သတင်းစဉ်)
