(၂၉-၃-၂၀၁၃)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအား အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ (ACE)၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Evan Greenberg ဦးဆောင်သော အဖွဲ့သည် ယနေ့နံနက် (၁၀း၀၀)နာရီတွင် နေပြည်တော်ရှိပြည်သူ့လွှတ်တော် ကော်မတီဆောင် အမှတ် (၁)၊ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံရှိ အာမခံလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များတွင် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ (ACE) အနေဖြင့် အာမခံလုပ်ငန်းများတွင် အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များအား နှစ်ဦးနှစ်ဖက် ချစ်ကြည် ရင်းနှီးစွာ ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့်အတူ စီမံကိန်းများနှင့် ဘဏ္ဍရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီအတွင်းရေးမှူး ဦးအေးမောက်၊ ပြည်သူ့လွှတ်တော် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်ဝင်းအောင်နှင့် လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ (သတင်းစဉ်)
