နိုင်ငံတော်အစိုးရ အနေဖြင့် ညုဉ်းပန်းနှိပ်စက်ခြင်း၊ ရက်စက် ကြမ်းကြုတ်စွာ၊ ဂုဏ်ငယ်စေသော အပြုအမူ နှင့် အရေးယူ အပြစ်ပေးခြင်းကို ဆန့်ကျင်သည့် ကမ္ဘာ့ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် တစ်ရပ်အား လက်မှတ်ရေးထိုးရန် တိုက်တွန်းကြောင်းအဆို

ဒေါက်တာအောင်မိုးညို၊ ပွင့်ဖြူ မဲဆန္ဒနယ်က ‘‘ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ အနေဖြင့် UN Convention Against Torture and Other Cruel, Inhuman or Degrading Treatment or Punishment ညှဉ်းပန်းနှိပ်စက်ခြင်း၊ ရက်စက်ကြမ်းကြုတ်စွာ၊ လူမဆန်စွာ၊ ဂုဏ်ငယ်စေသော အပြုအမူ နှင့် အရေးယူ အပြစ်ပေးခြင်းကို ဆန့်ကျင်သည့် ကမ္ဘာ့ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အပြည်ပြည် ဆိုင်ရာ သဘောတူညီချက် တစ်ရပ်အား လက်မှတ်ရေးထိုးရန် တိုက်တွန်းကြောင်း ’’ အဆို တင်သွင်းခြင်း နှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းကို ဆောင်ရွက်ရာတွင်-

 

ယနေ့အချိန်အခါသည် ပြည်ထောင်စုနိုင်ငံတော်အနေဖြင့် အပြည်ပြည်ဆိုင်ရာမိသားစု အလယ်ဂုဏ်သရေ ရှိစွာ ထိုက်တန်သော မိသားစုဘဝရရှိရန် ကြိုးပမ်းဆောင်ရွက်နေချိန်ဖြစ်ပြီး နိုင်ငံတော်အနေနှင့် ပန္နက်ချ စကားလုံးအစား ပန္နက်တင်အဖြစ် ပြောင်းလဲသုံးစွဲရုံမျှနှင့် နိုင်ငံတော်သည် ထိပ်တန်းတက်မလာနိုင်ပါကြောင်း၊ ကမ္ဘာတွင် ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ထိပ်တန်းရောက် ဦးဆောင်နေသူများကို လေ့လာသုံးသပ် အတုယူဖို့ အင်မတန် လိုအပ်ပါကြောင်း၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများအပါအဝင် နိုင်ငံတော်သား များ ရာစုနှစ်ချီတန်ဖိုးထားခဲ့သော ရိုးရာဓလေ့၊ ယဉ်ကျေးမှုတန်ဖိုးများကို ထိခိုက်နစ်နာမှု မရှိလျှင် ကမ္ဘာ့ အလယ် ထိုက်တန်သော နေရာတစ်ခုရစေရန် ၎င်းတို့တန်ဖိုးထား လေးစားလိုက်နာသော အရာများကို လေးစားမှ ဖြစ်မယ်ဆိုလျှင် မိမိတို့လည်း တန်ဖိုး ထား လေးစားလိုက်နာ အင်မတန်လိုအပ်ပါကြောင်း၊ ၎င်းတို့နိုင်ငံထိပ်တန်းရောက် ကမ္ဘာတွင် ဦးဆောင်နေခြင်း သည် စည်းကမ်းရှိမှု၊ အလုပ်ကြိုးစားမှု၊ တရားဥပဒေစိုးမိုးမှုကြောင့်ဟုဆိုလျှင် မိမိတို့လည်း ဖွံ့ဖြိုးတိုးတက်ရန် စည်းကမ်းရှိကြဖို့ တရားဥပဒေစိုးမိုးမှု ရှိရန် အလုပ်ကြိုးစားရန် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း၊ ၎င်းနိုင်ငံပြည်သူများ ဘဝလုံခြုံအေးချမ်း၊ ဖွံ့ဖြိုးတိုးတက်နေခြင်း၊ လိမ်၊ ညာ၊ ခိုး၊ ဝှက်  ပိုင်ဆိုင်ပစ္စည်းမတရားသိမ်းပိုက်ခံခြင်းမရှိသော အ‌ခြေအနေ ရောက်ရှိသည်ဆိုလျှင် မိမိတို့ပြည်ထောင်စုဖွားနိုင်ငံသား အားလုံးလည်းပဲ ကိုယ်ကျန်းမာစိတ်ချမ်းသာစွာ ပစ္စည်းအဓမ္မသိမ်းဆည်းမခံရအောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကာကွယ်ဆောင်ရွက် ပေးကြရမှာ ဖြစ်ကြောင်း၊ ယနေ့ကမ္ဘာပေါ်တွင် လောကီကြောင်းအရ လူဖြစ်ရကျိုးအနပ်ဆုံးဆိုသည့် ထိပ်တန်းက ဦးဆောင်သော နိုင်ငံများ ကို လေ့လာကြည်ရာတွင် (ICCPR) နိုင်ငံသားနှင့် နိုင်ငံသားအခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်၊ (ICESCR) စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ အထွေထွေသဘောတူညီချက်စသည့် သဘောတူညီချက်များကို လက်မှတ်ရေးထိုး၍ နိုင်ငံသားအကျိုးကို တတ်စွမ်းသ၍ ဖြည့်ဆည်းဆောင်ရွက်ပေးနေသော နိုင်ငံများ ဖြစ်နေသည်ကို လေ့လာတွေ့ရှိရမှာ ဖြစ်ပါကြောင်း၊ ၎င်းနိုင်ငံများမှာ သမ္မတကြီးကိုယ်တိုင် သြစတြေးလျသို့ သွားရောက်လေ့လာ သကဲ့သို့   ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ် ကြီးများကိုယ်တိုင် လေ့လာခဲ့သည့် Scandinavian (ခေါ်) နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်၊ ဖင်လန်စသည့် နိုင်ငံများဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတော်သည် ရာစုနှစ်တစ်ဝက် လွဲမှားသည့်စီမံခန့်ခွဲမှုနှင့် အာဏာရှင်စနစ်ကြောင့် အရှေ့တောင် အာရှ ၁၀ နိုင်ငံတွင် ဖွံ့ဖြိုးမှု အနိမ့်ဆုံး အနေအထားကို ရောက်နေပါကြောင်း၊ နောက်ဆုံးကိန်းဂဏန်းများ အရ နိုင်ငံပေါင်း ၁၇၀ ခန့်တွင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုညွှန်းကိန်းသည် ၁၄၉ ဖြစ်ပြီး ဗီယက်နမ်၊ ကမ္ဘောဒီယား၊ လာအိုစသည့် နိုင်ငံများသည် မြန်မာနိုင်ငံအထက်တွင် ရှိနေပါကြောင်း၊ ယခုအနေအထားမှ ပြည်ထောင်စုနိုင်ငံတော်ကြီး အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်အောင် အပြည်ပြည်ဆိုင်ရာမိသားစုတွင် လူရိုသေ၊ ရှင်ရိုသေဘဝကို ပြန်လည်ရရှိရန် ကြိုးစားရာတွင် ဒီမိုကရေစီနိုင်ငံရေး ကျင့်စဉ်နှင့် တရားဥပဒေ စိုးမိုးမှုသည် မဖြစ်မနေလေးစားလိုက်နာရမည့် နယ်ပယ်နှစ်ခု ဆိုသည်ကို အားလုံးလက်ခံထားပြီး ဖြစ်ပါကြောင်း၊ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ အကျိုးပြုနေသည့် ၎င်းနယ်ပယ်နှစ်အနက် ဦးစားပေး ဆောင်ရွက်သင့်သည်ကို စဉ်းစားသုံးသပ်ရာတွင် တရားဥပဒေစိုးမိုးမှု နယ်ပယ်ကို စတင်ဆောင်ရွက် သင့်သည်ဟု ဥပဒေပညာရှင်များက အကြံပေးထားတာရှိပါကြောင်း၊ တရားဥပဒေ စိုးမိုးရေးကို စတင်ရာတွင် ရပ်ကျေးအဆင်‌့ တိုင်းနဲ့ပြည်နယ်အဆင့်၊ ဗဟိုအဆင့်မှမဟုတ်ပဲ လူ့အခွင့်အရေးနယ်ပယ်မှ စတင်သင့်ကြောင်း အကြံပေးချက်များရှိပါကြောင်း၊ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ပြည်ထောင်စု နိုင်ငံတော်အနေနှင့် လုံးဝမပတ်သက်ခဲ့ခြင်းမဟုတ်ပဲ မြန်မာ့လွတ်လပ်ရေးသည် UDHR ကမ္ဘာ့ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း၏ ဖွားဖက်တော်အဖြစ် ဆိုနိုင်ပါကြောင်း၊၁၉၄၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း ပေါ်ပေါက်ပြီး နှစ်စဉ် ဒီဇင်ဘာ ၁၀ ရက်နေ့ကို လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ ၎င်းစာတမ်း၏ နိဒါန်းနှင့် အပိုဒ် ၅ တွင် လူ့အခွင့်အရေး၏ တန်ဖိုးများကို ဖော်ပြထားပါကြောင်း၊ အပိုဒ် ၅ တွင် မည်သူ့ ကိုမျှ ညှဉ်းပမ်းနှိမ့်စက်ခြင်း သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ၊ လူမဆန်စွာ ဂုဏ်ငယ်စေသော ဆက်ဆံခြင်းမပြုရ သို့တည်း မဟုတ် အပြစ်ဒဏ်ပေးခြင်းမပြုရဟု ဖော်ပြထားသကဲ့သို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အ‌ခြေခံဥပဒေ၊ ၎င်းဖွဲ့စည်းပုံအ‌ခြေခံဥပဒေ သည် အ‌ခြေအနေ၊ အချိန်အခါအရ ပြုပြင်ရန် ပြည်သူ့လွှတ်တော်ကြီးက ဆုံးဖြတ်ချက် ချထားသည်မှာ အားလုံးအသိ ဖြစ်ပါကြောင်း၊ အ‌ခြေခံဥပဒေတွင် ချို့ယွင်းချက်အားနည်း ချက် ရာခိုင်နှုန်းများများပါရှိကြောင်းကို ပါတီခေါင်းဆောင်တစ်ဦးက မီဒီယာတွင် အတိအလင်းဝန်ခံထားပြီး ဖြစ်ကြောင်း၊ ချို့ယွင်းချက်အားနည်းချက်များ ရှိသော ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံ ဥပဒေ၏  နိုင်ငံသားများ အခွင့်အရေးတွင် အ‌ခြေခံရမည့်မူများအပိုဒ် ၄၄ တွင် လူ့သိက္ခာညိုးနွမ်းသေးသိမ် စေသည့် ပြစ်ဒဏ် ပြဋ္ဌာန်းခွင့်မရှိစေရဟုလည်းကောင်း၊ နိုင်ငံသားများ မူလအခွင့်အရေးတွင်လည်း မည်သူ့ကိုမျှ တည်ဆဲ ဥပဒေ၏ အညီမှတစ်ပါး အသက်ကိုဖြစ်စေ၊ လူပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုကိုဖြစ်စေနစ်နာ ဆုံးရှုံးမှု မရှိစေရဟုလည်းကောင်း ပြဋ္ဌာန်းထားပါကြောင်း၊ အရူးမကိုဖြစ်စေ၊ အရွယ်မရောက်သည့် မိန်းကလေးကို ဖြစ်စေ အမျိုးသမီးအရာ၊ အထောင်ကိုဖြစ်စေ မဒိန်းကျင့်လျှင်ဥပဒေကြောင်းအရသာ အရေးယူ အပြစ်ပေး ရမည်ဖြစ်ကြောင်း၊ ညှင်းပန်းနှိပ်စက်မှုမျိုးများကို မလုပ်ဆောင်သင့်ကြောင်း၊ ဦးသိန်းညွန့် (သင်္ဃန်းကျွန်း မဲဆန္ဒနယ်) ၏ နိုင်ငံတော်သည် ကမ္ဘာပေါ်မှာ တရားဥပဒေစိုးမိုးမှု အကင်းမဲ့ဆုံး၊ အညံ့ဖျင်းဆုံး ၁၀ နိုင်ငံတွင် ပါဝင်နေသည့်အချက်၊ ဒေါ်လဲ့လဲ့ဝင်းဆွေ (တာမွေမဲဆန္ဒနယ်)၏ တာမွေမြို့နယ်ရှိ လူငယ်လေး တစ်ဦး၏ ဖြစ်ရပ်၊ ဖျာပုံမြို့နယ်၊ ကျုံကျိုက်ရဲစခန်းက မောင်ဝင်းထွန်း၏ ဖြစ်ရပ်တို့သည် ဥပဒေမဲ့ညင်းပန်း နှိပ်စက်မှုများအဖြစ် တွေ့ရှိနေရပြီး အကယ်၍ ဥပဒေ၊ နည်းဥပဒေနှင့် တားမြစ်ခြင်း၊ နိုင်ငံတော်အစိုးရမှ လည်း ယခုကဲ့သို့ ပဋိဉာဉ်စာတမ်းမျိုးကို လက်မှတ်ထိုးခြင်းနှင့် ယခုကိစ္စများကို အာဏာပိုင်အဆင့်ဆင့်က သိရှိလျှင် ရဲစခန်းများက အလွယ်တကူ  နှိပ်စက်ညင်းပန်းမှုများကို ကျူးလွန်ကြမည်မဟုတ်ကြောင်း၊ ယခုကဲ့သို့အခြေအနေများ ရပ်တန့်စေရန် ဥက္ကဋ္ဌကြီး၊ ကိုယ်စားလှယ်ကြီးများနှင့် တပ်မတော်အရာရှိကြီးများ အနေနှင့် ကြိုးစားဆောင်ရွက်ပေးနိုင်မည်ဟူသော ယုံကြည်ချက်၊ မျှော်လင့်ချက် အားကိုးမှုအပြည့်နှင့် တင်သွင်းလိုသည်မှာ မြန်မာနိုင်ငံတော်အစိုးရအနေနှင့် UN Convention Against Torture and Other Cruel, Inhuman or Degrading Treatment or Punishment ညှဉ်းပန်းနှိပ်စက်ခြင်း၊ ရက်စက်ကြမ်းကြုတ်စွာ၊ လူမဆန်စွာ၊ ဂုဏ်ငယ်စေသော အပြုအမူနှင့် အရေးယူအပြစ်ပေးခြင်းကို ဆန့်ကျင်သည့် ကမ္ဘာ့ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် တစ်ရပ်အား လက်မှတ်ရေးထိုးရန် ပြည်သူ့လွှတ်တော်က တိုက်တွန်းကြောင်း အဆိုအားလေးစားစွာ တင်သွင်းအပ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

 

၎င်းအဆိုနှင့် ပတ်သက်၍ ဒေါက်တာ ဒေါ်သန်းငွေ(ကလောမဲဆန္ဒနယ်)က ထောက်ခံဆွေးနွေး ပြောကြားရာတွင်-

 

ဒီမိုကရေစီစနစ်ကိုပီပြင်စွာ ဖော်ဆောင်သောမြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးလုပ်ငန်း များ ဆောင်ရွက်နေပြီး သမ္မတကြီးနှင့် ဒုတိယသမ္မတကြီးတို့မှ နိုင်ငံတကာတွင် နိုင်ငံတကာဆက်ဆံရေး တိုးတက်အောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက်သည်ကို တွေ့ရပါကြောင်း၊ ကမ္ဘာ့နိုင်ငံများက လည်း နိုင်ငံ၏ ပြောင်းလဲတိုးတက်မှုများကို လေ့လာစောင့်ကြည့်နေကြသည့်အတွက် အများလက်ခံနိုင်သော အနေ အထားကောင်းများရှိကြောင်းပြသရမည်ဟု ယူဆပါကြောင်း၊ အထူးသဖြင့် အပြည်ပြည်ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်း၊ အမျိုးသမီးများ အခွင့်အရေး ကာကွယ်စောင့်ရှောက်မြှင့်တင် သော CEDAW Convention၊ လူသားချင်းစာနာသောလုပ်ရပ်များကို မိမိတို့နိုင်ငံက နိုင်ငံတကာနှင့် လက်တွဲ လုပ်ကိုင်နေသည်ကိုလည်း အများသိပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် UN Convention Against Torture ကိုလည်း အလေးထားလက်ခံရန် ဆန္ဒရှိကြောင်းပြသရမည်ဟု ယူဆသည့်အတွက် ၎င်းအဆိုကို ထောက်ခံ ပါကြောင်း ဖြင့်ဆွေးနွေးပြောကြားခဲ့ပါသည်။

 

ဒေါက်တာအောင်မိုးညို၊ ပွင့်ဖြူမဲဆန္ဒနယ်၏အဆိုကို သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ က ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော် က ဆွေးနွေးရာတွင်-

မြန်မာနိုင်ငံသည် မည်သည်‌့နိုင်ငံသားမဆို လူ့အခွင့်အရေးရရှိခံစားနိုင်ရေး အရေးကြီးကြောင်းကို စွဲစွဲမြဲမြဲလက်ခံ ယုံကြည်ခဲ့သည့်နိုင်ငံဖြစ်သောကြောင့် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာပင်မစာချုပ် စာတမ်းထဲတွင် အခြေခံအကျဆုံးဖြစ်သော ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာ စာတမ်းကို ၁၉၄၈ ခုနှစ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈) နိုင်ငံနှင့် နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များတွင် နိုင်ငံသားတိုင်း၏ အခြေခံလူ့အခွင့်အရေးကို ရရှိခံစားနိုင်စေရန် ပြဋ္ဌာန်း အကာအကွယ်ပေးထားပါကြောင်း၊ နိုင်ငံတော်အစိုးရသည် တာဝန်စတင်ထမ်းဆောင်သည့် အချိန်မှစ၍ ဌာနအသီးသီးတွင် ပြဋ္ဌာန်းသက်ဝင်ဆဲ တည်ဆဲဥပဒေများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် လည်းကောင်း၊ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးခြင်း သို့မဟုတ် အတည်ပြုပါဝင် လက်မှတ်ရေးထိုး ထားသော နိုင်ငံတကာစာချုပ်စာတမ်းများပါ ကတိကဝတ်များနှင့်လည်းကောင်း ကိုက်ညီစေရန် ဖျက်သိမ်းခြင်း၊ ပြင်ဆင်ရေးဆွဲခြင်း၊ ဥပဒေသစ်ရေးဆွဲပြဋ္ဌာန်းခြင်းစသည့် လုပ်ငန်းစဉ်များကို လုပ်ဆောင် လျက်ရှိပြီး နိုင်ငံတကာစာချုပ်များပါဝင်ရေးကိုလည်း စဉ်းစားဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတကာ စာချုပ်တစ်ရပ်သို့ ပါဝင်ရေးကိစ္စသည် လေးနက်သည့် ကတိကဝတ်ပြုခြင်း၊ တာဝန်ယူမှု တစ်ရပ်ဖြစ်ခြင်း တို့ကြောင့် မိမိနိုင်ငံနှင့်မိမိနိုင်ငံသားများ၏ အကျိုးနှင့်ကိုက်ညီခြင်း၊ ဖော်ဆောင်နိုင်ခြင်းရှိ၊ မရှိ ဦးစွာချိန်ဆပါ ကြောင်း၊ ထိုသို့ချိန်ဆရာတွင် မိမိနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်မှု မထိပါးရေး၊ ရေမြေအနေအထား သမိုင်းအစဉ်အလာယဉ်ကျေးမှုနှင့် ထုံးတမ်းအစဉ်အလာများ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများနှင့် ဖွဲ့စည်းထူထောင်ရပ်တည်နေမှု စသည်တို့နှင့် ကိုက်ညီရေးသည် ပဓာနကျပါကြောင်း၊ လက်တွေ့အနေနှင့် နစ်နာလုပ်ဆောင်သွားရမည့် စာချုပ်ပါပြဋ္ဌာန်းချက်များ၊ ကတိကဝတ်များအရ လိုက်နာရမည့် တာဝန်များ ကို စဉ်းစားချိန်ဆပြီး မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ လက်တွေ့အကောင်အထည်ဖော် လိုက်နာဆောင်ရွက်ရမည်‌့ ကိစ္စများ၊ စာချုပ်အကောင်အထည်ဖော်လိုက်နာမှုများအတွက် ထူထောင်ထား သည့် အဖွဲ့အစည်း၊ ကော်မတီစသည့်များသို့ မိမိနိုင်ငံ၏ ကြေညာချက်များ၊ ဆောင်ရွက်ချက်များ၊ အစီရင်ခံစာများစသည် တို့ကိုတင်သွင်းခြင်း၊ မေးမြန်းမှုများပြုလုပ်ခြင်း၊ စစ်ဆေးမှုများကို လက်ခံရှင်းလင်း ဖြေကြားခြင်း၊ စာချုပ်အကောင်အထည်ဖော်မှုဆိုင်ရာ အမျိုးသားအာဏာပိုင်တစ်ရပ်ထူထောင်ရန် လိုအပ် ချက် ရှိ၊ မရှိ၊ တည်ဆဲပြည်တွင်းဥပဒေများဖြင့် မလုံလောက်ပါက ဥပဒေအသစ်တစ်ရပ် ရေးဆွဲပြဋ္ဌာန်းရန် စဉ်းစားရပါကြောင်း၊ တစ်ချိန်တည်းတွင် စာချုပ်အကောင်အထည်ဖော်သည့်လုပ်ငန်းစဉ်တွင် လိုအပ်မည့် လူအင်အားလိုအပ်ချက်၊ နိုင်ငံတော်မှ ကျခံသုံးစွဲရမည့် နိုင်ငံခြားသုံးငွေအပါအဝင် ရန်ပုံငွေလိုအပ်ချက် စသည်များကိုလည်း ခန့်မှန်းတွက်ချက်ပါကြောင်း၊ ဤကဲ့သို့ လေ့လာသုံးသပ်မှုများ၊ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ပြီးမှသာ စာချုပ်တစ်ရပ်ကို ပါဝင်လက်မှတ်ရေးထိုးရန် စဉ်းစားဆုံးဖြတ်သည့် အဆင့်ကို ရောက်ရှိမှာ ဖြစ်ပါကြောင်း၊ ဤလုပ်ငန်းစဉ်များနှင့်အညီ လူ့အခွင့်အရေး ကြိုတင်ကာကွယ်စောင့်ရှောက် သည့် နိုင်ငံတကာစာချုပ်စာတမ်းများကိုလည်း အခြေအနေပေးသည်နှင့်အမျှ ပါဝင်လက်မှတ်ရေးထိုးလျက် ရှိပါကြောင်း၊ သာဓကအားဖြင့် မစွမ်းမသန်သူများ အခွင်‌့အရေးဆိုင်ရာ စာချုပ်ကို မြန်မာနိုင်ငံက ၇-၁၂-၂၀၁၁ ခုနှစ်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုအဆိုပါစာချုပ်သည် လူ့အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာပင်မစာချုပ်စာတမ်းများထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး ယင်းစာချုပ်ကို ၂၆-၂-၂၀၁၃ ရက်နေ့အထိ ကမ္ဘာ့နိုင်ငံပေါင်း ၁၅၁ နိုင်ငံက စာချုပ်အဖွဲ့ဝင်နိုင်ငံများအဖြစ် ပါဝင်ထားပါကြောင်း၊ ယင်းစာချုပ်ဝင် ၁၅၁ နိုင်ငံနှင့် နိုင်ငံပေါင်း ၇၈ နိုင်ငံက နှစ်ဦး ပါဝင်လက်မှတ်ရေးထိုးထားပြီး အာဆီယံ နိုင်ငံများအနက် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ ဖီလစ်ပိုင်၊ ထိုင်း  ၅ နိုင်ငံတို့က ပါဝင်ထားပါကြောင်း၊ ၎င်းစာချုပ်၏ ရည်မှန်းချက်သည် လူလူချင်း ရက်စက်ကြမ်းကြုတ်ခြင်း၊ ညှင်းပန်းနှိပ်စက်မှု၊ ပြစ်ဒဏ်ပေးမှု စသည်တို့ကို နိုင်ငံတကာမှ လိုက်နာသင့်သည့်စံနှုန်းများကို ပြဋ္ဌာန်းထားခြင်းဖြစ်ပါကြောင်း၊ ကနဦး လေ့လာချက်အရ ၎င်းရည်မှန်းချက်သည် နိုင်ငံ၏သမိုင်းကြောင်း၊ ယဉ်ကျေးမှုနှင့် ဘာသာရေး အစဉ်အလာများနှင့်လည်း ကိုက်ညီမှုရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ၎င်းစာချုပ်နှင့်ပတ်သက်၍ စာချုပ်သို့ပါဝင်ရေးရှေးရှုလျက် မြန်မာနိုင်ငံအနေဖြင့် အဆင့်ဆင့်လေ့လာ သုံးသပ်မှုများ ပြုလုပ်သွားရန် လိုအပ်ပါပြီး ထိုသို့ပြုလုပ်ရာတွင်လည်း လူ့အခွင့်အရေးဆိုင်ရာအတွက် ဖွဲ့စည်းပေးထားသည့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၊ သက်ဆိုင်ရာဝန်ကြီးဌာနဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနတို့မှ ပူးပေါင်းလေ့လာမှုများပြုလုပ်ပြီး လိုအပ်သည့်ပြင်ဆင် ဆွေးနွေးမှုများ၊ လေ့လာမှုများ စသည်ဖြင့် အဆင့်ဆင့်လုပ်ဆောင်ပြီး ၎င်းစာချုပ်ကို ပါဝင်လက်မှတ်ရေးအတွက် အခြေအနေသို့   ရောက်ရှိမှာ ဖြစ်ကြောင်း ဖြင့်ပြောကြားခဲ့ပါသည်။

 

ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ်ဦးထွန်းထွန်းဦးက ဆွေးနွေးရာတွင်-

 

လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသည့် ညှင်းပန်းနှိပ်စက်ခြင်း၊ ရက်စက်ကြမ်းကြုတ်စွာ၊ လူမဆန်စွာ ဂုဏ်ငယ်စေသော အပြုအမှုနှင့် အရေးယူအပြစ်ပေးခြင်းကို ဆန့်ကျင်သည့် ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်သည် Human Right Call Convention ထဲက တစ်ခုအပါအဝင်ဖြစ်ပြီး မြန်မာနိုင်ငံအနေနှင့် ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့ Geneva တွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၁၀) ကြိမ်မြောက် လုပ်ငန်းအဖွဲ့အစည်း UPR (Universal Periodic Review ) အစီအစဉ်တွင် လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အစီရင်ခံစာကို သုံးသပ်မှုခံယူ တင်ပြခဲ့ပါကြောင်း၊ ထိုအချိန်ကပင် ၎င်း Convention ကို ထည့်သွင်း စဉ်းစားသဘောတူ လက်ခံမည့် အကြောင်း တင်ပြခဲ့ပါကြောင်း၊ အစည်းအဝေး Recompletion တွင်လည်း ထည့်သွင်းဖော်ပြခဲ့ပါကြောင်း၊ ၂၀၁၁ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၁၇)ကြိမ်မြောက် UPR အစီအစဉ်တွင်လည်း ထပ်မံတင်ပြခဲ့ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းက Convention ကို သဘောတူ လက်ခံနိုင်ရေးတင်ပြဖို့ စီမံဆောင်ရွက်လျက်ရှိသည်ကို သိရပါကြောင်း၊ Convention သည် အသက်ဝင် နေသည့်စာချုပ်ဖြစ်ပြီး Sign အဆင့်မဟုတ်ဘဲ Instrument of Acception အဆင့်ဆိုလျှင် အဆင်ပြေနိုင် ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄တွင် လူ့သိက္ခာညှိုးနွမ်းသေးသိမ်စေသော ပြစ်ဒဏ်ပြဋ္ဌာန်းခွင့် မရှိစေရဟု ပြဋ္ဌာန်းထားပါကြောင်း၊ ပြစ်မှုကျူးလွန်သူကို ကြိမ်ဒဏ်ကို မိမိတို့နိုင်ငံတွင် ရုပ်သိမ်းပြီး ဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံတွင် သေဒဏ်၊ ပြစ်ဒဏ်နှင့်စပ်လျဉ်း၍ ဖျက်သိမ်းခြင်းမပြုရသေးသော်လည်း ၁၉၈၈ ခုနှစ်မှစ၍ အကောင်အထည်ဖော်ခြင်းမရှိခဲ့ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၀၄ နှင့်အညီ သေဒဏ်ပြစ်ဒဏ်များကို ထောင်ဒဏ်တစ်သက် လျော့ပေါ့ပေးခဲ့သည့်အမိန့်များ ထုတ်ပြန်ခဲ့ပါကြောင်း၊ Slavery Act ကို ၁၉၉၂ ခုနှစ်တွင် ရုပ်သိမ်းခဲ့ပြီး Force Labour ၊ Child Law ၊ အမျိုးသမီး အခွင့်အရေးကာကွယ်သော ဥပဒေများကို Convention နှင့်အညီ ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ညှင်းပန်းနှိပ်စက်ခြင်း၊ ရက်စက် ကြမ်းကြုတ်စွာ၊ လူမဆန်စွာ ဂုဏ်ငယ်စေသော အပြုအမှုနှင့် အရေးယူအပြစ်ပေးခြင်းကို ဆန့်ကျင်သည့် လူ့အခွင့်အရေးဆိုင်ရာ သဘောတူညီချက် Conventionသည် နိုင်ငံ၏ ဥပဒေ၊ လူမှုရေး၊ ယဉ်ကျေးမှုများနှင့် ကိုက်ညီသည့်အတွက် အဆိုကို အတည်ပြုသင့် ပါကြောင်းဖြင့် ဆွေးနွေးခဲ့ပါသည်။

 

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးရဲချုပ်ကျော်ကျော်ထွန်းက ဆွေးနွေးရာတွင်-

 

ပြည်ထဲရေးဝန်ကြီးဌာနအနေနှင့် ယခင်လူ့အခွင့်အရေးနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်း လူ့အခွင့်အရေးကော်မရှင် ပေါ်ပေါက် လာပြီးနောက် ၎င်းကို လွှဲပြောင်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အကျဉ်းဦးစီးဌာနအနေနှင့် လူ့အခွင့်အရေးနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်မှုအခြေအနေများကို ICRC မှ အကျဉ်းထောင်များကို လာရောက်စစ်ဆေးခွင့်ပြုခဲ့ပြီး၊ လိုက်နားဆောက်နားဆောက်ရွက်လျက်ရှိ ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသွားသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေနှင့် လူမဆန် စွာ ညှင်းပန်းနှိပ်စက်မှုကိစ္စရပ်များနှင့် ပတ်သက်၍ မိမိတို့တာဝန်ယူပြီး နောက်ပိုင်းတွင် ၎င်းကိစ္စရပ်များကို ဆောင်ရွက်ခြင်းမပြုရန်၊ ဆောင်ရွက်လျှင်လည်း စစ်ဆေးပေါ်ပေါက်လျှင် ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခင်တွင် ကျူးလွန်သူကိုသာ အရေးယူဆောင်ရွက်ခဲ့သော်လည်း နောက်ပိုင်းတွင် တာဝန်ရှိသူ အဆင့်ဆင့်ကိုပါ အရေးယူသည့်အခြေအနေအထိ ဆက်၍ကျယ်ပြန်မှုမရှိစေရန်အဆင့်အဆင့်အရေးယူသည့်စနစ်ဖြင့်ပါ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ညှင်းပန်းနှိပ်စက်မှုနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ထားသည့် အခြေအနေများတွင် ရဲတပ်ဖွဲ့ဝင်အင်အားမည်မျှ အရေး ယူ ဆောင်ရွက်ထားတယ်ဆိုသည်ကို တရားဝင်ထုတ်ပြန်ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ လူ့အခွင့် အရေး နှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ကို လိုက်နာဆောင်ရွက် မှု ပိုမိုခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြင့် ဆွေးနွေးခဲ့ပါသည်။

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးဦးစိုးညွန့်က ဆွေးနွေးရာတွင်-

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက ဝင်ရောက်လိုသည့် Convention မှာ UN Convention Against Torture and Other Crucl, Inhuman or Degrading Treatment or Punishment ဖြစ်ပါကြောင်း၊ Punishment ဆိုသည်မှာ တရားရုံးများနှင့်သက်ဆိုင်ပြီး ပြစ်ဒဏ်ပေးရာတွင် တရားရုံးများ အနေနှင့် ဥပဒေနှင့်ညီညွတ်သော ပြစ်ဒဏ်များကိုသာ ပေးပါကြောင်း၊ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေတွင်လည်း လူ့သိက္ခာကို ထိခိုက်ညှိုးနွမ်းစေသော ပြစ်ဒဏ်မျိုး မပေးရဟု ပြဋ္ဌာန်းထားပါကြောင်း၊ အခြေခံဥပဒေနှင့် အညီ မြန်မာနိုင်ငံအတွင်းရှိ တရားရုံးအဆင့်ဆင့်က လိုက်နာဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ဥပဒေနှင့်ညီသောပြစ်ဒဏ်တွင်မြန်မာနိုင်ငံတွင်ဥပဒေတွေအရ ပြစ်ဒဏ်အမျိုးအစားအရ ငွေဒဏ်နှင့် ထောင်ဒဏ်ဖြစ်ကြောင်း၊ ထောင်ဒဏ်တွင် အလုပ်မဲ့ထောင်ဒဏ်နှင့် အလုပ်ကြမ်း ထောင်ဒဏ် ဖြစ်ပြီး အခြားတစ်မျိုးမှာ တစ်သက်တစ်ကျွန်း ပို့ဒဏ်နှင့် သေဒဏ်ဖြစ်ပါကြောင်း၊ ၎င်းပြစ်ဒဏ် အမျိုးအစား များကိုသာလျှင် မြန်မာနိုင်ငံရှိ တရားရုံးအဆင့်ဆင့်က အပြစ်ပေးလျက်ရှိပါကြောင်း၊ တရားရုံးများအနေနှင့် ရက်စက်ကြမ်းကြုတ်စွာ၊ လူမဆန်စွာ ဂုဏ်ငယ်စေသော ပြစ်ဒဏ်မျိုးကို ပေးခြင်းမရှိပါကြောင်း၊ ထို့ကြောင့် လက်ရှိကျင့်သုံးနေသည့် ဥပဒေနှင့်အညီ တရားရုံးအဆင့်ဆင်‌့ကလည်း ကျင့်သုံးနေသည်နှင့် အညီ ဖြစ်သည့်အတွက် Convention ကိုဝင်ရောက် ရန် ထောက်ခံပါကြောင်း ဖြင့်ပြောကြားခဲ့ပါသည်။

 

ဥက္ကဋ္ဌမှ နိဂုံးချုပ်ပြောကြား၍ အတည်ပြုကြောင်းကြေညာရာတွင်-

 

အဆိုရှင်တင်ပြရာတွင် ညှင်းပန်းနှိပ်စက်ခြင်း၊ ရက်စွက်ကြမ်းကြုတ်လူမဆန်စွာ ဂုဏ်ငယ်စေသော အပြုအမူနှင့် အရေးယူအပြစ်ပေးခြင်းကို ဆန့်ကျင်သည့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အပြည်ပြည် ဆိုင်ရာ သဘောတူညီချက်တစ်ရပ်အား လက်မှတ်ရေးထိုးရန်ဆိုသည့်အတွက် ကဏ္ဍနှစ်ခုဖြစ်ပြီး ညှင်းပန်း နှိပ်စက်ခြင်း၊ ရက်စက်ကြမ်းကြုတ် လူမဆန်စွာ ဂုဏ်ငယ်စေသော အပြုအမူများ အပိုင်းတစ်ပိုင်း၊ အရေးယူ အပြစ်ပေးခြင်း အပိုင်းတစ်ပိုင်း ဖြစ်ပါကြောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆွေးနွေးရာတွင် အရေးယူ အပြစ်ပေးခြင်းအပိုင်းကို ဆွေးနွေးသွားခြင်းဖြစ်ပြီး ညှင်းပန်းနှိပ်စက်ခြင်း၊ ရက်စက်ကြမ်းကြုပ်စွာ၊ လူမဆန်စွာ ဂုဏ်ငယ်စေသောအပြုအမူများနှင့်ပတ်သက်၍ ဒေါက်တာအောင်မိုးညိုက နေရာဒေသကို ဖော်ပြ၊ ဖြစ်စဉ်များကိုဖော်ပြ၊ တင်ပြခဲ့တာရှိပါကြောင်း၊ တင်ပြရာတွင် ၎င်းတစ်ယောက်သာမက အခြား လွှတ်တော်ကိုယ်စားလှယ်များမှ အဖြစ်အပျက်အရပ်ရပ်ကို တင်ပြဆွေးနွေးသွားသည်ကို ကြားရပါကြောင်း၊  ၎င်းကိုမူတည်၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးရဲချုပ်ကယခုကဲ့သို့ဆောင်ရွက်သူများ၊ဝန်ကြီးဌာနအနေနှင့်လက်မခံပါကြောင်း၊ ဆောင်ရွက်ရာတွင်လည်း အပြစ်ပေးပြီးကြောင်း ကြားရသည့် အတွက် အင်မတန်ကောင်းပါကြောင်း၊ သို့ရာတွင် ယခုကဲ့သို့ ထူးခြားကိစ္စရပ်များတွင် မည်သို့မည်ပုံ အပြစ်ပေးအရေးယူခဲ့သည်ကို ပွင့်ပွင့်လင်းလင်း မြင်သာအောင် တင်ပြခြင်းဖြင့် မိမိတို့၏ လုပ်ဆောင်ချက် တစ်နည်းအားဖြင့် ဥပဒေမဲ့လုပ်လို့မရပဲ ဥပဒေနဲ့အညီ လုပ်ရမည် ဖြစ်ကြောင်း၊ ၎င်းပုဂ္ဂိုလ်များကို မည်သို့အပြစ်ပေး အရေးယူသည်ကို ဖော်ပြလျှင် တရားဥပဒေစိုးမိုးရေးကိစ္စတွင်များစွာထိရောက် သကဲ့သို့ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီး၏ ဂုဏ်သိက္ခာလည်း မြင့်မားလာမှာ ဖြစ်ပါကြောင်း၊ ထိုကြောင့် အကြံပြု ပြောလိုသည်မှာ ပြစ်ဒဏ်များချမှတ်ပေးပြီဆိုလျှင် မည်သို့မည်ပုံဖြစ်ဒဏ် များချမှတ်ပေးသည်ကို ထင်သာ မြင်သာအောင် ထုတ်ပြန်ခြင်းအားဖြင့် ပြည်သူတို့၏ သံသယများ ကင်းစင်သွားမှာဖြစ်သည့်အတွက် ဤသို့ဆောင်ရွက်ဖို့ လိုကြောင်းကို အကြံပြုတိုက်တွန်းလိုပါကြောင်း၊ အဆိုပေါ်မူတည်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနက ရှင်းလင်းတင်ပြရာတွင် ဝင်စေလိုသော သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ထိုးရာတွင် နိုင်ငံတိုင်း၊ အာဆီယံနိုင်ငံတိုင်းက မဝင်ရသေးပဲ ၅ နိုင်ငံသာ ဝင်ရသေးကြောင်းကို  ကြားမိပါကြောင်း၊ တစ်ချို့နိုင်ငံများ က နိုင့်ငံအကျိုးစီးပွားအတွက် Convention များ၊ သဘောတူညီချက်များတွင် လက်မှတ် ထိုးခြင်းများ ကိုယ့်နိုင်ငံအကျိုးစီးပွားမရှိလျှင် လက်မှတ်မထိုးခြင်းများ ရှိပါကြောင်း၊ သာဓကအားဖြင့် ကျိုတို သဘောတူညီချက်စသည် တွေ့ဖူး၊ ကြုံဖူးပါကြောင်း၊ အချုပ်အခြာ အာဏာနှင့်ပြောရလျှင် အမျိုးသား အကျိုးစီးပွား၊ လူ့အခွင့်အရေးနှင့် ဆန့်ကျင်မှုများသည် နေရာတိုင်းတွင်ရှိပါကြောင်း၊ ထို့ကြောင့် လုပ်ငန်း တစ်ခု ဆောင်ရွက်ရာတွင် နိုင်ငံတော်၏အချုပ်အခြာ အာဏာနှင့် လူ့အခွင့်အရေးများသည် အမြဲတမ်း နေရာတိုင်းတွင် ပြဿနာရှိနေသောအသိနှင့် မိမိတို့လွှတ်တော်က အချုပ်အခြာအာဏာ၏ အပိုင်းတစ်ခုဖြစ်သော  ဥပဒေပြုရေးအာဏာကို ဆောင်ရွက်ရာတွင်လည်းပဲ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို မျက်ကွယ်ပြု၍မရကြောင်းကို သတိပြုဖို့လိုပါကြောင်း၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး ဆိုင်ရာကိစ္စများကိုလည်း ပြစ်ပယ်ထားလို့ မရတဲ့အတွက် အရာရာ ချိန်ဆဆောင်ရွက်သွားဖို့ လိုကြောင်း လည်း လွှတ်တော်ကို တင်ပြချင်ပါကြောင်း၊ ထို့ကြောင့် အဆိုရှင် ဆွေးနွေးချက်ပေါ်မူတည်၍ သက်ဆိုင်ရာ တာဝန်ရှိ ပြည်ထောင်စုအဖွဲ့အစည်းများက ဆွေးနွေးသွားတဲ့အတွက် မိမိအပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်ကို စိတ်ဝင်စားပြီး နားထောင်နေသူများ အတွက်လည်း အကျိုးကျေးဇူး ရမှာ ဖြစ်ပါကြောင်း၊ ဒေါက်တာ အောင်မိုးညိုတင်သွင်းသွားတဲ့အဆိုကို သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများ ကလည်း ဆွေးနွေးသွားပါကြောင်းဖြင့် ပြောကြားပြီး ‌ဒေါက်တာ‌အောင်မိုးညို တင်သွင်းသောအဆိုကို လွှတ်‌တော်တွင် မှတ်တမ်းတင်ထားရှိပြီး သက်ဆိုင်ရာတာဝန်ရှိသော အဖွဲ့အစည်းများက အကောင် အထည်ဖော် ဆောင်ရွက်သွားရန် အတည်ပြုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

Standard (Image)