ရန်ကုန်- မတ် ၁၆
“ဥပဒေနှင့်မညီညွတ်သည့် မင်းမဲ့စရိုက်များ၊ အုပ်စုဖွဲ့အနိုင်ကျင့်သည့် ဒီမိုကရေစီ အနိုင်ကျင့်မှုများ ဒီမိုကရေစီအလွဲသုံးမှုများကို လစ်လျူရှုလျှင် တိုင်းပြည်နစ်နာမည် ဖြစ်ကြောင်း” ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန် တိုင်း ဒေသကြီး၊ ဒလမြို့နယ်၊ သီရိဇေယျာ အနော်ရထာ ခန်းမ၌ ကျင်းပသည့် မြို့မိမြို့ဖများနှင့် ဒေသ ခံပြည်သူများ အား တွေ့ဆုံပွဲအခမ်းအနားတွင် ထည့်သွင်းပြော ကြားသည်။

တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်၊ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေသက်ခင်၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်ရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သိမ်း၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒလမြို့သို့ လာရောက်ရခြင်း နှင့် စပ်လျဉ်း၍ ပဏာမ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒလမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက မြို့နယ်ဆိုင်ရာ အချက်အလက်များကို တင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့မိမြို့ဖများက မြို့နယ်၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်၊ စိုက်ပျိုးရေ နှင့် သန့်ရှင်းသော သောက်သုံးရေရရှိရေးများအပါဝင် မြို့နယ်၏လိုအပ်ချက်များနှင့် ပတ်သက်၍ ကဏ္ဍ အလိုက် တင်ပြသည်။
တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်းပေးသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် “မြို့နယ်၏ တင်ပြချက်များနှင့် စပ်လျဉ်း၍ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်ချက်များ ရှိသေး၍ နိုင်ငံတော်၏ဘတ်ဂျက်ကဏ္ဍငွေများကို တိုးမြှင့်ပေးခဲ့ ကြောင်း၊ စိုက်ပျိုးရေ နှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုတက်မှုဝန်ကြီး ဌာနတို့ပူးပေါင်း၍ အလျှင်အမြန်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မိမိတို့ အနေဖြင့် ဒီမိုကရေစီနည်းလမ်းကို လွှတ်တော်အတွင်းသာမက၊ လွှတ်တော် ၏ပြင်ပ ပြည်သူများထံ၌ လည်း ထိထိရောက်ရောက်ကျင့်သုံးနိုင်ရန် အချိန်ယူ၍ ကွင်းဆင်းဆောင်ရွက်လျှက် ရှိကြောင်း၊ ထိုသို့ဆောင်ရွက်မှုမှာ အကျိုးရှိသည်ကိုလည်း မျက်ဝါးထင်ထင်မြင်ခဲ့ ရကြောင်း။
လွှတ်တော်အတွင်း မကြားသေးရသည့် အသံများကို ကြားရကြောင်း၊ ယခု ခရီးစဉ်တွင် လည်း ပြည်ထောင်စု ဝန်ကြီးများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးနိုင်၍ ဒေသ အတွက် အဆင်ပြေကြောင်း၊ မြို့နယ်နှင့် ဒေသခံပြည်သူ များ အတွက် အကျိုးရှိ ပါလိမ့်မည်ဖြစ်ကြောင်း။
ဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးနိုင်ရန်(၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူတို့က (၉၂ ဒသမ ၄၈) ရာခိုင်နှုန်းဖြင့် ပြဌာန်းပေးခဲ့ ကြောင်း၊ အဆိုပါပြဌာန်းမှုဖြင့် ဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံး နေခြင်း ဖြစ်ကြောင်း၊ အလားတူ (၂၀၁၀)ခုနစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပ နိုင်ခဲ့၍ လွှတ်တော်များပေါ်ပေါက်လာခဲ့ကြောင်း၊ ၎င်းလွှတ်တော်များကပင် အစိုးရကို ရွေးချယ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းအစိုးရက ပြည်သူဆန္ဒ၊ ပြည်သူ့သဘောထားအပေါ် မူတည်၍ ပြည်သူ့အစိုးရအနေဖြင့် အုပ်ချုပ်နေခြင်းဖြစ်ကြောင်း။
သို့ဖြစ်၍ ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထား၊ လိုအပ်ချက်များကို လွှတ်တော်မှ တစ်ဆင့် လွှတ်တော်ကိုယ်စားလှယ်များ က မေးခွန်းများ မေးမြန်းကြကြောင်း၊ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးများက လည်း ပြန်လည်ဖြေကြားရကြောင်း၊ ထိုသို့ မေးမြန်းဖြေကြား ရာတွင် လွှတ်တော်ဥက္ကဋ္ဌက တစ်ဆင့်သာ မေးမြန်းဖြေကြား ရခြင်းဖြစ်ကြောင်း၊ မေးခွန်း များ မေးမြန်းဖြေကြားမှုများသည်လည်း အစိုးရ၏အာမခံချက် ကတိများနှင့် တာဝန်ခံချက်များ ဖြစ်သွားကြောင်း၊ အစိုးရက ဖြေရှင်းပေးရ ပါမည် ဖြစ်ကြောင်း၊ အဆိုပါအာမခံချက်များ ကတိများနှင့် တာဝန်ခံချက်များကို အကောင် အထည်ဖော် ပေးရမည်ဖြစ်ကြောင်း၊ အကောင်အထည်မဖော်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ တာဝန်သာဖြစ်ကြောင်း၊ သို့ဖြစ်၍ မေးခွန်းများ၏အာနိသင်မှာ လွှတ်တော်အပေါ် အာမခံချက်များနှင့် ကတိများပင် ဖြစ်ကြောင်း။
အဆိုပါ မူဝါဒများကို လက်တွေ့အကောင်အထည်ဖော်ရန် လိုအပ်လျှင် ဥပဒေ တစ်ရပ် ဖြစ်သွားကြောင်း၊ ယနေ့ကာလသည် “ လူနှင့် အုပ်ချုပ်ခြင်းမဟုတ်ဘဲ မူဖြင့် အုပ်ချုပ်နေခြင်းဖြစ်ကြောင်း’’ အဆိုပါမူများက လွှတ်တော်က ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ဥပဒေကြမ်းများကို လွှတ်တော်နှစ်ခုက သဘောတူလျှင် ပြည်ထောင်စု လွှတ်တော်က ဥပဒေအဖြစ် အတည်ပြုပေးရကြောင်း၊ သမ္မတက (၁၅)ရက်အတွင်း အတည်ပြုပေးရကြောင်း၊ မှတ်ချက်နှင့် ပြန်ပို့လျှင် လွှတ်တော်က ပြန်လည်ဆွေးနွေးပြီး မူလအတိုင်း အတည်ပြုပါက လက်မှတ်မထိုးလျှင် (၁၅) ရက်အတွင်းအတည်ဖြစ်ကြောင်း၊ လွှတ်တော်က တင်သွင်းသည့် ဥပဒေကြမ်းသည် ပြည်သူကရွေး ချယ်ထားသည့် လွှတ်တော် ကိုယ်စားလှယ်များ သာမ က ကော်မတီများ၊ ပညာရှင်များကပါ ပါဝင်ဆောင်ရွက်ခြင်းဖြစ်၍ပြည်သူက ပြဌာန်းခြင်းဖြစ်ကြောင်း၊ ပြဋ္ဌာန်းပြီးလျှင် အားလုံးကလိုက်နာရ မည်ဖြစ်ကြောင်း၊ ပြည်သူ့ ဆန္ဒ၊ ပြည်သူ့အသံ၊ ပြည်သူ့သဘောထားဖြင့် အုပ်ချုပ်သည့် ခေတ် တစ်ခေတ် ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် မူဝါဒချမှတ်ရာတွင် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ဖြစ်စေနိုင် မည့်၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် နိုင်မည့် ဥပဒေဖြစ်ရမည်ဖြစ်ကြောင်း။
လူတစ်ဦး၊ အစိုးရအဖွဲ့နှင့် လွှတ်တော်ကို ကာကွယ်သည့် ဥပဒေမျိုးမဖြစ်စေရန် လိုအပ်ကြောင်း၊ လွှတ်တော်၏ ဥပဒေပြုရေးသည် ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထား၊ ပြည်သူ့အသံများဖြစ်ရန် လိုအပ်ကြောင်း၊ ဥပဒေတစ်ရပ်ပေါ်ပေါက်လျှင် အစိုးရကလည်း လိုက်နာ၊ နိုင်ငံသာများကလည်း လိုက်နာကြရမည်ဖြစ်ကြောင်း၊ ယနေ့ ကမ္ဘာပေါ်တွင် ဒီမိုကရေစီစနစ်သည် အကောင်းဆုံးစနစ်အဖြစ် ယူဆနေကြောင်း။
တရားဥပဒေစိုးမိုးရေး (Rule of Law) ဖြစ်ရန်လည်း လိုအပ်ကြောင်း၊ သို့သော် ဥပဒေနှင့် မညီညွှတ်သည့် မင်းမဲ့စရိုက်များ၊ အုပ်စုဖွဲ့အနိုင်ကျင့်သည့် ဒီမိုကရေစီ အနိုင်ကျင့်မှုများ ဒီမိုကရေစီ အလွဲသုံးမှုများကိုလည်း လစ်လျူရှုလျှင် တိုင်းပြည်နစ်နာမည် ဖြစ်ကြောင်း၊ နောက်ကြောင်းပြန်စေမည့် အဖြစ်မျိုးသို့ ဖိတ်ခေါ်မိစေမည့် အဖြစ်မျိုး မလုပ်ကြရန် လိုကြောင်း။
စနစ်တစ်ခုမှ စနစ်တစ်ခုသို့ ပြောင်းလဲရာတွင် ခက်ခဲမည်ဖြစ်ကြောင်း၊ မည်သို့ပင် ဖြစ်စေ ဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွာရေးစနစ်ကို မဖြစ်မနေလုပ်ဆောင်သွားကြ ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် လွှတ်တော်တစ်ခုတည်း ဆောင်ရွက်၍ မရကြောင်း၊ ပြည်သူပါဝင်မှ အောင်မြင် မည် ဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးမှု ရှိမှဖြစ်မည် ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးမှုမရှိပါက လက်ရှိ တည်ငြိမ်အေးချမ်းမှု ပျက်ပြားသွားမည် ဖြစ်ကြောင်း၊ မိမိဒေသ၊ မိမိနိုင်ငံတိုးတက်ချင်လျင် တိုးတက်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဖြစ်ချင်သည်များကို အကောင်အထည်ဖော်ရာတွင် အားလုံးပါဝင်မှ ရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်၏ရည်မှန်းချက်ဖြစ်သော အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ်အဖြစ် ဆောင်ရွက်မည် ဆိုပါလျှင် ပြည်သူ လူထု တစ်ရပ်လုံး ပူးပေါင်းပါဝင်မှ အောင်မြင်နိုင်မည်ဖြစ်ကြောင်း” ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် အခမ်းအနားသို့ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။(သတင်းစဉ်)
