နေပြည်တော်၊ နိုဝင်ဘာ ၁၅
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အမေရိကန်နိုင်ငံမှ Special Representative and Policy Coordinator ဖြစ်သူ Mr. Patrick Murphy ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်သူ့ လွှတ်တော်ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး တို့တက်ရောက်ကြပြီး အမေရိကန် ကိုယ်စားလှယ် အဖွဲ့နှင့် အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Derek Mitchell လည်း တက်ရောက်ခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းရေးလုပ်ငန်းစဉ်များ အပေါ် အမေရိကန်ပြည်ထောင်စု မှ အသိအမှတ်ပြု ထောက်ခံပါကြောင်း၊ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များတွင် ပါဝင် ကူညီဆောင်ရွက်ပေးသွားနိုင်မည့် အခြေအနေများနှင့် နှစ်နိုင်ငံ လွှတ်တော်များ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး တို့ အပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။(သတင်းစဉ်)
