နေပြည်တော် မေ ၂၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအား အပြည်ပြည် ဆိုင်ရာ ဥပဒေအကြံပေးအဖွဲ့ (International Commission of Jurists-ICJ)

မှ ဥပဒေပညာရှင် Mr. Benjamin Zawacki သည် ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်ကော်မတီဆောင် အမှတ်(၁) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ဥပဒေဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခြင်း၊ မြန်မာနိုင်ငံရှိ ဥပဒေပညာဖြင့် အသက်မွေးဝမ်း ကျောင်းသူများ၏ လွတ်လပ်စွာ ပါဝင်ဆောင်ရွက်နိုင်ခွင့်၊ လွှတ်တော်နှင့် ICJ တို့ ဥပဒေဆိုင်ရာ ကိစ္စရပ်များအား အနာဂတ်ကာလတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေး တို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့် အတူ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးတင်ဝင်းနှင့် ဒေါ်သန်းသန်းရီတို့ တက်ရောက်ကြပြီး၊ အပြည်ပြည်ဆိုင်ရာဥပဒေပညာရှင် Mr. Benjamin Zawacki နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ (သတင်းစဉ်)
