ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်အားပေး

နေပြည်တော် - ဇွန် ၂၆

<--break->

၂၀၁၂- ၂၀၁၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့ ညနေ (၃) နာရီတွင် နေပြည်တော် ကော်စီနယ်မြေ၊ ဇေယျာသီရီမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ အစည်းဝေးခန်းမ၌ကျင်းပရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း တက်ရောက်အားပေးချီးမြှင့်သည်။

ရှေဦစွာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် အခြေခံပညာအထက်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် အောင်ချက်မြင့်မားအောင် သင်ကြား ပြသပေးခဲ့သော ဆရာ၊ ဆရာမများအား ယခုလိုဆုချီးမြှင့်ရသည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအတွင်း နေထိုင်ကြသော နိုင်ငံသူ၊ နိုင်ငံသားများ၏ ပညာရည်မြင့်မားရေးနှင့် ကျန်းမာကြံခိုင်းရေးသည် အထူးအရေးကြီး ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ အနေဖြင့် “တစ်ကယ်ဖြစ်ချင် တစ်ကယ်လုပ်၊ အဟုတ်ဖြစ်ရမည်” ဆိုသည့် ဆောင်ပုဒ်အတိုင်း မိမိတို့ရယူလိုသော ပန်းတိုင် ရောက်ရှိအောင် မိမိကိုယ်တိုင်ကြိုးစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အောင်မြင်မှုမှတစ်ဆင့် မိမိတို့၏မိသားစုအကျိုး၊ နိုင်ငံတော်အကျိုးအတွက်ပါ ရရှိမည်ဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများ၊ မိဘ ဆရာများ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှုရရှိမည်ဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့် စိတ်ဓာတ်စည်းကမ်းကောင်းမွန်ပြီး မိဘဆရာသမားများမှ ပေးအပ်သော ပညာအမွေကို ရယူပြီး နိုင်ငံတော် အကျိုး၊ ပြည်သူ့အကျိုး ဆောင်ရွက်နိုင်ပါစေကြောင်း ပြောကြားပါသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမျိုးမြင့် က ပညာရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ဂုဏ်ထူးရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးသည့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်သည်။

၎င်းနောက် ဂုဏ်ထူးရရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ဘာသာစုံ ဂုဏ်ထူးရှင် အထက(၁) နေပြည်တော်မှ မောင်ပြည့်ဖြိုးဝင်း က ကျေးဇူးတင်စကား ပြောကြားပါသည်။

ဆက်လက်၍ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေးက ပညာရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။

ယနေ့အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့်ဇနီးဒေါ်ခင်လေးသက်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာချမ်းငြိမ်း၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) စခန်မှူးရုံး၊ စခန်းမှူး ဗိုလ်ချုပ်ဝင်းထိန်၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ် တင်အောင်ချစ်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမျိုးမြင့်၊ နေပြည်တော်ကောင်စီဝင် ဒေါက်တာပိုင်စိုး၊ ဦးကံချွန်၊ ပညာရေးမြှင့်တင်မှု ကော်မတီအတွင်းရေးမှူး ဒေါက်တာမြဦး၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ထွန်း၊ ဂုဏ်ထူးရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ၊ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။(သတင်းစဉ်)

Standard (Image)