ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်

ရန်ကုန်- ဇွန် ၁

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ သံလွင်လမ်းရှိ လွှတ်တော်ရုံးခွဲ(ရန်ကုန်)၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်သည်။

<--break->

အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊  စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဦးစိုးသာ၊ ဦးသိန်းဇော်၊ ဦးသိန်းဆွေ၊ ဦးဌေးမြင့်၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့်စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးဉာဏ်ထွန်းဦး၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးအေးကြူ၊ ‌ဒေါက်တာဝင်းမြင့်၊ ဒေါက်တာ ဇော်မင်းအောင်၊ ဦးဟန်စိန်၊ ဦးချန်မောင်၊ ဦးသောင်းတင်၊  ကော်မတီအတွင်းရေးမှူးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကော်မတီအဖွဲ့ဝင်များ၊ ကော်မရှင် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နည်းပညာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီ ဥပဒေဖြစ်မြောက်စေရေးအတွက် လွန်ခဲ့သော (၂)နှစ်ခန့်က မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အဆိုပါဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် မိမိထံ တင်ပြခဲ့ပါကြောင်း၊ မကြာသေးခင်က မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတွင် ဥပဒေပြဋ္ဌာန်း နိုင်ရေးအတွက် အစည်းအဝေးပြုလုပ်ခဲ့ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် အဆိုပါ ဥပဒေကြမ်းအား လွှတ်တော်သို့တင်ပြနိုင်ရေးအတွက် ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေးသွားမှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေ ဖြစ်မြောက်ရေးသည် အလွန် အရေးကြီးပါကြောင်း၊ သီလဝါစက်မှုဇုန်၊ ထားဝယ်စက်မှုဇုန်တည်ဆောက်ရေးနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မိမိနိုင်ငံအတွင်း စတင်ဆောင်ရွက်လာသည့်အခါ စက်မှုကဏ္ဍနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် အင်ဂျင်နီယာ လုပ်ငန်းများဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ လုပ်ငန်းများဆောင်ရွက်သည့်အခါတွင် ဥပဒေပြဋ္ဌာန်း ထားခြင်းမရှိပါက မိမိနိုင်ငံမှ အင်ဂျင်နီယာများသည် ၎င်းတို့ဘက်မှပါလာသည့် အင်ဂျင်နီယာများနှင့်ယှဉ်လျှင် အဆင့် နိမ့်သောနေရာများ၌သာ တာဝန်ထမ်းဆောင်ကြရမှာဖြစ်ကြောင်း၊ ထို့သို့မဖြစ်စေရန်အတွက် ယင်းဥပဒေ ကိုပြဋ္ဌာန်းရန်လိုအပ်ကြောင်း၊ မိမိနိုင်ငံသား အင်ဂျင်နီယာများအနေဖြင့် Professional Engineer များအဆင့်အထိဖြစ်ရန် လိုအပ်ပါကြောင်း၊ သီလဝါစက်မှုဇုန်၊ ထားဝယ်စက်မှုဇုန် အပါအဝင် အခြားကဏ္ဍအသီးသီး၌ အင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့အင်ဂျင်နီယာများအနေဖြင့် အတွေ့အကြုံရှိပြီး ကမ္ဘာ့အဆင့်မီ အင်ဂျင်နီယာများရှိနေကြသော်လည်း  အခြားအင်ဂျင်နီယာများနှင့် တန်းတူ တာဝန် ထမ်းဆောင်နိုင်ခြင်းမရှိပါက မိမိတို့အနေဖြင့် တာဝန်ကျေမှာမဟုတ်ပါကြောင်း၊ မိမိတို့ လွှတ်တော်၏ အဓိကတာဝန်မှာ ဥပဒေပြုရေး တာဝန်ဖြစ်ကြောင်း၊ ဥပဒေပြုရာတွင်  ပြည်သူ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သော ပြည်သူ့အကျိုးစီးပွားကို မြှင့်တင် နိုင်သော ဥပဒေများပြဋ္ဌာန်းပေးရန် လိုအပ်ကြောင်း၊ ဤသည်မှာ မိမိတို့တာဝန် ဖြစ်ပါကြောင်း၊ ဤသို့ ဥပဒေများ ပြဋ္ဌာန်းရန်အတွက် ပြည်သူများ၏အသံကို နားထောင်ရန်၊ ပြည်သူများ၏ဆန္ဒကို သိရန်လိုကြောင်း၊ ပြည်သူများထဲက ပြည်သူများဖြစ်ကြသည့် အင်ဂျင်နီယာများ၏ ဆန္ဒနှင့်အသံကို လွှတ်တော်၌ ထည့်သွင်းဖော်ပြဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ လွှတ်တော်အနေနှင့် ပြည်သူ့အသံကို အမြဲနားထောင်လျက်ရှိပါကြောင်း၊ ထို့အပြင် အလွန်အရေးကြီးသည့် ကိစ္စရပ်များတွင် ပြည်သူများထံ အရောက်သွား၍ အချိန်ပေးပြီး နားထောင်လျက်ရှိနေပါကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူများ၏ အခွင့်အရေးကို ကာကွယ်ပေးရန်နှင့် အကျိုးစီးပွားပိုမိုရရှိရန်အတွက်  ဥပဒေများပြဋ္ဌာန်း ပေးလျက်ရှိပါကြောင်း၊ မိမိတို့လက်ထက်၌ အဆိုပါတာဝန်များကို ကျေပွန်စွာထမ်းဆောင် ခဲ့လိုပါကြောင်း၊ ထို့အပြင် ပြည်သူများကလည်း ဝိုင်းဝန်းပါဝင် ဆောင်ရွက်ပေးစေ လိုပါကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဝင်လာပါက ရင်းနှီးမြှုပ်နှံမှုနှင့်အတူ နည်းပညာ များပါလာမည် ဖြစ်ကြောင်း၊ နည်းပညာများကို အကောင်အထည် ဖော်ပေးမည့် အင်ဂျင်နီယာများလည်း ပါဝင်လာမည်ဖြစ်ကြောင်း၊ ထိုအခါ မိမိတို့နိုင်ငံမှာ ရှိသည့် အင်ဂျင်နီယာများအနေဖြင့် မိမိတို့၏အဆင့်အတန်းနှင့် အရည်အချင်းများအား ဥပဒေတွင်ပြဋ္ဌာန်းထားခြင်းမရှိပါက ယင်းတို့နှင့်ယှဉ်တွဲလုပ်ကိုင်သည့်အခါ ယင်းတို့၏ အောက်၌သာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့အင်ဂျင်နီယာများအား မြှင့်တင်ပေးရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ဆွေးနွေးပွဲသည် နောက်ဆုံးမဖြစ်သော်လည်း လာမည့် လွှတ်တော်၌ ယင်းဥပဒေကြမ်းကို တင်သွင်းနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး ဦးဉာဏ်ထွန်းဦး က ဥပဒေကြမ်းနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြသည်။ ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဋ္ဌ ဦးဝင်းခိုင် က ဥပဒေကြမ်းနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးတင်ပြသည်။ ၎င်းနောက် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် က ဥပဒေကြမ်းတွင် ပြင်ဆင်ရန်အချက်များ၊ ဖြည့်စွက်ရန်လိုအပ်သည်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြသည်။ ထို့နောက် တက်ရောက်လာသူများက အထွေထွေ ဆွေးနွေးတင်ပြကြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။(သတင်းစဉ်)

Standard (Image)