ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင် (နိုင်ငံခြားရေးရာ အကြီးအကဲ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အားလက်ခံတွေ့ဆုံ

နေပြည်တော် - ဇွန် ၂၃ 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော် ကောင်စီဝင် (နိုင်ငံခြားရေးရာအကြီးအကဲ) မစ္စတာ ရန်ကျဲချိ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ညနေ(၄)နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

<--break->

ယင်းသို့တွေ့ဆုံရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မြဲရေးနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင် ပြောင်းလဲရေး လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများ၊ စီးပွားရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမောင်မောင်သိမ်း၊ ဦးလှမြင့်ဦး၊ ဦးဋ္ဌေးမြင့်၊ ကော်မတီ အတွင်းရေးမှူး ဦးမောင်တိုး နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Yang Houlan လည်း တက်ရောက်သည်။ (သတင်းစဉ်)

Standard (Image)