နေပြည်တော် ဇွန်လ ၁၉
The Asia Foundation , Myanmar မှ Lawyer and Country Representative ဖြစ်သူ Mr. Kim McQuay နှင့် Law and Justice Program မှ Ms.Kirsten Bishop တို့နှစ်ဦးအား ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့် အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်မြင့်ဖေ တို့မှ ၁၉-၆-၂၀၁၃ (ဗုဒ္ဓဟူးနေ့) နံနက် (၁၀:၀၀) နာရီ အချိန်တွင် ကော်မတီရေးရာဆောင် အမှတ် (I-1)၊ ပြည်သူ့လွှတ်တော်ဝင်းအတွင်း၌ လက်ခံတွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာတွင် - ဧည့်သည်များမှ မိမိတို့ The Asia Foundation အနေဖြင့် မြန်မာနိုင်ငံ၏ ဥပဒေမူကြမ်းရေးဆွဲရေး လုပ်ငန်းစဉ်ကို သိရှိနားလည် သဘောပေါက်ရန်အတွက် လည်းကောင်း၊ ဥပဒေပြုရေး နှင့် တရားစီရင်ရေး ကဏ္ဍတွင် The Asia Foundation မှ အထောက်အကူပြုနိုင်ရန်နှင့် ဥပဒေပြုရေးနှင့် ပတ်သက်ပြီး ၎င်းတို့၏ ထင်မြင်ယူဆချက်တို့အား မေးမြန်း ဆွေးနွေးကြပါသည်။
ကော်မတီဥက္ကဋ္ဌ နှစ်ဦးမှလည်း The Asia Foundation မှ လာရောက်တွေ့ဆုံမှုကို ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံ၏ ဥပဒေမူကြမ်းရေးဆွဲရေး၊ ဥပဒေပြုရေးလုပ်ငန်းစဉ်များကို မိမိတို့ လွှတ်တော်အသီးသီးမှ အဆင့်ဆင့် တာဝန်ယူဆောင်ရွက်ရပုံများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ဧည့်သည်များမှ မြန်မာနိုင်ငံ၏ ဥပဒေကြမ်း၊ ဥပဒေပြုရေးလုပ်ငန်းစဉ်မှာ အခြားနိုင်ငံများနှင့် ကွာခြားမှုများ ရှိသော်လည်း ကောင်းမွန်ပါကြောင်း၊ မိမိတို့ The Asia Foudation အနေဖြင့်လည်း မြန်မာနိုင်ငံ၏ ဥပဒေပြုရေးလုပ်ငန်းစဉ်ကို လွှတ်တော်နှင့် ပူးပေါင်းကူညီ ဆောင်ရွက်ရန် ရည်းစူးပါကြောင်း နှင့် လက်ခံတွေ့ဆုံခြင်းအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါသည်။(သတင်းစဉ်)
