နေပြည်တော်၊ ဇွန် ၅
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်တွင် စင်္ကာပူသမ္မတနိုင်ငံ၊ ဂုဏ်ထူးဆောင်ဝါရင့်ဝန်ကြီး မစ္စတာ ဂိုချောက်တောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် လွှတ်တော်ရေးရာကိစ္စရပ်များ၊ မြန်မာ-စင်္ကာပူ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော်ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဦးဌေးဦး၊ ဦးမောင်မောင်သိမ်း၊ ဦးသိန်းဇော်၊ ဦးသိန်းဆွေ၊ ဦးစိုးနိုင်၊ ဦးလှမြင့်ဦး၊ ကော်မတီ အတွင်းရေးမှူးများဖြစ်ကြသည့် ဒေါက်တာစိုးရင်၊ ဦးမောင်တိုးနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော်အဖွဲ့နှင့်အတူ စင်္ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး Mr. Robert Chua လည်း တက်ရောက်သည်။(သတင်းစဉ်)
