နေပြည်တော် - ဇွန် ၄
ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးလွန်းသီနှင့် အဖွဲ့သည် သြစတြေးလျနိုင်ငံ၊ Woodside Energy Ltd. မှအမှုဆောင်အရာရှိချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူး ဖြစ်သူ Mr. Peter Coleman အား ၂၀၁၃ ခုနှစ် ဇွန်လ ၄ ရက် အင်္ဂါနေ့ မွန်းလွဲ ၃း၃၀ နာရီအချိန်တွင် နေပြည်တော်၊ လွှတ်တော်ဝင်းအတွင်းရှိ ရေးရာအဆောင် အမှတ် (I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဧည့်သည်မှ မိမိတို့ကုမ္ပဏီသည် သြစတြေးလျနိုင်ငံ၏ ရေနံစိမ်းအများဆုံး ထုတ်လုပ်သည့် အဖွဲ့ဖြစ်ပါကြောင်း၊ ထို့အပြင် ကမ္ဘာပေါ်တွင် CNG ထုတ်လုပ်မှုအကြီးမားဆုံး ကုမ္ပဏီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ရခိုင်ကမ်းလွန်ဒေသရှိ လုပ်ကွက်များတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ စတင်နေပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ သယံဇာတပေါကြွယ်ဝမှုကို သိရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံများကို ကမ္ဘာပေါ်တွင် လက်ရှိကျင့်သုံးနေသည့် အတိုင်း ထင်သာမြင်သာမှုအပေါ် အခြေခံပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နေပြည်တော်တွင် ကျင်းပမည့် WEF (World Economic Forum) သို့ တက်ရောက်ရန်လာရောက်ခြင်း ဖြစ်ပါကြောင်း ပြောကြားပါသည်။
ကော်မတီဥက္ကဋ္ဌက စွမ်းအင်ဝန်ကြီးဌာနတွင် မိမိဆောင်ရွက်ခဲ့စဉ်က ရေနံရှာဖွေထုတ်လုပ်ခဲ့မှု အခြေအနေများကို အကျဉ်းချုပ် ရှင်းပြပါသည်။ ဆက်လက်ပြီး ကော်မတီ အတွင်းရေးမှူးက သြစတြေးလျကုမ္ပဏီ၏ လာရောက်တွေ့ဆုံမှုကို ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံတွင် သယံဇာတပေါကြွဝသော်လည်း ထုတ်ယူသုံးစွဲမှု များမှာ များစွာမရှိသေးကြောင်း၊ တနည်းအားဖြင့် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်း များစွာရှိပါကြောင်း၊ ကြိုဆိုပါကြောင်းနှင့် ကော်မတီဝင် ဦးဝင်းထိန်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအပေါ် ထားရှိသည့် သဘောထားကို မေးမြန်းပါသည်။
ဧည့်သည်မှ ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ ကောင်းမွန်ပါကြောင်း၊ ရေရှည်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ရန် ရည်စူးပါကြောင်း၊ လက်ခံတွေ့ဆုံခြင်းအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါသည်။ (သတင်းစဉ်)
