နေပြည်တော်၊ ဇွန် ၃
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ယနေ့နံနက် ၁၀ နာရီတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း National Democratic Institute(NDI) ဥက္ကဋ္ဌ Ms. Madeleine Albright ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် လွှတ်တော်ရေးရာကိစ္စရပ်များ၊ မြန်မာ-အမေရိကန် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးဆိုင်ရာကိစ္စရပ် များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ပြည်သူ့ လွှတ်တော်ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဦးဌေးဦး၊ ဦးမောင်မောင်သိမ်း၊ ဦးသိန်းဇော်၊ ဦးသိန်းဆွေ၊ ဦးလှမြင့်ဦး၊ ဦးတီခွန်မြတ်နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော်အဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Derek Mitchell လည်း တက်ရောက်သည်။(သတင်းစဉ်)
