ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇွန် ၂၆

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည် ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ဇမ္ဗူသီရိခန်းမဆောင်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

<--break->

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မရှင် အဖွဲ့ဝင်များနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် လွှတ်တော် ကော်မတီများသည် လွှတ်တော်ကြီးထဲမှ လွှတ်တော်ငယ်များဖြစ်ပါကြောင်း၊ ကော်မတီ များသည် လွှတ်တော်ရေးရာလုပ်ငန်းများကို အထောက်အကူပြုရန်အတွက်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများထဲမှ အဓိက အပြောင်းအလဲတစ်ခုမှာ လွှတ်တော်များပေါ်ပေါက်လာခြင်းဖြစ်ပါကြောင်း၊ လွှတ်တော်များပေါ်ပေါက်လာပြီးနောက် လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် အခြားနိုင်ငံလွှတ်တော်များ၏ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဥရောပသမဂ္ဂအဖွဲ့ဝင်(၇)နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ နယူးဇီလန်နိုင်ငံနှင့် အမေရိကန်နိုင်ငံများသို့ သွားရောက်လေ့လာခဲ့ပါကြောင်း၊ လွှတ်တော် များ၏ အဓိကတာဝန်မှာ ဥပဒေပြုရေးနှင့် အချင်းချင်းအပြန် အလှန်ထိန်းကျောင်းရေး တာဝန်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ လွှတ်တော်အနေဖြင့် အမေရိကန်ကွန်ဂရက်၏ ဖွဲ့စည်းပုံများ၊ ဆောင်ရွက်ချက်များနှင့်ဆင်တူပါကြောင်း၊ တစ်ထပ်တည်းတော့မကျပါကြောင်း၊ အမေရိကန်ကွန်ဂရက်အနေဖြင့် ဥပဒေပြုရေးတာဝန်ကို လုံးဝတာဝန်ယူပါကြောင်း၊ မိမိတို့နိုင်ငံလွှတ်တော်တွင် ဥပဒေကြမ်းများ တင်သွင်းခွင့်ကို သက်ဆိုင်ရာပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ၊ ကော်မတီများ၊ လွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းခွင့် ရှိပါကြောင်း၊ ထို့အပြင် အမေရိကန်ကွန်ဂရက်နှင့် အခြားနိုင်ငံလွှတ်တော်များတွင် ဆောင်ရွက်လျက်ရှိသော ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ပုံ၊ ဘတ်ဂျက် စိစစ်ရေးနှင့် ခွဲဝေသုံးစွဲရေးကဏ္ဍများဆောင်ရွက်ပုံ၊ ကော်မတီအလိုက် သက်ဆိုင်ရာဌာန များအား စောင့်ကြည့်ထိန်းညှိခြင်းတို့နှင့်ပတ်သက်၍ လေ့လာတွေ့ရှိချက်များအား ရှင်းလင်းပြောကြားပြီး လွှတ်တော်ကော်မတီများအနေဖြင့်လည်း လွှတ်တော်ကြီးထဲမှ လွှတ်တော်ငယ်လေးများဖြစ်သည့်အလျောက် မိမိတို့၏လုပ်ငန်းတာဝန်များအား နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုး ရှေးရှု၍ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

၎င်းနောက် ကော်မတီဥက္ကဋ္ဌများမှ ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မှု အ‌ခြေအနေများ ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးတက်ရောက်လာကြသူများက အထွေထွေ ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်း အဝေးကို ရုပ်သိမ်းလိုက်သည်။(သတင်းစဉ်)

Standard (Image)