ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း မြန်မာနိုင်ငံဆရာဝန်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားတက်ရောက်

ရန်ကုန်၊ ဇူလိုင် ၇

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယမန်နေ့ နံနက် (၁၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းရှိ မြန်မာနိုင်ငံဆရာဝန်များ အသင်း၌ ပြုလုပ်သည့် မြန်မာနိုင်ငံ ဆရာဝန်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။

<--break->

အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သိမ်း၊ ပို့ဆောင်ရေး၊ ဆက်သွယ်‌ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးသိန်းဆွေ၊ ကျန်းမာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာကျော်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း၊ ပြည်သူ့လွှတ်တော် ကော်မတီ အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းဗဟိုဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ဗဟို ဦးစီးအဖွဲ့ဝင်များ၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ဘာသာရပ်ဆိုင်ရာအဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က အဖွင့်အမှာစကားပြောကြား သည်။

ထို့နောက် ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ ကျော်မြင့် က ကော်မတီ၏လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆရာဝန်အသင်းဗဟိုဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ကျော်မြင့်နိုင် မှ မြန်မာနိုင်ငံဆရာဝန်အသင်း၏ရည်ရွယ်ချက်နှင့် ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြန်မာနိုင်ငံဆရာဝန်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဘာသာရပ်ဆိုင်ရာအဖွဲ့ဥက္ကဋ္ဌများနှင့် အခမ်းအနားတက်ရောက်လာကြသူများက အထွေထွေ ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က တင်ပြချက်များနှင့်ပတ်သက်၍ ကဏ္ဍအလိုက် ပြန်လည် ရှင်းလင်းဆွေးနွေး ပေါင်းစပ်ညှိနှိုင်းပေးပြီး တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်း လိုက်သည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အခမ်းအနား တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။(သတင်းစဉ်)

Standard (Image)