
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်သည့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားသို့တက်ရောက်
နေပြည်တော်၊ ဇူလိုင် ၆
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဇနီး ဒေါ်ခင်လေးသက်တို့သည် ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဆွေ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဉာဏ်ဝင်း၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းတင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်(၁၀)နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ဖြူးမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ပြုလုပ်သည့် ဖြူးမြို့နယ်အတွင်းမှ ၂၀၁၂-၂၀၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ထူးချွန် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်သည်။ အခမ်းအနားတွင် ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က အဖွင့် အမှာစကားပြောကြားသည်။
ထို့နောက် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ဖြူးမြို့နယ်မှ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ များအား ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဆွေ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဉာဏ်ဝင်း၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းတင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများအား အသီးသီး ချီးမြှင့်ပေးအပ်ကြသည်။
ယင်းနောက် ဖြူးမြို့နယ်အတွင်းရှိ အထက်တန်းကျောင်းအုပ်ကြီးများကိုယ်စား ဖြူးမြို့နယ်၊အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်ဆင့် နှင့် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများကိုယ်စား (၅) ဘာသာဂုဏ်ထူးရှင် မောင်ရေဂန် တို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဉာဏ်ဝင်း က ဂုဏ်ပြုပွဲ အခမ်းအနားနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။(သတင်းစဉ်)
