လွှတ်တော်၏ စောင့်ကြည့်လေ့လာခြင်း လုပ်ငန်းသည် ဒီမိုကရေစီ၏ အဓိကဒေါက်တိုင်ကြီး တခုဖြစ်ပါသည်။ စောင့်ကြည့်လေ့ လာခြင်းသည် အုပ်ချုပ်ရေး ကဏ္ဍက ၎င်းတို့၏ လုပ်ငန်းများကို တာဝန်ခံရန်နှင့် လွှတ်တော်မှ ပြဌာန်းလိုက်သော ဥပဒေများ၊ ဘတ်ဂျက်များနှင့်အညီ မူဝါဒများကို ထိရောက်စွာ အကောင်အထည် ဖေါ်ရန် အသုံပြုသည့် နည်းလမ်းတခုဖြစ်သည်။ အုပ်ချုပ်ရေးကဏ္ဍကို လွှတ်တော်က တက်ကြွစွာစောင့်ကြည့် လေ့လာခြင်းသည် ကောင်းမွန်သော အုပ်ချုပ်မှု၏အညွန်းဘောင်တခုဖြစ်ပါသည်။ လွှတ်တော်သည် ဥပဒေပြု လုပ်ငန်းများအပြင် စောင့်ကြည့်လေ့လာခြင်းကိုဆောင်ရွက်ခြင်းဖြင့် အာဏာချိန်ခွင်ညှာကို ထိန်းညှိုရာရောက်ပြီး မိမိတို့ပြည်သူလူထု၏ အကျိုးစီးပွားကိုကာကွယ်သူများ၏ အခန်းကဏ္ဍအား ပိုမို ခိုင်မာစေပါသည်။
ဒီမိုကရေစီရင့်ကျက်သောနိုင်ငံနှင့် ဒီမိုကရေစီကျင့်သုံးကာစနိုင်ငံ နှစ်မျိုးလုံးတွင် လွှတ်တော်သည် အစိုးရကို စောင့်ကြည့်လေ့လာနိုင်ရန် နည်းလမ်း၊ လုပ်နည်းကိုင်နည်းများစွာဖြင့် လုပ်ပိုင်ခွင့်ပေးထားခြင်းခံရပါသည်။ များသောအားဖြင့် ထိုနည်းလမ်းများနှင့်လုပ်နည်းကိုင်နည်းများကို အခြေခံဥပဒေတွင်လည်းကောင်း၊ လွှတ်တော် နည်းဥပဒေ ကဲ့သို့ ဥပဒေများတွင် လည်းကောင်း ဖေါ်ပြ ထားတတ်ကြပါသည်။ လွှတ်တော်က ၎င်း၏စောင့်ကြည့် လေ့လာရေးနည်းလမ်းများ မည်သို့အသုံးချရမည်ကို ဥပဒေအညွှန်းဘောင်များ တည်ရှိမှု အပေါ်တွင် မူတည်ပါသည်။ ထိုအညွှန်းဘောင်သည် လွှတ်တော်၏ အနေအထားကို စောင့်ကြည့်လေ့လာသည့် အဖွဲ့အစည်းတခုအဖြစ် အခိုင်အမာဖြစ်စေပြီး နိုင်ငံရေးစံနစ်အတွင်း ၎င်း၏လုပ်ပိုင်ခွင့်နှင့် လွတ်လပ်မှုကိုလည်း အာမခံပေးထားပါသည်။ ထို့ကြောင့် နိုင်ငံရေးစံနစ်၏ပုံသဏ္ဍန်ကို ပြုပြင် ပြောင်းလဲနေစဉ်အချိန်အတွင်း လွှတ်တော်၏ အခြေခံဥပဒေအရ ရရှိထားသည့် စောင့်ကြည့်လေ့လာနိုင်သည့် စွမ်းရည်ကိုမြှင့်တင်ရန်မှာ အစဉ်အမြဲလက်တွေ့ကျကျ မစွမ်းဆောင် နိုင်သော်လည်း တချို့အခြေအနေတွင် လွှတ်တော်သည် မိမိတို့၏ကိုယ်ပိုင်နည်းဥပဒေများကို ပြန်လည် ပြုပြင်ခြင်းဖြင့် မိမိတို့၏ စောင့်ကြည့်လေ့လာသည့် စွမ်းရည်ကို မြှင့်တင်နိုင် သည်။ ဥပမာအားဖြင့် ကော်မတီစံနစ်ကို ကျင့်သုံးမည်ဆိုလျင် အစိုးရအဖွဲ့၏ဝန်ကြီးဌာနတခုစီကို စောင့်ကြည့်ရန်အတွက် ကော်မတီတခုစီ ဖွဲ့စည်း တာဝန်ပေးခြင်းမျိုး ဖြစ်သည်။ လွှတ်တော်က ဘတ်ဂျက်အရ ဖြစ်နိုင်မည်ဆိုပါက ဤကဲ့သို့သော ပြုပြင် ပြောင်းလဲမှုများကို လွှတ်တော်၏ လုပ်ပိုင်ခွင့်ဖြင့် အကောင်အထည် ဖေါ်နိုင်လေ့ရှိသည်။
လွှတ်တော်၏လေ့လာကြီးကြပ်ခြင်းလုပ်ငန်းဆိုင်ရာရည်ရွယ်ချက်များ
လွှတ်တော်ကိုယ်စားလှယ်များသည် လေ့လာကြီးကြပ်ခြင်းလုပ်ငန်းများကို လုပ်ဆောင်ရာတွင် -
၁။ အုပ်ချုပ်ရေးကဏ္ဍ၏လုပ်ငန်းများပွင့်လင်းမြင်သာမှုနှင့် ထင်သာမြင်သာမှုရှိစေခြင်း။ လွှတ်တော်သည် အစိုးရ၏မူဝါဒနှင့်လုပ်ငန်းများကို ဆွေးနွေးငြင်းခုန်ခြင်း၊ အသေးစိတ်မေးမြန်းခြင်းနှင့် လူထုသဘောထားများ နှင့်အညီဖြစ်စေခြင်းတို့ ပြုလုပ်နိုင်သည့် လူထုစင်မြင့် (ဟစ်တိုင်) တခုဖန်တီးပေးခြင်းဖြင့် အစိုးရ၏ လုပ်ဆောင်ချက်များကို ပေါ်လွင်စေသည်။
၂။ အုပ်ချုပ်ရေးကဏ္ဍ၏ကိုတာဝန်ခံစေခြင်း။ လွှတ်တော်သည် အစိုးရကမူဝါဒများအတိုင်း အကောင် အထည် ဖေါ်ဆောင်နေခြင်း ရှိမရှိနှင့် ရည်မှန်းထားသော ရလဒ်များ ထွက်ပေါ်ရရှိခြင်းရှိမရှိ လေ့လာကြီးကြပ် စီစစ်ခြင်း ဖြစ်သည်။
၃။ ဘဏ္ဍာရေးအရတာဝန်ခံစေခြင်း။ လွှတ်တော်များသည် ပြည်သူ့ဘဏ္ဍာဖြင့် ဆောင်ရွက်သော ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အလဟဿဖြစ်မှုများကို မီးမောင်းထိုးပြခြင်းဖြင့် အစိုးရ အသုံးစရိတ်များကို အတည်ပြုပေးခြင်းနှင့် အသေးစိတ် စိစစ်ခြင်းဖြစ်သည်။ စီးပွားရေးကို မြှင့်တင်ရန်နှင့် အစိုးရက အသုံးစရိတ်များကို ထိရောက်စွာအသုံးပြုနိုင်ရန် ရည်ရွယ်သည်။
၄။ တရားဥပဒေစိုးမိုးစေခြင်း။ လွှတ်တော်သည် မူဝါဒများကို စောင့်ကြည့်လေ့လာခြင်း၊ ဖြစ်လာနိုင်သော အာဏာအလွဲသုံးစားပြုခြင်းများ၊ နည်းလမ်းမကျသော အမူအကျင့်များနှင့် တရားမဝင်သော သို့မဟုတ် အခြေခံ ဥပဒေနှင့် မကိုက်ညီသော အစိုးရ၏ဆောင်ရွက်ချက်များကို လေ့လာခြင်းဖြင့် နိုင်ငံသားတို့၏ အခွင့်အရေးများကို ကာကွယ်နိုင်သည်။
လွှတ်တော်၏ စောင့်ကြည့်လေ့လာခြင်းလုပ်ငန်း၏ နည်းလမ်းနှင့် လုပ်နည်းကိုင်နည်းများ
လွှတ်တော်များတွင် စောင့်ကြည့်လေ့လာခြင်းလုပ်ငန်းများ ပြုလုပ်ရန် နည်းလမ်းနှင့် လုပ်နည်းကိုင်နည်း များစွာရှိပါသည်။ အများဆုံးအသုံးပြုကြသည်မှာ ဝန်ကြီးများကို မေးခွန်းထုတ်ခြင်း၊ (နှုတ်ဖြင့်မေးခြင်း၊ စာဖြင့် မေးခြင်း)၊ အစိုးရကို စာဖြင့်မေးခွန်းမေးခြင်း (Interpellation) နှင့် အယုံအကြည်မရှိအဆို တင်သွင်းခြင်း တို့ ဖြစ်သည်။ အခြားလုပ်နည်းကိုင်နည်းများမှာ ဘတ်ဂျက်စိစစ်ရေးနှင့်ပတ်သက်သော လုပ်ထုံး လုပ်နည်းများ၊ စွပ်စွဲပြစ်တင်ခြင်း (Impeachement) နှင့် လုပ်ငန်းဆိုင်ရာကော်မတီများဖွဲ့စည်းခြင်း၊ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းခြင်း သို့မဟုတ် ဘက်မလိုက်သော အထူးကိုယ်စားလှယ် ရုံးများထားရှိခြင်း (Ombudsman’s Office) တို့ဖြစ်သည်။ ထိုနည်းလမ်းနှင့် လုပ်နည်း ကိုင်နည်းများကို အောက်တွင်ဖေါ်ပြ ထားသည်။
၁။ ကြားနာစစ်ဆေးခြင်း (Hearings) တိကျသောမူဝါဒများ သို့မဟုတ် ပြဿနာများနှင့် သက်ဆိုင်သော သတင်းအချက်အလက်များ ရယူနိုင်ရန်အတွက် လွှတ်တော်ပင်မအစည်းအဝေးတွင်ဖြစ်စေ၊ ကော်မတီ အစည်းအဝေးတွင်ဖြစ်စေ ကြားနာစစ်ဆေးခြင်းသည် အခြေခံလုပ်နည်း ကိုင်နည်းတခုပင်ဖြစ်သည်။ လွှတ်တော် အားလုံးနီးပါး ကြားနာစစ်ဆေးခြင်းနည်းကို အသုံးပြုကြသည်။ သို့သော်လည်း လွှတ်တော်များတွင် လူပုဂ္ဂိုလ် တဦးချင်းကို သက်သေခံထွက်ဆို ခိုင်းစေနိုင်သည့်စွမ်းရည်မှာ တခုနှင့်တခု ကွဲပြားခြားနားကြသည်။
၂။ အယုံအကြည်မရှိအဆိုတင်သွင်းခြင်း (The vote of no confidence) သို့မဟုတ် အပြစ်တင် သတိပေး ခြင်းသည် လွှတ်တော်ကိုယ်စားလှယ် များက တင်သွင်းသော အဆိုဖြစ်ပြီး လွှတ်တော်၏အစိုးရအပေါ် သို့မဟုတ် ဝန်ကြီးတစ်ဦးအပေါ်ထားရှိသော ယုံကြည်မှုကို ရုတ်သိမ်းမည် သို့မဟုတ် ဆက်လက်ထားရှိမည်ကို ဆုံးဖြတ်သော အဆိုဖြစ်သည်။ လွှတ်တော်က အစိုးရအပေါ်ယုံကြည်မှုအား ရုပ်သိမ်းလိုက်သောအခါတွင် အစိုးရအဖွဲ့သည် နှုတ်ထွက်ခြင်း သို့မဟုတ် လွှတ်တော်ဖျက်သိမ်းခြင်းကို ပြုလုပ်ကြသည်။ အချို့နိုင်ငံများတွင် ယုံကြည်မှုကို ရုပ်သိမ်းလိုက်သောအခါ နိုင်ငံတော်အကြီးအကဲသည် အစိုးရအဖွဲ့ကို နှုတ်ထွက်စေခြင်း သို့မဟုတ် လွှတ်တော်ကို ဖျက်သိမ်းခြင်းကို ပြုလုပ်ကြသည်။ ဥပဒေအရ လွှတ်တော်က ဝန်ကြီးတဦးစီအား ယုံကြည်မှု ရုပ်သိမ်းရန် ခွင့်ပြုထားပါက ထိုဝန်ကြီးသည် နှုတ်ထွက်ရလေ့ ရှိသည်။ အယုံအကြည်မရှိအဆို တင်သွင်းသော လုပ်ထုံးလုပ်နည်း များစွာရှိသည်။
၃။ အစိုးရသို့ စာဖြင့်မေးခွန်းမေးခြင်း (Interpellation) သည် တရားဝင်လုပ်ထုံးလုပ်နည်းတခုဖြစ်ပြီး အစိုးရအဖွဲ့ဝင်တဦး သို့မဟုတ် အချို့နိုင်ငံများတွင်အစိုးရတဖွဲ့လုံး၏ အချို့မူဝါဒများနှင့်ပါတ်သက်၍ ရှင်းလင်း ချက်ကို တောင်းဆိုရာတွင် အသုံးပြုလေ့ရှိသည်။ ထိုသို့မေးခြင်းဖြင့် မူဝါဒတခုနှင့်ပါတ်သက်၍ ပိုမိုကျယ်ပြန့်သော ဆွေးနွေးပွဲတခုသို့ ဦးတည်သွားစေနိုင်သည်။ သို့မဟုတ် ဆွေးနွေးနေသော ပြဿနာ အကြောင်းအရာတရပ်အပေါ် အတည်ပြုခြင်း၊ အတည်မပြုခြင်းနှင့်ပတ်သက်၍ မဲခွဲဆုံးဖြတ်သည့်အခြေအနေ သို့လည်း ရောက်သွားနိုင်သည်။ ထိုမှတဆင့် အယုံအကြည်မရှိအဆိုတင်သွင်းခြင်းလည်း ဖြစ်သွားနိုင်သည်။
၄။ လွှတ်တော်မေးခွန်းများ (Parliamentary questions) သည် အများဆုံးအသုံးပြုသော လေ့လာ ကြီးကြပ်ရေး ကိရိယာ တခုဖြစ်သည်။ မေးခွန်းများသည် အစိုးရ၏မူဝါဒများကို ရှင်းလင်းစွာသိရှိရန်နှင့် ဆွေးနွေး ရန်ဖြစ်ပြီး၊ အဖြေကို မကျေနပ်လျင် နည်းဥပဒေက ခွင့်ပြုပါက စာဖြင့်မေးမြန်းခြင်း (Interpellation) သို့လည်း ဦးတည် သွားနိုင်သည်။ အစိုးရကို စံနစ်တကျ လေ့လာကြီးကြပ်လိုပါက အစိုးရနှင့် ဝန်ကြီးဌာနများ၏ မူဝါဒများကို လွှတ်တော်ကိုယ်စားလှယ်များက ကောင်းစွာသိရှိနားလည်ထားရန်လိုအပ်သည်။ လွှတ်တော်သို့ အစိုးရက ပြန်လည်ဖြေကြားမှုများမှ တန်ဖိုးရှိသော သတင်းအချက်အလက်များ ပုံနှိပ်ထုတ်ဝေနိုင်ခြင်း ဖြစ်လာ နိုင်သည်။ မေးခွန်းများကို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ မေးနိုင်ပြီး၊ နှုတ်ဖြင့်အမေးအဖြေပြုလုပ်ခြင်း သည်လည်း ဇတ်ဆန်ဆန် စိတ်ဝင်စားဖွယ်ရာဖြစ်သွားနိုင်ပြီး တုံ့ပြန်ပြောဆိုမှုများနှင့် နောက်ဆက်တွဲ ဆောင်ရွက်မှုများကို နှစ်ဘက်စလုံးမှ ဆောင်ရွက်နိုင်သည့် အခွင့်အရေးပေးသည်။ ထို့ကြောင့် ဤသို့လွှတ်တော် ဆွေးနွေးခန်းမျာကို ဖွဲ့စည်းစီစဉ်မှုသည် လွှတ်တော်၏ လေ့လာကြီးကြပ်ရေးကို ထိထိရောက်ရောက် ဖြစ်စေရေးအတွက် အရေး ကြီးသည်။
၅။ စုံစမ်းစစ်ဆေးရေးကော်မတီများ (Committees of inquiry) သည် ကိစ္စရပ်တခုအပေါ်အခြေခံသော လွှတ်တော်ကော်မတီများ သို့မဟုတ် ကော်မရှင်များဖြစ်ပြီး ပြည်သူလူထု၏ အရေးကြီးသော ပြဿနာရပ်တခု ပေါ်တွင် အသေးစိတ်၊ နက်နဲစွာစုံစမ်းစစ်ဆေးရန် ဖွဲ့စည်းခြင်းဖြစ်သည်။ ထိုကော်မတီများသည် သာမာန် ကော်မတီများထက်ပို၍ သတင်းအချက်အလက်များကိုရယူနိုင်သည့် အခွင့်အရေးပိုရသည်။ ၎င်းတို့၏ လုပ်ပိုင်ခွင့် များတွင် သက်သေများကို ကျမ်းကျိန်ထွက်ဆိုရန် ဆင့်ခေါ်ခြင်း၊ သက်သေတယောက်ကို အခြားသက်သေ တယောက်ဖြင့် ထပ်မံအတည်ပြုခြင်း၊ အထောက်အထားစာရွက်စာတမ်းများ တောင်းခံခြင်း သို့မဟုတ် သိမ်းယူခြင်း၊ ရှာဖွေရန်အမိန့်ထုတ်ခြင်း၊ ကွင်းဆင်းလေ့လာခြင်း စသည့်ကိစ္စများပါဝင်သည်။ တချို့နိုင်ငံများတွင် ထိုကော်မရှင် များသည် တရားစီရင်ရေးကဲ့သို့ မေးမြန်းစုံစမ်းသော အခွင့်အာဏာမျိုးပင် ရရှိပါသည်။ စုံစမ်းရေး ကော်မရှင်များသည် ကမ္ဘာတလွှားရှိ လွှတ်တော်များက အသုံးပြုလေ့ရှိသော စောင့်ကြည့် လေ့လာရေး လုပ်နည်းကိုင်နည်း တခုဖြစ်ပြီး လာဘ်စားသောကိစ္စ၊ အာဏာအလွဲသုံးစားကိစ္စ စသည့်အရေးကြီးသောကိစ္စများကို စုံစမ်းစစ်ဆေးရန် အသုံးပြု လေ့ရှိသည်။
၆။ ဘတ်ဂျက်စောင့်ကြည့်လေ့လာခြင်း (Budget Oversight) သည် ဘဏ္ဍာရေးဆိုင်ရာတာဝန်ခံမှု ရှိစေရန် လွှတ်တော်များက အသုံးပြုသောနည်းလမ်းဖြစ်သည်။ နိုင်ငံတော်ဘဏ္ဍာ ရသုံးခန့်မှန်းခြေစာရင်း (ဘတ်ဂျက်) ကို ပြဌာန်းပြီးသည့်အခါ လွှတ်တော်သည် အရေးကြီးသောတာဝန်ဖြစ်သည့် ထိုဘတ်ဂျက်ကို မည်သို့သုံးစွဲ ကြောင်း လေ့လာကြီးကြပ်ခြင်းကို ဆောင်ရွက်ရသည်။ ထိုတာဝန်ကို အဓိကကော်မတီ တရပ်ဖြစ်သည့် (ဥပမာအားဖြင့်-ပြည်သူ့စာရင်းအင်းကော်မတီ၊ ဘတ်ဂျက်နှင့်ဘဏ္ဍာရေးကော်မတီ) တို့က ဆောင်ရွက်လေ့ ရှိသည်။ သို့သော်လည်း အခြားသော ဘဏ္ဍာရေးအလုပ်သဘောအရ ဆိုင်ရာကော်မတီများကလည်း ဆောင်ရွက်နိုင်သည်။ ထိုသို့ အသေးစိတ်လေ့လာခြင်းကို နိုင်ငံတော် စာရင်းစစ်အဖွဲ့များ သို့မဟုတ် လာဘ်ပေးလာဒ်ယူ တိုက်ဖျက်ရေး ကော်မရှင် များနှင့် အတူပူးတွဲဆောင်ရွက်လေ့ရှိသည်။
၇။ ဗဟိုစာရင်းစစ်အဖွဲ့များ သည် စာရင်းစစ်ချုပ် (Auditor General) (ဓနသဟာယနိုင်ငံများတွင်) သို့မဟုတ် စာရင်းများဆိုင်ရာရုံး (Cours des Comptes) (ပြင်သစ်ဘာသာစကားသုံးသောနိုင်ငံများတွင်) သည် “စောင့်ကြည့်လေ့လာသူ” (Watchdog) တာဝန်ယူကြပြီး ဘတ်ဂျက်အတည်ပြုပြီးနောက်ပိုင်း ကာလ လေ့လာ ကြီးကြပ်ခြင်း ကိုကူညီဆောင်ရွက်ပေးကြသည်။ သူတို့သည် ၎င်းတို့၏တွေ့ရှိချက်များကို လူအများ သိရှိရန် ထုတ်ပြန်ခြင်း သို့မဟုတ် လွှတ်တော်သို့တိုက်ရိုက် တင်ပြခြင်းတို့ပြုလုပ်ကြသည်။ အဆင့်အမြင့်ဆုံး စာရင်းစစ် အဖွဲ့များသည် ပြည်သူ့ငွေများကို အစိုးရကမည်သို့ သုံးသည်ကို စောင့်ကြည့် လေ့လာပြီး လေ့လာ တွေ့ရှိချက်များကို လွှတ်တော်သို့တင်ပြကြသည်။ ဓနသဟာယ နိုင်ငံများတွင် စာရင်းစစ်ချုပ်သည် ပြည်သူ့ငွေစာရင်းကော်မတီ (Public Accounts Committee (PAC) ကို အစီရင်ခံ ကြသည်။ ထိုကော်မတီက စာရင်းစစ်ချုပ်၏တွေ့ရှိချက်များကို အသေးစိတ်လေ့လာပြီး လိုအပ်သလို အကြံပြုချက်များထုတ်ပြန်သည်။
၈။ ဘက်မလိုက် အထူးကိုယ်စားလှယ် (Ombudsman) သည် အချို့နိုင်ငံများတွင် လွှတ်တော် က ခန့်ထားပြီး၊ တိုင်ကြားချက် များ သို့မဟုတ် လွှတ်တော်၏ တောင်းဆိုချက်များအပေါ်မူတည်၍ အာဏာပိုင်များကို စုံစမ်းစစ်ဆေး လေ့ရှိသည်။ အထူးကိုယ်စားလှယ်များသည် အုပ်ချုပ်ရေးအဖွဲ့များ၏ ဆောင်ရွက်ချက်များ သို့မဟုတ် ထိခိုက်နစ်နာစေသည့် လုပ်ရပ်များသည် ကောင်းမွန်သော အုပ်ချုပ်ရေး မူဝါဒများနှင့် ကိုက်ညီခြင်း ရှိမရှိ အသေးစိတ် လေ့လာ စစ်ဆေး ရသည်။ ဤသို့ဖြင့် ၎င်းတို့သည် အစိုးရ၏ ထင်သာမြင်သာ ရှိမှုနှင့် ပွင့်လင်းမှုတို့ကို စစ်ဆေးရာ၌အရေးကြီးသည့် အခန်းကဏ္ဍတွင် ရှိနေသည်။ အထူးကိုယ်စားလှယ်များသည် ၎င်းတို့တာဝန်ပေး ခံရသည့် ပြဿနာများနှင့်ပတ်သက်သည့် လက်တွေ့ကျသော ဖြေရှင်းနည်းများကို ရှာဖွေရသည်။ အစိုးရနှင့် ပြည်သူတို့ အကြား ပြေလည်စေရေးဆောင်ရွက်ပေးရေးကိုလည်း တာဝန်ယူသည်။
၉။ အထူးအမြဲတမ်းကော်မတီများ (Special standing committees) သည် အမျိုးသားလုံခြုံရေး၊ ကာကွယ်ရေးနှင့် စစ်တပ်ပစ္စည်းဝယ်ယူရေးမူဝါဒ စသည့်အလွန်သိမ်မွေ့သောကိစ္စရပ်များ နှင့်ပတ်သက်၍ အစိုးရကို စံနစ်တကျ စောင့်ကြည့်လေ့လာရန် လွှတ်တော်အတွင်းဖွဲ့စည်းထားခြင်းဖြစ်သည်။
၁၀။ အုပ်ချုပ်ရေးတွင်ခန့်ထားမှုများကိုပြန်လည်သုံးသပ်ခြင်းနှင့်အတည်ပြုခြင်း သည် အစိုးရအဆင့်မြင့် ရာထူးများ၊ တရားရေးဌာန၊ နိုင်ငံတော်မှဦးဆောင်ပြုလုပ်သော ကုမ္ပဏီများ စသည်တို့တွင် အုပ်ချုပ်ရေး ဌာနများမှ ခန့်ထားသူ များကို လေ့လာစစ်ဆေးရန် လွှတ်တော်တွင်ရှိသော လုပ်ပိုင်ခွင့်ဖြစ်သည်။
လွှတ်တော်၏ လေ့လာကြီးကြပ်ခြင်းလုပ်ငန်းကို အားကောင်းအောင်ပြုလုပ်ခြင်း
လွှတ်တော်၏ လေ့လာကြီးကြပ်ခြင်းဆိုင်ရာ လုပ်ပိုင်ခွင့်များကို ထိရောက်စွာအသုံးပြုနိုင်ရန် လွှတ်တော် ကိုယ်စားလှယ်များကို လွှတ်တော်၏ဖွဲ့စည်းပုံဆိုင်ရာနှင့် ဥပဒေဆိုင်ရာအညွှန်းဘောင်များက အားပေးရန် အရေးကြီးသည်။ လေ့လာကြီးကြပ်ခြင်းဆိုင်ရာနည်းလမ်းများပေးအပ်ခြင်းအပြင် ဤဥပဒေ အညွှန်း ဘောင်များသည် လွှတ်တော်ဆိုင်ရာအဖွဲ့အစည်းများ၏ လွတ်လပ်စွာဆောင်ရွက်နိုင်မှုနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ကင်းလွတ် ခွင့် (immunity) ကိုလည်း ပေးအပ်ထားရမည်။ ဤသို့အကာအကွယ် ပေးထားမှသာ လွှတ်တော်ကိုယ်စားလှယ် များသည် အုပ်ချုပ်ရေးအဖွဲ့အစည်းများ တုံ့ပြန်အရေးယူခြင်းမျိုးကို ကြောက်ရွံ့စရာမလိုပဲ ရဲဝံ့စွာ စိန်ခေါ်နိုင်ကြမည် ဖြစ်သည်။ လွှတ်တော်၏ ဥပဒေဆိုင်ရာ အညွှန်းဘောင်တွင် သတင်းအချက်အလက်များ ရယူနိုင်ခွင့်ကဲ့သို့သော အခွင့်အရေးများ ပါရှိသင့်သည်။ သို့မှသာ ၎င်းတို့အနေဖြင့် အထောက်အထားစာရွက်စာတမ်းများ တောင်းယူ နိုင်ခွင့်ရှိပြီး အစိုးရအတွင်း ထိုးထွင်းစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။
ဤလုပ်ငန်းဆောင်ရွက်နေသောနယ်ပယ်၌ပင် လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံသားများအကြား ဆက်နွယ်မှုသဘာဝသည် ထိရောက်သော စောင့်ကြည့်လေ့လာမှုများပြုလုပ်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ် များ၏ စိတ်အားထက်သန်မှုအပေါ် များစွာသက်ရောက်မှုရှိပါသည်။ ဥပမာအားဖြင့် နိုင်ငံရေးပါတီခေါင်းဆောင် များက မည်သူသည် ပါတီ၏လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်း ထိပ်ဆုံးတွင်ပါသင့်ကြောင်း အဆုံးအဖြတ် ပေးသော ရွေးကောက်ပွဲစံနစ်ပုံစံများသည် နောက်တန်းနေ ကိုယ်စားလှယ်များ မလှုပ်မရှားနေရန် အားပေးရာ ရောက်နိုင်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်တယောက် ပြန်လည်အရွေးခံရခြင်း၊ အရွေးမခံရခြင်းသည် ပါတီ ခေါင်းဆောင်များ၏ အဆုံးအဖြတ်ပေါ်တွင်သာမူတည်နေသည်ဆိုလျင် ၎င်းတို့ခေါင်းဆောင်များ၏ အခွင့်အာဏာ များကို စိန်ခေါ်ရန် ဖြစ်နိုင်ချေနည်းပါမည်။ ပါတီ၏အောက်ခြေအဖွဲ့ဝင်များက ၎င်းတို့ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်လောင်းများကို မဲပေး၍ရွေးချယ်သည့်စံနစ်သည် အရွေးချယ်ခံရသော လွှတ်တော် ကိုယ်စားလှယ် လောင်းများအနေနှင့် ၎င်းတို့၏ပါတီနှင့် အစိုးရခေါင်းဆောင်များကို မေးခွန်းထုတ်နိုင်မည့် လွတ်လပ်ခွင့် ပိုမို ပေးနိုင်သည်။
