နေပြည်တော်၊ သြဂုတ်လ ၆
“တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ ပဏာမ တွေ့ဆုံရှင်းလင်းခြင်းနှင့် Federal အကြောင်းစာတမ်းဖတ်ကြား တင်ပြခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမြသိန်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့က အမှာစကားပြောကြားကြပြီး၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်က “ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ ပြင်ဆင်ထားရှိမှုကို ရှင်းလင်းတင်ပြသည်။
စာတမ်းဖတ်ကြား
ထို့နောက် ပြည်သူ့လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးဝင်းမြင့်နှင့် ဦးဝင်းသိမ်း၊ အမျိုးသားလွှတ်တော် ဘဏ္ဍာရေးနှင့် ဥပဒေရေးရာကော်မရှင် အဖွဲ့ဝင် ဦးကျော်ဝင်းတို့က Federal အကြောင်းစာတမ်းဖတ်ကြား တင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် ပြန်လည်သုံးသပ် ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)
