နေပြည်တော်၊ သြဂုတ် ၁၅
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ဇမ္ဗူသီရိ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်သည့် ကော်မတီ၊ ကော်မရှင်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဖွင့်အမှာစကားပြောကြားပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ယခင်အပတ် အစည်းအဝေး ဆုံးဖြတ်ချက်များအား ရှင်းလင်းတင်ပြကာ ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများက ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ ကော်မရှင် အဖွဲ့ဝင် များက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာသူများက အထွေထွေ ဆွေးနွေးတင်ပြကြပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ (သတင်းစဉ်)
