နိဒါန်း
လောက၌ အစိုးရမှု အပြည့်အဝရှိနိုင်ရန် လူသားတို့သည် ဆဲရေးခြင်း၊ ညှဉ်းဆဲခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တုန့်မူခြင်း၊ ငြင်းခုန်ခိုက်ရန်ဖြစ်ခြင်း၊ ဣန္ဒြေတရားတို့ကို မစောင့်စည်းခြင်း၊ မှားယွင်းသောကြံစည်မှု အာရုံရှိခြင်း၊ အများအကျိုးစီးပွားနှင့် စပ်သောအလုပ်ကို တိကျမှန်ကန်မှုမလုပ်ခြင်း၊ ထကြွလုံ့လမှုမရှိ၍ သတိတရားအားနည်းပြီး စူးစမ်းဆင်ခြင်မှု မစင်ကြယ်ခြင်း စသည်တို့ကြောင့် “ဒီမိုကရေစီ” (လူမှုဘဝနိုင်ငံရေး) တို့ကို ရွှင်လန်းဝမ်းမြောက် ထူးခြားမှုအားနည်းရခြင်းဖြစ်သည်။

ဖွင့်ဆိုချက်
“ဒီမိုကရေစီ” ဆိုသော ဘာသာစကားသည်ရှေးခေတ် ဂရိဘာသာ
(က) ဒီမိုစ် (DEMO)
(ခ) ကရေတိုစ် (KRATOS) ဆိုသော စကားမှ ဆင်သက်လာခြင်းဖြစ်ပြီး-
(က) ဒီမို့စ် (DEMO)မှာ “ ပြည်သူ” ဟု အဓိပ္ပါယ်ရ၍
(ခ) ကရေတိုစ် (KRATOS) မှာ “အာဏာ” (သို့မဟုတ်) “ပိုင်စိုးမှု” ဟု အဓပ္ပါယ်ရသည်။
ပြည်သူအုပ်စိုးမှု-ဟူသော အဓိပ္ပါယ်ပင်ဖြစ်သည်။ တစ်နည်း “ လူမှုဘဝပြဋ္ဌာန်းမှု” ဟူ၍လည်း အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသည်။
ဒီမိုကရေစီနိုင်ငံရေး
“ဒီမိုကရေစီ” ဆိုသည်မှာ စင်စစ် လူတန်းစားများကွဲပြားနေသော လူ့အဖွဲ့အစည်းအတွင်း၌ လူတန်းစားဒီမိုကရေစီသာဖြစ်သည်။ လူတန်းစားများက ယင်းတို့၏ စီးပွားရေးအကျိုးစီးပွားများကို တိုးတက်အောင် ပြုလုပ်ရန်နှင့် အစိုးရအာဏာကို ချုပ်ကိုင်ထားရန် အသုံးပြုသောနိုင်ငံရေးအဖွဲ့အစည်းနှင့် ကျင့်သုံးမှုဖြစ်သည်။
တိုင်းပြည်တစ်ပြည်တွင်(၁) အုပ်စိုးသောလူတန်းစားများ
(၂) လွတ်လပ်သောတိုင်းသူပြည်သားများ
(၃) လွတ်လပ်သောနိုင်ငံရေးရာကိစ္စရပ်များ ရှိရမည်။
ပြည်သူဦးဆောင်သော နိုင်ငံရေးတွင် ချမ်းသာကြွယ်ဝသောသူများ၊ တန်ခိုးအာဏာအတွက် မဖြစ်စေရန် အရင်းရှင်ဒီမိုကရေစီကို သတိပြုရမည်။ အရင်းရှင်ဒီမိုကရေစီသည် မျက်နှာဖုံးများတပ်ထားသော အာဏာရှင်စနစ် ဒီမိုကရေစီ ဖြစ်သည်ကြောင့် ဒီမိုကရေစီ နိုင်ငံရေးစနစ်အရ အစစ်အမှန် ကျင့်သုံးရန် အာမ မခံ(တာဝန်မယူနိုင်)ပေ။
လွတ်လပ်မှု ပေးနိုင်ရမည်
တိုင်းပြည်တစ်ပြည်တွင်-
(၁) နိုင်ငံရေး လွတ်လပ်တည်တံ့ခိုင်မြဲရေး
(၂) ပြည်သူအကျိုးစီးပွားဆောင်ရွက်ရေး
(၃) အာဏာရှင်စနစ် အကြွင်းအကျန်ရှင်းလင်းရေး
(၄) နယ်ချဲ့စီးပွားရေးလွှမ်းမှုကို ပယ်ဖျက်ရေး
(၅) ငြိမ်းချမ်းသည့် နိုင်ငံရေးမူဝါဒ ထွန်းကားရေးနှင့်
(၆) ယဉ်ကျေးမှုအရ နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရေး စသည်တို့ဖြင့် ရှိရမည်။
ဒီမိုကရေစီနိုင်ငံရေးမူအရ အာဏာစက်နှင့် အမြင့်ဆုံးသောဒီမိုကရေစီမူဝါဒ ကျင့်သုံးမှုရှိရမည်။ ဒီမိုကရေစီကို ဗဟိုချုပ်ကိုင်မှုဖြင့် ညီညွတ်မှုမရ၊ အထောက်အပံ့ဖြစ်နိုင်ရန် ဒီမိုကရေစီနိုင်ငံရေးစနစ်ကို ကန့်သတ်ချုပ်ချယ်ရေးနယ်ပယ်မှ လွတ်လပ်စွာ ကျင့်ဝတ်တရားဖြင့် ပြဋ္ဌာန်းလျှက် ပေးနိုင်ရမည်။
အကျိုးပြုရေးသာဖြစ်ရမည်
တိကျခိုင်မာသော လူမှုစနစ်တစ်ခု ဖြစ်လာနိုင်ရန် “အရင်း” (CAPITALISM)က အဓိက ကျသည်မဟုတ် အရာဝတ္ထုမဟုတ်၊ တိကျသော လူမှုဆက်ဆံရေး ဖြစ်ရန်သာလို၏။ အရာရှိဆိုးစနစ်(BUREAVCRACY)မဖြစ်ရ၊ စနစ်ချင်းမတူညီသော တိုင်းပြည်များနှင့် ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲ နေထိုင်ရေးမူဝါဒကို လက်ခံရမည်။
လူတန်းစားတစ်ရပါလုံး၏ အကျိုးစီးပွားသည် အယူအဆမဟုတ် သဘောတရားမဟုတ်၊ ဝါဒမဟုတ်၊ အမြတ်မဟုတ်၊ တရားဥပဒေကျင့်ဝတ်တရားနှင့် အတက်ပညာရေးဖြစ်သည်။ နိုင်ငံရေးသည် လူမျိုးချင်း မုန်းတီးရေးမဟုတ်၊ ကျွန်ပြုရေးမဟုတ်၊ စစ်ရေးမဟုတ်၊ ဖောက်ပြန်ရေးမဟုတ်၊ ဆန့်ကျင်ရေးမဟုတ်၊ အကျိုးပြုရေးသာဖြစ်ရမည်။
လောကပါလတရား
လူသားထုအတွင်း၌
(၁) တရားမျှတခြင်း
(၂) လွတ်လပ်ခြင်းနှင့်
(၃) ညီမျှခြင်းတည်းဟူသော (လောကပါလ) လောကကိုစောင့်ရှောက်သော တရားတော်များ ထွန်းကားပြည့်စုံမှုရှိရမည်။ လောက၌ အယုတ်တရားများကို မမှီဝဲခြင်း၊ မမေ့လျော့ခြင်း၊ လောကကိုကြည့်ရှုခြင်း၊ လောကကိုထွန်းလင်းစေခြင်း၊ မကောင်းမှုကို မဖုံးကွယ်ခြင်း၊ သစ္စာတရားကိုကျော်လွန်၍ မုသားစကားမပြောခြင်းတို့သည် လောကအတွက် (လူသားအတွက်) ငြိမ်းအေးမှုဖြစ်၏။ ဒီမိုကရေစီဖြစ်၏။
ခံစားခွင့်ရှိကြသည်
လူသားတို့သည် မကောင်းမှုကိုမပြုခြင်း၊ ကောင်းမှုကိုပြုခြင်း၊ စိတ်ကိုဖြူစင်စေခြင်းတို့သည် လူသာများအတွက် ကောင်းကျိုးတရားတို့ကို အတိအကျရစေသကဲ့သို့ သည်းခံကြခြင်း၊ မညှဉ်းဆဲကြခြင်း တို့သည်လည်း အခြခံလူမှုဘဝ နိုင်ငံရေးအတွက် ကောင်းကျိုးဖြစ်၏ လူမှုဘဝနိုင်ငံရေးစနစ်ဖြင့် တည်ထောင်သော တိုင်းပြည်တိုင်းတွင်-
(၁) ဥပဒေပြုရေးအာဏာ
(၂) အုပ်ချုပ်ရေးအာဏာနှင့်
(၃) တရားစီရင်ရေးအာဏာ တို့ကို ပိုင်းခြားသုံးစွဲကြရသည်။
ပိုင်းခြားသုံးစွဲ ခွဲဝေအပ်နှင်းမှုပြုထားသော အချုပ်အခြာအာဏာတရားတို့ကြောင့်-
(၁) တန်းတူညီမျှမှု အခွင့်အရေး
(၂) လွတ်လပ်မှုအခွင့်အရေး
(၃) တရားမျှတမှု အခွင့်အရေးတို့ကို ပြည်သူပြည်သားတိုင်း ခံစားခွင့် ရကြသည်။
တရားသောနိုင်ငံရေးစနစ်
နိုင်ငံရေးစနစ်တိုင်း၌ လူသားတို့၏ အကျိုးစီးပွားကို ဆောင်ရွက်ကြသည် လုပ်ဆောင်ကြသည်။
စစ်မှန်သောနိုင်ငံရေးစနစ်မှန်လျှင်
(၁) လူသားတို့၏ မျိုးနွယ်၊ ကိုးကွယ်ရာ ဘာသာအဆင့်အတန်း၊ လိင်၊ အသားအရောင်၊ အသက် အရွယ်ခွဲခြားခြင်း မရှိစေဘဲ ဥပဒေ၏ ရှေ့မှောက်တွင် တန်းတူအခွင့်အရေးရှိ၏
(၂) အသက်ရှင်ရပ်တည်မှု အခွင့်အရေးရှိ၏
(၃) လွတ်လပ်စွာ တွေးခေါ်ခွင့်၊ ယုံကြည်ခွင့်ရှိ၏
(၄) လူပုဂ္ဂိုလ်တစ်ဦးအဖြစ် တရားဝင်အသိအမှတ်ပြုပိုင်ခွင့် ရှိပြီး လူ့သိက္ခာထိပါးစော်ကားခြင်းမရှိရ။
(၅) ကျွန်ပြုခြင်းမရှိရ။
(၆) အဓမ္မစေခိုင်းခြင်းမရှိရ။
(၇) နှိပ်စက်ညှင်းပန်းခြင်း၊ ရက်စက်၍ လူမဆန်သော ပြုမူဆက်ဆံမှုမရှိရခြင်း တို့သည် တရားသောနိုင်ငံရေးစနစ်၏ အနှစ်သာဖြစ်သည်။
နိဂုံး
အကျင့်သီလဉာဏ်အမြင်နှင့် ပြည့်စုံပြီး တရား၌တည်ကာ အမှန်တရားကိုသိတက်၍ မိမိ၏ ပြုဖွယ်အမှုကိစ္စ တို့ကို လူအပေါင်းတို့၏ ချစ်ခင်မြတ်နိုးမှုရှိရန်အတွက် လူသားတိုင်းကို ဆင်းရဲဒုက္ခအပေါင်းမှ မကျရောက်စေဘဲ
(၁) အကြမ်းမဖက်ခြင်း
(၂) အမုန်းမစွက်ခြင်း
(၃) ငြိမ်းချမ်းခြင်း ဟူသော တရားရှိခြင်းသည်သာ “ကမ္ဘာ့ဒီမိုကရေစီ”၏ အနှစ်သာရဟုန် မှန်ကြောင်း ဖြစ်ပါတည်း။
