နေပြည်တော် အောက်တိုဘာ ၁၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌဦးနန္ဒကျော်စွာမှ ဂျာမနီနိုင်ငံ၊ ဖရက်ဒရစ်နော်မန် ဖောင်ဒေးရှင်း၏ အပြည်ပြည်ဆိုင်ရာဌာန အကြီးအကဲဖြစ်သူ Mr. Ulrich Niemann ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ (၁၅း၃၀) နာရီအချိန်တွင် နေပြည်တော်ရှိလွှတ်တော် ရေးရာဆောင် (I-1) ၌ လက်ခံတွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင်ဖရက်ဒရစ်နော်မန်ဖောင်ဒေးရှင်း ရုံးခွဲဖွင့်လှစ်ခြင်း ဆိုင်ရာကိစ္စရပ်များ၊ ဖရက်ဒရစ်နော်မန် ဖောင်ဒေးရှင်း၏ လုပ်ငန်းဆောင်တာကိစ္စရပ်များ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ ဂျာမနီနိုင်ငံနှင့် မြန်မာနိုင်ငံလွှတ်တော် ( ၂ ) ရပ်ကြား ချစ်ကြည်ရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့်အတူ စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးအေးမောက်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအဖွဲ့ဝင် ဦးဝင်းသန်း၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး၊ ဂျာမနီနိုင်ငံ၊ ဖရက်ဒရစ် နော်မန်ဖောင်ဒေးရှင်း၏ အပြည်ပြည်ဆိုင်ရာဌာန အကြီးအကဲဖြစ်သူ Mr.Ulrich Niemann နှင့် အတူအဖွဲ့ဝင်များ တက်ရောက်ကြပါသည်။ (သတင်းစဉ်)
