နေပြည်တော် အောက်တိုဘာ ၂၁
ယနေ့ကျင်းပသည့် ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဦးသိန်းညွှန့်မှ ကလေးသူငယ်ဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ၉/၉၃) ကို ပြင်ဆင်သည့်ဥပဒေကြမ်းကို လွှတ်တော်မှ လက်ခံဆွေးနွေးရန် အဆိုတစ်ရပ်တင်သွင်းခဲ့ရာ ယင်းအဆိုနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ် ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက ထောက်ခံဆွေးနွေးခဲ့ပြီး
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးမြင့်အောင် တို့မှ ကန့်ကွက်ဆွေးနွေးခဲ့ကြပါသည်။ အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ အဆိုကို လွှတ်တော်မှ လက်ခံဆွေးနွေးရန် ထောက်ခံမဲ ၁၉ မဲသာရရှိသဖြင့် အဆိုရှင် ဦးသိန်းညွန့်၏ ဥပဒေကြမ်း ပြင်ဆင်ချက်အဆိုကို ဆက်လက်ဆွေးနွေးရန်မရှိကြောင်း ဆုံးဖြတ်ခဲ့ပါသည်။
