ဥပဒေပြုလွှတ်တော်များနှင့် ပြည်ထောင်စုအစိုးရအဖွဲ့၊ ဥပဒေပြုရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီတို့၏ လုပ်ငန်းဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိအစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီး၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၊ ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ၊ ကော်မရှင်များမှ တာဝန်ရှိသူများ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယကက အမှာစကားပြောကြားရာ၌ ယနေ့ကာလတွင် လွှတ်တော် များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဥပဒေပြုရေး တာဝန်ကို ယူကြရသည်ဖြစ်ကြောင်း၊ ဥပဒေပြုရေး၊ အုပ်ချုပ် ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်များအနေဖြင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းရန် လိုအပ်ပါကြောင်း၊ လွှတ်တော်များသည် ဥပဒေပြုရေး တာဝန်ကို အဓိကထမ်းဆောင် ရခြင်းဖြစ်သည့်အတွက် ဥပဒေများကို ပြုရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်နှင့်နိုင်ငံသားများ အကျိုးစီးပွားအတွက်လည်းကောင်း၊ နိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်စောင့် ရှောက်ရန်အတွက်လည်းကောင်း၊ ဥပဒေများကို ပြဋ္ဌာန်း ရာတွင် ပြည်သူကို ကိုယ်စားပြုသည့်လွှတ်တော်ကိုယ်စား လှယ်များဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော်ကသာ ဆောင်ရွက် ရသည် ဖြစ်ကြောင်း။
ပြဋ္ဌာန်းရေးဆွဲသည့် ဥပဒေတစ်ရပ်သည် ဥပဒေကောင်း တစ်ရပ်အဖြစ် ပေါ်ပေါက်လာစေရန် ဥပဒေပညာရှင်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သင့်ကြောင်း၊ မိမိတို့ လွှတ်တော် အနေဖြင့် ဥပဒေနှင့်အညီ တာဝန်များကိုထမ်းဆောင်လျက်ရှိ နေသကဲ့သို့ အခြားသူများ အနေဖြင့်လည်း စည်းကမ်းရှိစွာ ဝိုင်းဝန်းပါဝင် ဆောင်ရွက်သင့်ကြောင်း၊ မဏ္ဍိုင် (၃) ရပ် တွင် ရှိနေသူများ အနေဖြင့် ခေတ်စနစ်ကိုနားလည်ရန လိုအပ်သကဲ့သို့ တာဝန်အရ ဥပဒေနှင့်အညီ လုပ်ဆောင်နေခြင်းကို နားလည် လက်ခံကြရမည် ဖြစ်ပါကြောင်း။ မိမိတို့လွှတ်တော်၏ လုပ်ဆောင်ချက်များအပေါ်တွင် လည်း မည်သူမဆို ဝေဖန်၊ ထောက်ပြ၊ အကြံပြု၊ ဆွေးနွေးနိုင်ပါကြောင်း၊ နယ်နိမိတ် အပိုင်းအခြား ကန့်သတ် ထားသည့် မြေကြီးသက်သက်ပေါ်တွင်သာ ပြည်သူများရှိမှသာနိုင်ငံဟု ခေါ်တွင်နိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ် ၍နိုင်ငံအတွင်းရှိ ပြည်သူလူထု၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဖြစ်ရာ ဘက်စုံကဏ္ဍစုံမှ ဝိုင်းဝန်းညှိနှိုင်း ဆောင်ရွက်နိုင်မည် ဆိုပါက ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း၊ ပြည်သူများ အကျိုးဖြစ်ထွန်းစေမည့် သို့တည်းမဟုတ် အကျိုးဖြစ်ထွန်း နိုင်စေမည်ဟု ယူဆနိုင်မည့် ဥပဒေများကို လွှတ်တော်က ပြဋ္ဌာန်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင် အောင်မြင့်က အမှာစကားပြောကြားရာတွင် ခေတ်သစ်၊ စနစ်သစ်အရ အာဏာ (၃)ရပ် ပိုင်းခြား ကျင့်သုံးလျက်ရှိ ရာတွင် တာဝန်ရှိသူများအနေဖြင့် လိုအပ်သလို ပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင်လည်း အချင်းချင်းလွဲမှားသော အထင် အမြင်များမပေါ်ပေါက်စေရန် သတိပြုဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး၊ ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး နှင့် အစည်းအဝေးသို့ တက်ရောက်လာ ကြသူများက ပြည်ထောင်စုလွှတ်တော် နာယကနှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌတို့ ရှင်းလင်းဆွေးနွေးပြောကြားမှုများ အပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။ ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့က နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
