ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြည်တွင်း၊ ပြည်ပ မီဒီယာများနှင့် တွေ့ဆုံပွဲကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် လက်ရှိအချိန်တွင် ပါတီတွင်း ဒီမိုကရေစီစနစ်ကျင့်သုံးနေပြီး မည်သည့်ပါတီနှင့် မဆို မိမိတို့ပါတီ၏ ဒီမိုကရေစီကျင့်စဉ်ကို တိုင်းတာခံရဲသည်ဟု ပြည်ထောင်စုလွှတ်တော် နာယက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့လွှတ်တော်ဝင်းအတွင်းရှိ ဇမ္ဗူသီရိဧည့်ခန်းမဆောင်တွင် ကျင်းပသော သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ၌ ပြောကြားသည်။

<--break->

ပါတီတွင်း ဒီမိုကရေစီ

သူရဦးရွှေမန်းက “ပါတီတွင်းမှာ အရင်က ဗဟိုဦးစီးစနစ် ဘယ်လိုပဲ ချမှတ်ခဲ့ပါစေ။ ဒီနေ့ ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ကျင့်သုံးဖို့ တိုက်တွန်းအားပေးတယ်။ မဖြစ်မနေဆောင်ရွက်ထားတယ်။ လက်ရှိအချိန်မှာ ပါတီတွင်းမှာ ဒီမိုကရေစီစနစ်ကျင့်သုံးနေပြီဖြစ်တယ်။ ဘယ်လိုပါတီနဲ့ဖြစ်ဖြစ် မိမိတို့ပါတီရဲ့ ဒီမိုကရေစီကျင့်စဉ်ကို တိုင်းတာခံရဲတယ်” ဟုဆိုသည်။

ဝေဖန်မှုကိုခံယူရမည်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ရေးဆွဲရာတွင်ရော ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ် ဖော်ဆောင်သည့်နေရာတွင် ပါဝင်ခဲ့ပြီး ယခင်အသင်းဘဝနှင့် ယခုပါတီဘဝတွင်ပါ ဝေဖန်မှုများ၊ ပုတ်ခတ်မှု များနှင့်ကြုံတွေ့ခဲ့ရပြီး ယင်းဖြစ်ရပ်သည် အကြောင်းများရှိ၍ သဘာဝကျပါကြောင်း၊ အဆိုပါဖြစ်ရပ်များကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များက ခံယူရမည်ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။ ပါတီဝင်များ အနေဖြင့် “ကျွန်တော်နဲ့မဆိုင်ဘူး၊ ကျွနု်ပ်လုပ်တာမဟုတ်ဘူးဆိုပြီး ပြောလို့မရပါဘူး” ဟုလည်း ဆိုသည်။

အခြေခံဥပဒေပြင်ဆင်ရာတွင် ပြည်ခိုင်ဖြိုးပါတီ ပါဝင်မည်

အဆိုပါမီဒီယာတွေ့ဆုံပွဲ၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေး၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပါဝင်မည်လားဟု မေးမြန်းသည်များကို သူရဦးရွှေမန်းက မိမိတို့ပါတီက နိုင်ငံနှင့် နိုင်ငံသားများ အကျိုးစီးပွားအတွက် လိုအပ်သည့်အချက်များကို ပြင်ဆင် သွားမည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်ဖြစ်ရန် ယခင်အစိုးရက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း နှင့်အတူ ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အခြေခံဥပဒေပြင်ဆင်သည့်နေရာတွင် ယနေ့ခေတ်ကာလနှင့် လိုက်လျောညီထွေရှိရန်လိုပြီး ဥပဒေနှင့်ညီရန် လိုကြောင်း၊ အခြေခံဥပဒေပြင်ဆင်ရေးတွင် ကြံ့ခိုင်ရေးပါတီအနေဖြင့် ပါဝင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏အဆုံးအဖြတ်

ပါတီတွင်း အဆုံးအဖြတ်များသည် ဦးရွှေမန်း၏အမိန့်မဟုတ်ဘဲ ပါတီ၏ဗဟိုအလုပ်အမှုဆောင်များ၏ အဆုံးအဖြတ်သာ ဖြစ်ကြောင်း၊ မိမိမှ ဖြစ်သင့်တာကို တင်ပြခြင်းသာရှိ၍ ဗဟိုအလုပ်အမှုဆောင်များက ဆုံးဖြတ်ခြင်းဖြစ်ပြီး အဆိုပါရလဒ် ဆုံးဖြတ်ချက် များသည် ပါတီ၏ အဆုံးအဖြတ်ဖြစ်သည်ဟု ဆိုသည်။ ပါတီဥက္ကဋ္ဌက “မိမိတို့ ပါတီဝင်များကိုလဲ ပြုပြင်ပြောင်းလဲထားတဲ့ ပါတီစုံ ဒီမိုကရေစီစနစ်မှာ ပြည်သူများနဲ့ ဆက်သွယ်ဆောင်ရွက်တဲ့အခါ ဒီမိုကရေစီနည်းကျ ဆောင်ရွက်ပါ၊ ပါတီဝင်များရဲ့ အပြုအမူကြောင့် ပါတီအပေါ် အထင်အမြင်လွဲတာလဲ မရှိစေနဲ့” ဟု မှာကြားထားကြောင်း ပြောကြားသည်။

မူရင်းသတင်း=> ပြည်ထောင်စု နေ့စဉ်သတင်းစာ

Standard (Image)