ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Samdech Akka Moha Sena Padei Techo Hun Sen နှင့်တွေ့ဆုံ

နေပြည်တော်- ဒီဇင်ဘာ ၂၄

ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Samdech Akka Moha Ponhea Chakrei Heng Samrin ၏ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သော ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသော သူရဦးအေးမြင့်၊ ဦးလှမြင့်ဦး၊ ဦးဋ္ဌေးမြင့်၊

<--break->

အတွင်းရေးမှူးများဖြစ်ကြသော ဦးမောင်တိုး၊ ဦးတင်မောင်ဦး၊ အဖွဲ့ဝင် ဦးဝင်းသန်းနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသံအမတ်ကြီး ဦးချိုထွန်းအောင် တို့လိုက်ပါလျက် ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၉ နာရီချိန်တွင် ကမ္ဘောဒီးယားနိုင်ငံ Peace Palace၊ အထူးဧည့်သည်တော်များ ဧည့်ခန်းမဆောင်၌ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Samdech Akka Moha Sena Padei Techo Hun Sen နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြသည်။

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော မြန်မာလွှတ်တော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလ ၂၁ ရက်နေ့ ၁၈း၃၅ နာရီချိန်တွင် ဖနောင်ပင်မြို့မှ ဆီရမ်ရိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိရာ ပြည်ထောင်စုလွှတ်တော် နာယကနှင့် မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဆီရမ်ရိပြည်နယ်အုပ်ချုပ်ရေးမှူး H.E. Mr. Khim Bun Song နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် ၁၉း၀၀ နာရီချိန်တွင် Sokha Hotel ၌ ပြည်ထောင်စုလွှတ်တော် နာယက နှင့် မြန်မာလွှတ်တော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား  ဆီရမ်ရိပြည်နယ်အုပ်ချုပ်ရေးမှူး H.E. Mr. Khim Bun Song က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့ ၀၈း၀၀ နာရီချိန်တွင် ပြည်ထောင်စုလွှတ်တော် နာယက နှင့်မြန်မာ လွှတ်တော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် Angkor Wat ဘုရားကျောင်း သို့ရောက်ရှိ လေ့လာရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော မြန်မာလွှတ်တော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလ ၂၂ ရက်နေ့ ဒေသစံတော်ချိန် ၁၃း၂၅ နာရီချိန်တွင် လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာလာရာ ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကမ္ဘောဒီးယားနိုင်ငံ၊ အမျိုးသားလွှတ်တော်၊ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေး၊ သတင်း၊ မီဒီယာနှင့် နိုင်ငံခြားရေးရာကော်မရှင်ဥက္ကဋ္ဌ H.E. Mr. Chheang Vun နှင့် ကမ္ဘောဒီးယားနိုင်ငံ၊ အမျိုးသားလွှတ်တော် မှ တာဝန်ရှိသူများ၊ ဆီရမ်ရိပြည်နယ်အုပ်ချုပ်ရေးမှူး H.E. Mr. Khim Bun Song၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသံအမတ်ကြီး ဦးချိုထွန်းအောင်နှင့် တာဝန်ရှိသူများက လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။ (သတင်းစဉ်)

Standard (Image)