ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ချင်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် များအား မတ်လ ၂၇ ရက်နေ့၊ မွန်းလွဲ ၂ နာရီတွင် ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ပြည်ထောင်စုရိပ်သာ အစည်းအဝေးခန်မ၌ တွေ့ဆုံ၍ ဥပဒေပြုရေး၊ ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနှင့် လွှတ်တော် အတွေ့အကြုံများကို  ရှင်းလင်းပြောကြားသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယနေ့ကာလသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလဖြစ်ကြောင်း၊ မိမိတို့နိုင်ငံကို ဒီမိုကရေစီစနစ်ထွန်းကားရန်၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက် နေပြီဖြစ်ကြောင်း၊ သို့မှသာ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလ တရားများလည်း ထွန်းကားလာမည် ဖြစ်ကြောင်း။

ဒီမိုကရေစီအခွင့်အရေးများရရှိမှ တရားဥပဒေစိုးမိုးမှုရှိမည်ဖြစ်ပြီး နိုင်ငံသူနိုင်ငံသားများ၏ ဘဝလုံခြုံမှု၊ စိတ်လုံခြုံမှုရှိမည်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးမှုရှိမှ တိုင်းပြည် တည်ငြိမ်အေးချမ်းမည်ဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးရရှိမည်ဖြစ်ပါကြောင်း၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးလုပ်ငန်းများ ဆောင်ရွက်ရသည့် မဏ္ဍိုင်ကြီး (၃)ရပ်သည် တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ရပါကြောင်း၊ မဏ္ဍိုင်(၃)ခုသည် တစ်ခုနှင့်တစ်ခု လွှမ်းမိုးခြင်း၊ ဝင်ရောက်စွက်ဖက်ခြင်းမျိုး ပြုလုပ်၍မရပါကြောင်း၊ အပြန်အလှန်သာ ထိန်းကျောင်းနိုင်ပါကြောင်း။

မေးမြန်းသည့်မေးခွန်း၊ တင်သွင်းသည့် အဆိုများသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ထိပါးနိုင်သည့် ကိစ္စရပ်များ၊ နိုင်ငံတော်လျှို့ဝှက်ကိစ္စရပ်များ ဖြစ်၍ မရပါကြောင်း၊ ထို့ကြောင့် ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများတွင် ပါရှိသည့် မေးခွန်း၊ အဆိုတို့နှင့်စပ်လျဉ်းသည့် စည်းကမ်းချက်များ၊ ကန့်သတ်ချက်များကို လိုက်နာ ကြရန်လိုကြောင်း။

ဥပဒေပြဋ္ဌာန်းရာတွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးရှိသည့် ဥပဒေ ဖြစ်ရန်လိုကြောင်း၊ ပြည်သူလူထု၏ အကျိုးစီးပွားဖြစ်ထွန်းစေရန် တည်ဆဲဥပဒေများကို ပြန်လည်သုံးသပ်ခြင်း၊ ခေတ်ကာလအခြေအနေတို့နှင့် လိုက်လျောညီထွေမှုမရှိသည့် ဥပဒေများကို ပြင်ဆင်ဖြည့်စွက်ခြင်း ပြုလုပ်ရန်လိုကြောင်း၊ ထို့ပြင် ပြည်သူများ လေးစား လိုက်နာနိုင်သည့် ဥပဒေဖြစ်ရန်လည်း အထူးလိုအပ်ပါကြောင်း။

ဒီမိုကရေစီနိုင်ငံတည်ဆောက်မည်ဆိုပါက သဘောထားကြီးခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်း၊ နားလည်မှုရှိခြင်း၊ ယုံကြည်မှု ရှိခြင်းများဖြင့် တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အနာဂတ်မျိုးဆက်များအတွက် အားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ၏ ပြယုဂ်သည် လွှတ်တော်များ ဖြစ်သည့်အတွက် လွှတ်တော်လုပ်ငန်းစဉ်များ ခိုင်မာအားကောင်းစွာ လည်ပတ်နိုင်ရန် မိမိတို့လွှတ်တော်ကိုယ်စားလှယ်များက အစဉ်ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ ဖော်ဆောင်ရာတွင် လက်ရှိအခြေအနေထက် ပိုမိုကောင်းမွန်သည့် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုရှိရန် ကိုယ်စားလှယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အစဉ်ရှေးရှု ဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်းရင်းသားများ၏ အခွင့်အရေးများကို အလေးထား ဆောင်ရွက် နေသည်မှာလည်း အားလုံးအသိပင် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအဆင့်နှင့် ပြည်နယ် အဆင့် အဖွဲ့အစည်းများတွင်လည်း တိုင်းရင်းသားများကို ထိုက်သင့်သည့် နေရာများပေး၍ ထည့်သွင်း ဖွဲ့စည်းထားရှိပါကြောင်း။

ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်း၊ အပြန်အလှန်ထိန်းကျောင်းခြင်းတို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ Check and Balance ပြုလုပ်တဲ့နေရာမှာ ကန့်သတ်ချက်ဘောင်များကို ကျော်လွန်ပြီး ဝင်ရောက် စွက်ဖက်ခြင်းမျိုး မဖြစ်ရအောင် အထူးသတိပြုရန်လိုကြောင်း၊ မိမိတို့ မဲဆန္ဒနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မဆန့်ကျင်အောင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပေါင်းစပ်ခွင့်ရှိပါကြောင်း ပြောကြားသည်။

ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များနှင့် လွှတ်တော်တွင်း ဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြကြပြီး သိရှိလိုသည်များကို မေးမြန်းရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ဒုတိယဥက္ကဌ ဦးအောင်သန်း၊ ပြည်နယ်ဝန်ကြီးများ၊  ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်ရှိ ချင်းပြည်နယ်လွှတ်တော်ရုံးတည်ဆောက်မည့် မြေနေရာအား သွားရောက်ကြည့်ရှုစစ်ဆေး ရာ ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။

ယင်းနောက် ဟားခါးမြို့၊ အိပ်မက်တော်ရသစ္စာအောင်မြေကုန်းတော်၊ ဇေတဝန် တောရကျောင်းတိုက်၏ လက်ထောက်ဆရာတော် ဦးဇဋိတနှင့် ဟားခါးမြို့ပေါ်ရှိ သာသနာ ပြုဆရာတော် ၈ ပါးအား ပြည်သူ့လွှတ်တော်ဥက္ကဌမှ သွားရောက် ဖူးမြော်ကြည်ညို၍ သင်္ကန်း၊ ဆေးဝါး စသည့်လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ဟားခါးချင်းနှစ်ခြင်းအသင်းတော်သို့ သွားရောက်၍ အသင်းဝင်များအား တွေ့ဆုံနှုတ်ဆက်စကားပြောကြားကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

နေ့လည် ၁၂ နာရီခွဲတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ၂၀၁၅ ခုနှစ်၊ ဇူလိုင်လအတွင်း သဘာဝဘေးအန္တရာယ်ဖြစ်စဉ်ကြောင့် ရုန်းတောင်ပြိုကျခဲ့သည့်  နေရာအား သွားရောက် ကြည့်ရှုစစ်ဆေးရာ ချင်းပြည်နယ်၊ စည်ပင်သာယာရေးအဖွဲ့၊ ညွန်ကြားရေးမှူး ဦးထလာဟရဲနှင့် ပြည်နယ်ဆည်မြောင်းဦးစီးဌာန ဦးစီးမှူး ဦးတင်အေး တို့က ရုန်းတောင် ကာကွယ်ရေး လုပ်ငန်းဆောင်ရွက်ခြင်း အခြေအနေနှင့် ဟားခါးမြို့အား သဘာဝဘေးမှ ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြည်သူ့လွှတ်တော်ဥက္ကဌမှလိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။

၂၀၁၇ ခုနှစ်၊ မတ်လ ၂၇ ရက်

 

Standard (Image)