နေပြည်တော်- ဒီဇင်ဘာ ၂၃
ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Samdech Akka Moha Ponhea Chakrei Heng Samrin ၏ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သော ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသော သူရဦးအေးမြင့်၊ ဦးလှမြင့်ဦး၊ ဦးဋ္ဌေးမြင့်၊

အတွင်းရေးမှူးများဖြစ်ကြသော ဦးမောင်တိုး၊ ဦးတင်မောင်ဦး၊ အဖွဲ့ဝင် ဦးဝင်းသန်းနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ သံအမတ်ကြီး ဦးချိုထွန်းအောင် တို့လိုက်ပါလျက် ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် ကမ္ဘောဒီးယားနိုင်ငံ ဘုရင့်နန်းတော်သို့ရောက်ရှိရာ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Kong Som Ol က ခရီးဦးကြို နှုတ်ဆက်ခဲ့သည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကနှင့် မြန်မာလွှတ်တော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ကမ္ဘောဒီးယားနိုင်ငံ ဘုရင် His Majesty Preah Karona Preah Bat Samdech Baromneath Norodom Sihamoni က တွေ့ဆုံနှုတ်ဆက်သည်။ ၎င်းနောက် ကမ္ဘောဒီးယားနိုင်ငံ ဘုရင့်နန်းတော် အထူးဧည့်သည်တော်များ ဧည့်ခန်းမဆောင်၌ ပြည်ထောင်စုလွှတ်တော် နာယကနှင့် ကမ္ဘောဒီးယားနိုင်ငံဘုရင်တို့သည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မြဲရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင် ပြောင်းလဲမှု ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ နှစ်နိုင်ငံလွှတ်တော်အချင်းချင်း၊ အစိုးရ အချင်းချင်း၊ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကနှင့် အဖွဲ့ဝင်များသည် ညနေ ၅ နာရီအချိန်တွင် ကမ္ဘောဒီးယားနိုင်ငံ ဘုရင့်နန်းတော်မှ ပြန်လည်ထွက်ခွာခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလ ၂၀ ရက်နေ့ ၁၅း၀၀ နာရီချိန်တွင် ကမ္ဘောဒီးယားနိုင်ငံ ဘုရင့်နန်းတော်သို့ ရောက်ရှိလေ့လာရာ ပြည်ထောင်စုလွှတ်တော်နာယကနှင့် အဖွဲ့ဝင်များအား သက်ဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ကမ္ဘောဒီးယားနိုင်ငံ ဘုရင့်နန်းတော်အတွင်း လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြသည်။
ဒီဇင်ဘာလ ၂၁ ရက်နေ့ ၁၂၀၀ နာရီချိန်တွင် ပြည်ထောင်စုလွှတ်တော် နာယက နှင့် မြန်မာလွှတ်တော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၊ သတင်း၊ မီဒီယာနှင့် နိုင်ငံခြားရေးရာ ကော်မရှင်ဥက္ကဋ္ဌ H.E. Mr. Chheang Vun က Sokha Club ဟိုတယ်၌ နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ (သတင်းစဉ်)
