ရန်ကုန် ဒီဇင်ဘာ ၂၂
ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ House of Representative ဥက္ကဋ္ဌ H.E.Mr.Marzuki Alieနှင့် ကမ္ဘောဒီးယားနိုင်ငံ National Assembly ဥက္ကဋ္ဌ H.E.Mr.Samdech Akka Moha Ponhea Chakrei HENG SAMRIN တို့၏ ဖိတ်ကြားချက်အရ အင်ဒိုနီးရှားနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့ပြီး ယနေ့ည ၇ နာရီတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည် ရောက်ရှိလာသည်။

ပြည်ထောင်စုလွှတ်တော်နာယကနှင့် အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ ကမ္ဘောဒီးယား သံအမတ်ကြီး နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဌေးမြင့်၊ ပြည်သူ့ငွေစာရင်းကော်မတီ အတွင်းရေးမှူး ဦးမောင်တိုး၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီအတွင်းရေးမှူး ဦးတင်မောင်ဦး၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီအဖွဲ့ဝင် ဦးဝင်းသန်းနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ ပြန်လည်လိုက်ပါလာကြသည်။
(သတင်းစဉ်)
